CNI International News
ဘန်ကောက်၊ ဇွန်လ ၃
နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ ရပ်တန့်သွားမည်ဆိုပါက စီးပွားရေး ထိခိုက်စေနိုင်သည့် စိုးရိမ်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ တောင်းဆိုချက်ကြောင့် ကမ္ဘောဒီးယားနှင့်ထိစပ်နေသော နယ်စပ်ကိုမပိတ်ရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra ) က ထိုင်းစစ်တပ်ကို တိုက်တွန်းခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ် တစ်နေရာဖြစ်သည့် Chong Bok ဒေသတွင် နှစ်နိုင်ငံစစ်သားများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေချိန်၌ စစ်တပ်အနေဖြင့် ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်။
ကမ္ဘောဒီးယားတပ်ဖွဲ့အချို့သည် ထိုင်းနယ်နိမိတ်အတွင်း ဝင်ရောက်ခဲ့ပြီး လက်နက်ကြီးများကို ထိုင်းဘက်သို့ မျက်နှာမူပြီး ဖြန့်ကြက်ချခဲ့ကြောင်း ထိုင်းစစ်တပ် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထိုင်း၏ အချုပ်အခြာ အာဏာပိုင်နယ်မြေဟု ယူဆထားသည့် နယ်မြေများအတွင်းသို့ ကမ္ဘောဒီးယားတပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်မှုကို ထိုင်းတော်ဝင်စစ်တပ်က အစိုးရအဖွဲ့ကို အသိပေးထားသည်ဟုလည်း ဆိုသည်။
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်နဲ့ လုံခြုံရေးအရာရှိတွေကိုတွေ့ရစဉ်
ထိုအခြေအနေကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် ထိစပ်နေသော နယ်စပ်အားလုံးကို ပိတ်ရန် အဆိုပြုခဲ့ပြီး ယခုကဲ့သို့ အရေးမယူဘဲ စောင့်ကြည့်နေခြင်းသည် ကျူးကျော်မှုကို လက်ခံသည့်သဘော သက်ရောက်သွားနိုင်ကြောင်း စစ်တပ်က သတိပေးခဲ့သည်။
သို့သော် အစိုးရအဖွဲ့ကမူ စီးပွားရေးအပေါ် သက်ရောက်မှု အလားအလာ၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အစရှိ သည့် အခြေအနေများကြောင့် ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်းမပြုရန် အကြံပြုထားသည်။
ယခုပြဿနာကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် အရေးကြီးကြောင်း၊ အထူးသဖြင့် ဇွန်လလယ်ပိုင်းတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မတီ (JBC) အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဆိုင်ဟာ (Tea Seiha) ကလည်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကို ဖုန်းခေါ်ပြီး နယ်စပ်ကို မပိတ်ရန် တောင်းဆိုခဲ့သည်။
ထို့ကြောင့် ပေတုန်တန်နှင့် ဖွမ်သမ်တို့က နှစ်နိုင်ငံ စစ်တပ်အချင်းချင်း တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် နယ်စပ်ကို မပိတ်ဘဲ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ထိုင်းစစ်တပ်ကို တိုက်တွန်းခဲ့သည်။
Source: The Nation