CNI International News
ဘန်ကောက်၊ ဇွန်လ ၁၈
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ထိုင်းနှင့်ထိစပ်နေသည့် ကမ္ဘောဒီးယား နယ်စပ်ဒေသများ၌ နယ်စပ်ဖြတ်ကျော်သည့် ဂိတ်များအားလုံးကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသော်လည်း ပိတ်ပင်ခဲ့ခြင်း မရှိကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ဇွန်လ ၁၆ ရက်က ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) က နယ်စပ်ဂိတ်များနှင့် ပတ်သက်ပြီး ထိုင်းကို ရာဇသံပေးခဲ့သည့်တိုင် နယ်စပ်ဂိတ်များကို ဖွင့်ထားဆဲဖြစ်သည်။
ဇွန်လ ၁၆ ရက်တွင် ဟွန်ဆန်က ထိုင်းနိုင်ငံအနေဖြင့် ၂၄ နာရီအတွင်း နယ်စပ်ဒေသရှိ စစ်ဆေးရေးဂိတ်များ အားလုံးကို အပြည့်အဝ ဖွင့်ထားရန် သတိပေးခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် လိုက်နာရန် ပျက်ကွက်ပါက ကမ္ဘောဒီးယားကလည်း ဇွန်လ ၁၇ ရက်တွင် ၎င်း၏ နယ်စပ်ဂိတ် များအား ပိတ်ထားမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်စည်များအားလုံးကို ပိတ်ပင်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်ဂိတ်ကို တွေ့ရစဉ်
သို့သော် ထိုင်းနိုင်ငံ၏ ဆာကေအို (Sa Kaeo) ပြည်နယ်၊ အာရန်ယာပါရာသက် (Aranyaprathet) ခရိုင်ရှိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ်တွင်မူ ဇွန်လ ၁၇ ရက်တွင် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေဆဲဖြစ်သည်။
ထိုနယ်စပ်ဂိတ်ကို နံနက် ၆ နာရီတွင် လူဝင်မှုရဲတပ်ဖွဲ့များ၊ အကောက်ခွန် အရာရှိများနှင့် စစ်မှုထမ်းများက ပူးတွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဂိတ်များကို ဖွင့်ချိန်တွင် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားနေသည့် ကမ္ဘောဒီးယား ကျောင်းသားများသည် နယ်စပ်ကို ပထမဆုံးဖြတ်ကျော် ဝင်ရောက်သူများထဲ၌ ပါဝင်ခဲ့သည်။
ထိုင်းနိုင်ငံကလည်း ကမ္ဘောဒီးယားနိုင်ငံရှိ ပွိုင်ပက် (Poipet) မြို့တွင် အလုပ်လုပ်ကိုင်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရာက်မည့် ထိုင်းနိုင်ငံသားများကို လုံခြုံရေး အစီအမံများနှင့်အညီ တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
Source: The Nation