CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀

ထိုင်းနှင့်ကမ္ဘာဒီးယား နယ်စပ်တွင် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယား စစ်သားများ၏ ခြိမ်းခြောက်မှုများ အဆုံးမသတ်မချင်း အပစ်ရပ်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။

ထို့နောက် စစ်တပ်ကို အပြည့်အဝ ထောက်ခံသွားမည်ဟု ၎င်းက ပြောသည်။

အနူတင်သည် ကမ္ဘောဒီးယားနှင့် အပစ်ရပ်ရေး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးညှိနှိုင်းရေးတို့ကို ငြင်းပယ်ခဲ့ပြီး ကမ္ဘောဒီးယား၏ ရန်စမှုအား ကာကွယ်ရန်အတွက် စစ်တပ်၏ စစ်ဆင်ရေးများကို အလုံးစုံ ထောက်ခံသွားမည်ဟု ဆိုသည်။

အစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ပဋိပက္ခနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခွင့်ရရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိုဒ်ခွဲ ၁၆၅ ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ထင်ကြေး ပေးမှုများနှင့်ပတ်သက်ပြီး သတင်း ထောက်များက အနူတင်ကို မေးမြန်းခဲ့ချိန်တွင် အနူတင်က "မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ ကျနော်တို့မှာ အဲဒီအစီအစဉ် မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံနဲ့ ပဋိပက္ခ အခြေအနေက ဆက်ဖြစ်နေတုန်းပါ။ ကျနော် တို့က စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ကို ထောက်ခံရပါမယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပေးရပါမယ်" ဟု ဖြေကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်

ကမ္ဘောဒီးယားဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုင်းအစိုးရကို ဆက်သွယ်ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းချိန်တွင်လည်း အနူတင်က "ဘာအဆက်အသွယ်မှ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။

ထိုအဓိပ္ပာယ်အရ ကမ္ဘောဒီးယားကလည်း ဆွေးနွေးရန် ကမ်းလှမ်းခြင်းမရှိ၊ ထိုင်းကလည်း အပစ်ရပ်ရန် ဆွေးနွေး မှုများကို ငြင်းပယ်ခြင်း ဟုတ်၊မဟုတ် မေးမြန်းချိန်တွင် အနူတင်က "ထိုင်းနိုင်ငံဘက်က လုပ်သင့်တဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ်" ဟု ဖြေကြားခဲ့သည်။

"ကျနော်တို့ကို မလိုမုန်းထားတဲ့ ရည်ရွယ်ချက်နဲ့ ဆန်ကျင်တဲ့ လူတွေအပေါ် ကျနော်တို့က ဘယ်လိုသဘောထား ခဲ့တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်မယ့် သူတွေကို စိတ်ပိုင်းဆိုင်ရာ ထောက်ခံပေးသင့်ပါတယ်" ဟု အနူတင်က ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် စစ်တပ်ကို စစ်ဆင်ရေးများ ရပ်တန့်ရန် အမိန့်ပေးမည် ဟုတ်၊ မဟုတ် မေးမြန်းချိန်တွင် အနူတင်က "လုံးဝပါပဲ။ ကျနော်တို့ အခုချိန်မှာတော့ မရပ်တန့်နိုင်ပါဘူး။ အစိုးရအဖွဲ့ဟာ စစ်တပ်ရဲ့ အစီအစဉ် တွေကို အပြည့်အဝ ထောက်ခံပေးမယ်လို့ ကျနော်က စစ်တပ်ကို ကတိပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားတပ်ဖွဲ့များ အားနည်းလာသည့် အချိန်အထိ စစ်ဆင်ရေးများကို ဆက်လုပ်ရန် ရှိ၊မရှိ မေးမြန်းချိန်တွင် အနူတင်က "အဲဒါ ကျနော်တို့ တပ်ဖွဲ့ မဟုတ်ပါဘူး။ သူတို့ တပ်တွေပါ။ ကျနော်တို့ တပ်တွေက ဘယ်တော့မှ အားနည်းလာမှာ မဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။

ကမ္ဘောဒီးယားတပ်များက ထိုင်းစစ်သားများကို တိုက်ခိုက်ရန် kamikaze(ကာမီကာဇေ) ဒရုန်းများကို အသုံးပြု နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အနူတင်က ထိုင်းစစ်တပ်တွင် ထိုဒရုန်းများကို တန်ပြန်ရန် အစီအမံများ ရှိကြောင်း ပြောကြားခဲ့သည်။