CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၂
ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အနီး အူဘွန် ရတ်ချာသာနီ ( Ubon Ratchathani) ပြည်နယ်တွင် မဟာဗျူဟာ မြောက် နေရာတစ်ခုကို ဝင်ခွင့်ရရှိစေရန်အတွက် ကွန်ကရစ်လမ်းတစ်ခုကို ဇူလိုင် ၂၁ ရက်က စတင်ဖောက်လုပ် နေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိစပ်နေသည့် ဝေးလံခေါင်သီသော ဒေသများတွင် လုံခြုံရေး စစ်ဆင်ရေးများကို အထောက် အကူ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ထိုကဲ့သို့ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုစီမံကိန်းကို ထိုင်းရမ်ဖလန်(Thai Rumphalang)ပါတီနှင့် အမှတ် ၂ စစ်တိုင်း အင်ဂျင်နီယာတပ်မ၊ အမှတ် ၂၃ ရိန်းဂျားတပ်ဖွဲ့ တပ်ရင်းနှင့် ဒေသခံများကြား ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အကြီးစား စက်ယန္တရားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ဖြန့်ကြက်ချထားခဲ့ပြီး ထိုလမ်းကို နယ်စပ်ဒေသအနီးရှိ မဟာဗျူဟာကျသည့် နေရာသို့ ဦးတည် ဖောက်လုပ်သွားမည်ဖြစ်သည်။
ထိုင်းရမ်ဖလန်(Thai Rumphalang) ပါတီခေါင်းဆောင် ဝါဆာဝတ် ပေါင်ပွန်ဆာရီ (Wasawat Poungponsri) ကမူ ထိုဒေသသည် မဟာဗျူဟာမြောက် အရေးပါပြီး ကွန်ကရစ်လမ်းတစ်ခု ဖောက်လုပ်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် မိုးရာသီတွင် မြေလမ်းများသည် သွားလာရခက်ခဲကြောင်း ပြောကြားခဲ့သည်။
"ဒါက လမ်းတစ်ခု ဖောက်တယ်ဆိုတာထက် ပိုပါတယ်။ နိုင်ငံလုံခြုံရေးကို မြှင့်တင်ဖို့၊ နယ်စပ်ဒေသ အနီးက စစ်ဘက်နဲ့ အရပ်ဘက် အသိုင်းအဝိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖန်တီးဖို့အတွက်လည်း အရေးကြီးပါတယ်" ဟု ဝါဆာဝတ်က ပြောကြားခဲ့သည်။
လမ်းဖောက်လုပ်သည့် စီမံကိန်းသည် "ခိုင်မာသည့် နယ်စပ်ဒေသ၊ နယ်နိမိတ် လုံခြုံရေး" ဟူသည့် ပါတီ၏ မူဝါဒ မူဘောင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လာမည့်ရွေးကောက်ပွဲအတွင်း ပါတီ၏ လုပ်ငန်းစဉ်များနှင့် တရားဝင် ပူးပေါင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းရမ်ဖလန်(Thai Rumphalang)ပါတီသည် နိုင်ငံ့အာဏာပိုင်များ၊ စစ်တပ်၊ ဒေသခံ အသိုင်းအဝိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို မြှင့်တင်ပြီး နယ်စပ်ဒေသရှိ အခြေခံ အဆောက်အအုံနှင့် လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ခဲ့သည်။
Source: The Nation