CNI International News

ဖနွမ်ပင်၊ ဒီဇင်ဘာ ၁၀

ကမ္ဘောဒီးယားနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) တို့ လွှမ်းမိုးထားသည့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ် ရိန်ဆေး (Sam Rainsy)က  စစ်တပ်နှင့် လူထုကို တိုက်တွန်းခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ဟွန်ဆန် မိသားစုကို ကမ္ဘောဒီးယားမှ ဖယ်ရှားရမည့် အကြောင်းရင်း နှစ်ချက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဆမ်ရိန်ဆေး၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။

ပထမအချက်မှာ ဟွန်ဆန် မိသားစုသည် ကမ္ဘောဒီးယား စစ်သားများနှင့် အရပ်သားများကို လူသားဒိုင်းကဲ့သို့ အသုံး ချပြီး ကမ္ဘောဒီးယား နယ်မြေပေါ်တွင် ထိုင်းစစ်တပ်အား တိုက်ခိုက်မှုများ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ဟွန်ဆန် နှင့် ဟွန်မာနက်တို့သည် ကမ္ဘောဒီးယား ပြည်သူများနှင့် နယ်နိမိတ်ကို ကာကွယ်မည့် ကမ္ဘောဒီးယား စစ်သားများ ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် အမိန့်ပေးထားကြောင်း ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။

"ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက ရန်စလာတာကို ခုခံဖို့အတွက် ရှေ့တန်းစစ်မြေပြင်က စစ်သားတွေကို လက်နက် တွေ အသုံးပြုခွင့် တားမြစ်ကန့်သတ်ထားတဲ့ ခေါင်းဆောင်မျိုး ဒါမှမဟုတ် တပ်မှူးမျိုး ဘယ်နိုင်ငံမှာ ရှိလို့လဲ။ ဟွန်ဆန်မိသားစုရဲ့ ခေါင်းဆောင်တွေကပဲ ဒါမျိုးတွေ လုပ်နေတာကို ကျနော်တို့ မြင်တွေ့နေရပါတယ်" ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်ဆေးကို တွေ့ရစဉ်

“ကျနော်ရဲ့ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပြည်ပက အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ အဲဒီနည်းဗျူဟာကို ကြိမ်ဖန် များစွာ ကျင့်သုံးခဲ့တာကြောင့် ခမာစစ်သားတွေနဲ့ အရပ်သားတွေ မတရား အသက်ဆုံးရှုံး စေခဲ့ပါတယ်။ ခမာ စစ်သားတွေနဲ့ ပြည်သူတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရတဲ့ မိမိတို့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ကို စတေးပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးထားလို့ မရပါ ဘူး" ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ ဟွန်ဆန် မိသားစုသည် ကျားဖြန့်လုပ်ငန်း ကွန်ရက်များကို ကာကွယ်ပေးထားသဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများကို အဘက်ဘက်မှ ချွတ်ခြုံကျစေခဲ့ကြောင်း၊ စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဆိုးရွားစွာ ထိခိုက်ခြင်း၊ ကြွေးမြီ ထောင်ချောက်အတွင်း ကျရောက်ခြင်း၊ လူမှုတည်ငြိမ်ရေးနှင့် တရားမျှတမှု ပျက်ယွင်းခြင်းတို့ ဖြစ်စေခဲ့ကြောင်း ဆမ်ရိန်ဆေးက စွပ်စွဲခဲ့သည်။

“ဟွန်ဆန်မိသားစု ခေါင်းဆောင်တွေက ရာဇဝတ်သားတွေကို အကာအကွယ် ပေးနေတာကြောင့် ကမ္ဘောဒီးယား ပြည်သူတွေကို သူတို့ရဲ့ ရန်သူလို ဆက်ဆံခဲ့တာ ထင်ရှားနေပါတယ်” ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။

Source: Thai PBS World