CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ဆောင်ခလာ (Songkhla) ပြည်နယ်၊ ဆာဒါအို (Sadao) မြို့နယ်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် မလေးရှားနိုင်ငံ၏ ဘူကစ် ကာယူဟီတမ် (Bukit Kayu Hitam) စစ်ဆေးရေးဂိတ်ကို ဆက်သွယ်ထားသည့် လမ်းကို ယခုနှစ်ပထမ ၃ လပတ် ကာလအတွင်း အပြီးသတ် ဖောက်လုပ်ရန် ဖေဖော်ဝါရီ ၁၈ ရက်က ညွှန်ကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် ဖေဖော်ဝါရီ ၁၈ ရက်က ဆောင်ခလာပြည်နယ်တွင် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နိုင်ငံတောင်ပိုင်းတွင်ရှိသည့် ထိုပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအချို့ကို စစ်ဆေးလေ့လာခဲ့သည်။
အမှတ် ၂ ဆာဒါအို နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်ချိန်အတွင်း ပေတုန်တန်သည် ၂၀၁၉ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည့် နယ်စပ်လမ်းဖောက်လုပ်မှုကို လေ့လာခဲ့ပြီး ထိုလမ်းဖောက်လုပ်မှုသည် မပြီးဆုံးသေးသဖြင့် ယာယီရပ်နားထားရဆဲဖြစ်သည်။
ဆောင်ခလာပြည်နယ် အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက နယ်စပ် ကုန်သွယ်ရေးနှင့် ခရီးသွား လာရေးကဏ္ဍကို မြှင့်တင်ရန်အတွက် ဘတ် ၉၈ သန်းတန် ဘတ်ဂျက်အောက်တွင် စစ်ဆေးရေးဂိတ်၌ လမ်းမ ၂ ခု ဖောက်လုပ်ရေးကို အတည်ပြုခဲ့သည်။
ပထမလမ်း စီမံကိန်းမှာ ထိုင်းနှင့် မလေးရှား၏ နယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုကို ဆက်သွယ်မည့် မီတာ ၆၀၀ အရှည်ရှိသည့် လမ်းမတစ်ခု ဖောက်လုပ်ရေးဖြစ်ပြီး ဘတ် ၂၈ သန်း ဘတ်ဂျက်ဖြင့် ၆ လအတွင်း အပြီးသတ် တည်ဆောက်ရန် စီစဉ်ထားသည်။
မလေးနဲ့ထိုင်း ကုန်သွယ်ရေးလမ်းဖောက်မယ့် စီမံကိန်းကို ပြသထားစဉ်
ဒုတိယစီမံကိန်းမှာ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် အမှတ် ၄ အဝေးပြေးလမ်းမကို ဆက်သွယ်မည့် ၁ ဒသမ ၁၅ ကီလိုမီတာ ရှည်လျားသည့် လမ်းတစ်ခု ဖောက်လုပ်ရန်ဖြစ်ပြီး ဘတ် ၇၀ သန်း ဘတ်ဂျက်ဖြင့် ၁ နှစ်အတွင်း အပြီးသတ် တည်ဆောက်ရန် စီစဉ်ထားသည်။
ပေတုန်တန်ကမူ ပထမလမ်းစီမံကိန်းကို ယခုနှစ် ပထမ ၃ လပတ် ကာလအတွင်း အပြီးဖောက်လုပ်ရန်နှင့် ဆောင်ခလာ-မလေးရှား နယ်စပ်လမ်းသစ်ကို ဖွင့်လှစ်ရန် ပြည်နယ်အာဏာပိုင်များကို အမိန့်ပေးခဲ့သည်။
ဆာဒါအိုစစ်ဆေးရေး စခန်းမှတဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဘတ် ၄၅၀ ဒသမ ၁၈ သန်း ရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမ ၃ လပတ် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွင် သွင်းကုန်တန်ဖိုး ဘတ် ၅၁ ဒသမ ၂၈ ဘီလျံရှိခဲ့ပြီး ပို့ကုန်တန်ဖိုး ဘတ် ၆၂
ဒသမ ၇၉ ဘီလျံရှိခဲ့ကာ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူကထက် ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Source: The Nation