CNI Internatonal News
ဘန်ကောက်၊ ဇွန်လ ၁၇
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဒေသစစ်ဆေးရေးဂိတ်များကို ၂၄ နာရီအတွင်း အပြည့်အဝ ပြန်ဖွင့်ပေးရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) က သတိပေးခဲ့ပြီးနောက် ခြိမ်းခြောက်မှုများကို အလျှော့ပေးမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ပြောကြားခဲ့ သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာပူးတွဲကော်မတီ (JBC) အစည်းအဝေး၏ ရလဒ်များကို ဆွေးနွေးခဲ့သည့် ၂ နာရီကြာ အစည်းအဝေးအပြီးတွင် ပေတုန်တန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
JBC အစည်းအဝေးသည် အောင်မြင်မှုရှိပြီး နှစ်ဖက်စလုံးက ဆွေးနွေးညှိနှိုင်းမှု မူဘောင်နှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ဆွေးနွေးမှုများကို လုပ်ငန်းလည်ပတ်ရေးအဆင့်မှ ဝန်ကြီးချုပ်ရုံးအဆင့်အထိ အလွှာပေါင်းစုံတွင် ပြုလုပ်ခဲ့ပြီး ထိုင်းဘက်မှ ဗိုလ်ချုပ်ကြီး နက်တာပို နက်ပါနစ် (Nattapol Nakpanit) ဦးဆောင်သည့် လုပ်ငန်းရေးရာအဖွဲ့သစ် တစ်ခုကို ထူထောင်ခဲ့သည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
JBC အစည်းအဝေး တက်ရောက်ကို တွေ့ရစဉ်
မေလ ၂၈ ရက်က ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုနယ်စပ်များ ထိတွေ့သည့် မြတြိဂံ (Emerald Triangle) ဟု လူသိများသည့် နယ်စပ်ဒေသတွင် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်သားများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကမူ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဒေသ ဖြတ်သန်းသွားလာမှုတွင် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းရန် ဇွန်လ ၁၆ ရက်က ပြောကြားခဲ့သလို ရုပ်သိမ်းခြင်း မပြုပါက ထိုင်းနိုင်ငံမှ တင်ပို့သည့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို တင်ပို့ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရာဇသံ ပေးခဲ့သည်။
“ထိုင်းဘက်က နယ်စပ်ဖြတ်သန်းသွား လာမှုတွေကို ဒီနေ့မှာ ပုံမှန်အနေအထားအတိုင်း ပြန်ဖွင့်မပေးဘူး ဆိုရင်တော့ မနက်ဖြန်မှာ ကမ္ဘောဒီးယားကို တင်ပို့နေတဲ့ ထိုင်းအသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို တားမြစ်ပိတ်ပင်သွားမှာပါ” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်ကမူ ထိုင်းသည် နယ်စပ်ဒေသ ဖြတ်သန်းသွားလာရေး ဂိတ်များကို မည်သည့် အခါကမျှ တရားဝင် ပိတ်ပင်ခဲ့ခြင်းမရှိဘဲ အဆိုပါ စစ်ဆေးရေး ဂိတ်များတွင် ဝင်ခွင့်၊ထွက်ခွင့် အချိန်များနှင့် စည်းကမ်းချက်များကို ချိန်ညှိလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နယ်စပ်ဒေသတွင် မြေပြင် အခြေအနေများကို လေ့လာရန်နှင့် သင့်တော်သလို ဆောင်ရွက်ရန် အမျိုးသား လုံခြုံရေးကောင်စီ(NSC)ကိုလည်း လုပ်ပိုင်ခွင့်ပေးထားကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation