CNI International News

ဖနွန်ပင်၊ ဒီဇင်ဘာ ၁၈

ထိုင်းနှင့်ဖြစ်ပွားနေသည့် နယ်စပ်စစ်ပွဲတွင် ကမ္ဘောဒီးယားဘက်မှ ရုရှားနိုင်ငံသားများ အပါအဝင် ပြည်ပ ကြေးစား စစ်သားများ ပါဝင်နေသည်ဆိုသည့် ထိုင်းမီဒီယာများက ဖော်ပြခဲ့သော သတင်းများကို ကမ္ဘောဒီးယား အထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားစစ်တပ်၏ စစ်ဆင်ရေးများအတွင်း ပြည်ပစစ်သားများ သို့မဟုတ် ကြေးစားစစ်သားများ မည်သည့် အခါကမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း၊ ကမ္ဘောဒီးယား၏ ဂုဏ်သိက္ခာသည် ပကတိအတိုင်း တည်ရှိနေကြောင်းနှင့် ပြည်ပစစ်သားများလည်း မရှိကြောင်း ဟွန်ဆန်က Facebook တွင် ရေးသားခဲ့သည်။

ကမ္ဘောဒီးယားသည် ယခင်က ငြိမ်းချမ်းရေး ထိန်းသိမ်းရေး မစ်ရှင်များအတွက် ပြည်ပစစ်သားများကို လက်ခံထားခဲ့ ဖူးသော်လည်း လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း ပြည်ပစစ်မှုထမ်းများ မရှိကြောင်း ၎င်းက ထပ်လောင်း အတည်ပြုခဲ့သည်။

ကုလငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့မှာ ကမ္ဘောဒီးယားစစ်သားတွေ တာဝန်ထမ်းဆောင်ခဲ့စဉ်

ဒီဇင်ဘာ ၇ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း ရုရှားများ အပါအဝင် ပြည်ပစစ်သားများ ပါဝင်ခဲ့ကြောင်း ထိုင်းမီဒီယာများက ထုတ်ပြန် ခဲ့ပြီးနောက် ဟွန်ဆန်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်းမီဒီယာများ၏ သတင်းများကို ဟွန်ဆန်က ပြတ်သားစွာ ငြင်းဆိုခဲ့ပြီး တိုက်ပွဲများအတွင်း အကြံပေးများ သို့မဟုတ် ကြေးစားစစ်သားများ မပါဝင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် စစ်တပ်နှင့်မဆက်နွှယ်သည့် ခရီးသွားလာရေးကဏ္ဍ သို့မဟုတ် စီးပွားရေး လုပ်ငန်းများ တွင်သာ ပြည်ပနိုင်ငံသားများကို ပါဝင်ခွင့် ပြုထားကြောင်း၊ နိုင်ငံအတွင်း မည်သည့် ပြည်ပစစ်သားများမှ တပ်စွဲထားခြင်း မရှိကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

Source: The Nation