CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၁

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးကို မကြာမီ အချိန်အတွင်း အရှိန်လျှော့ချ ဖွယ် မရှိကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးများနှင့် ထိုင်းထိပ်သီး သံတမန်တစ်ဦးတို့ကို ပြောကြားခဲ့သည့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ၏ ပြောကြားချက်များအရ ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခသည် ယနေ့အထိ ၄ ရက် ဆက်တိုက် ဖြစ်ပွားနေချိန်တွင် ထိုင်းဘက်က စစ်ဆင်ရေးများကို လျှော့ချဖွယ်မရှိကြောင်း Thai PBS World သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယား၏ ရန်စမှုများကို တုန့်ပြန်ရာတွင် စစ်တပ်၏ စစ်ဆင်ရေးများကို  အစိုးရအဖွဲ့က အပြည့်အဝ ထောက်ခံကြောင်း အနူတင်က ဒီဇင်ဘာ ၉ ရက်၌ ထပ်လောင်း အတည်ပြုခဲသည်။

ကမ္ဘောဒီးယား၏ စစ်ရေးစွမ်းဆောင်ရည်များ လျော့ပါးသွားသည့် အချိန်မှသာ ထိုင်းစစ်တပ်၏ စစ်ဆင်ရေးများကို အဆုံးသတ်လိမ့်မည်ဖြစ်ကြောင်း အနူတင်က အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်

“ကျနော်တို့ လုပ်သင့်တာကို လုပ်နေပါတယ်။ ကျနော်တို့အပေါ် ဆိုးရွားတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူတွေကို ထိုင်းနိုင်ငံ က ဘာလဲဆိုတာကို ပြသခဲ့ပြီးပါပြီ”ဟု အနူတင်က ပြောသည်။

ဒီဇင်ဘာ ၈ ရက်ကလည်း အနူတင်က ကမ္ဘောဒီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများသည် ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် များနှင့် ကိုက်ညီမှသာ ဖြစ်မြောက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အနူတင်က အသေးစိတ် မပြောခဲ့ပေ။

သို့သော် ကမ္ဘောဒီးယား အနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်း မပြုဘဲ ငြိမ်းချမ်းရေး စာချုပ်ကို အတိအကျ လိုက်နာရန် ထိုင်းဘက်က တောင်းဆိုထားမှုအား အနူတင်က ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

“သူတို့ ကျနော်တို့ကို လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆွေးနွေးညှိနှိုင်းမှုမှ ရှိလာမှာ မဟုတ်ပါဘူး” ဟု အနူတင်က ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်ကြည်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ယာကရွတ် ဒေါင်ပရာပတ် (Chaiyapruek Duangprapat) ကလည်း ကမ္ဘောဒီးယားအပေါ် ထားရှိသည့် ထိုင်းစစ်တပ်၏ တင်းမာသော သဘောထားကို ထပ်လောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့သည်။

Source: Thai PBS World