CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၅
ကမ္ဘောဒီးယား၏ စစ်ရေးတိုက်ခိုက်မှုကို ခံနေရချိန်တွင် စစ်တပ်အား စစ်ဆင်ရေးများ လုပ်ခွင့်ပေးထားသည်ဟု ထိုင်းတော်ဝင်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်က ပြောကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယား၏ လုပ်ဆောင်ချက်များ ဆက်ရှိနေပါက စစ်တပ်ကို အင်အားသုံးရန် ပြင်ဆင်ထားကြောင်း၊ အရေး ပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အောက်တွင် စစ်တပ်ကို စစ်ဆင်ရေးများ လုပ်ပိုင်ခွင့်ပေးထားကြောင်း ၎င်း က ပြောသည်။
ကမ္ဘောဒီးယားသည် ထိုင်းနယ်နိမိတ်ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နယ်စပ်ဒေသတွင် တင်းမာမှု မြင့်တက်နေကြောင်း ထိုင်းတော်ဝင်ကြည်းတပ်(RTARF)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဗီထိုင်း လိုင်သောင်ယ (Vithai Laithomya) က ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် စစ်ဘက်နှင့် အရက်ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုင်းတိုက်လေယာဉ်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံ၏ အရှေ့တိုင်း ကာကွယ်ရေး မူဘောင်အတွင်း အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ရန် ကာကွယ်ရေးဦးစီးချုပ်က ထိုင်းတော်ဝင်ကြည်းတပ်အား အမိန့်ပေးထားသည်ဟုလည်း ဗီထိုင်း(Vithai) က ပြောကြားခဲ့သည်။
ထိုင်းတော်ဝင်ကြည်းတပ်၏ တပ်မှူးကိုလည်း စစ်ဆင်ရေးတပ်မှူးအဖြစ် ခန့်အပ်ခဲ့ပြီး လိုအပ်လာပါက လေတပ် နှင့် ရေတပ်၏ အကူအညီကို တောင်းခံနိုင်ရန် လုပ်ပိုင်ခွင့် ပေးထားသည်ဟု ၎င်းက ဆိုသည်။
စစ်ဆင်ရေးတွင် အဆင့် ၂ ဆင့် သတ်မှတ်ထားပြီး ပုံမှန်အဆင့်နှင့် စစ်ဆင်ရေး အဆင့်ဟူ၍ ခွဲခြားထားသည်။
လက်ရှိ အခြေအနေသည် စစ်ဆင်ရေးအဆင့်တွင် ရှိနေပြီး အမှတ် ၂ စစ်တိုင်းဒေသမှ မြေပြင်ပစ်ကူနှင့် လေတပ် ထံမှ လေကြောင်းပစ်ကူများကို ရယူထားသည်ဟု ဆိုသည်။
လက်ရှိတွင် ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယား၏ အရပ်ဘက် ပစ်မှတ်များကို တိုက်ရိုက် ပစ်ခတ်ခြင်း မရှိကြောင်း ထိုင်းတော်ဝင်ကြည်းတပ်(RTARF)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဗီထိုင်းက ပြောသည်။
ကမ္ဘောဒီးယားဘက်က တိုက်ခိုက်မှုများနှင့် အင်အားသုံးမှုများ ရှိလာခဲ့ပါက တုံ့ပြန်ဆောင်ရွက်ရေးအဆင့်ကို နိုင်ငံတော်ကာကွယ်ရေးအဆင့်အထိ တိုးမြှင့်သွားမည်ဟုလည်း ဗီထိုင်း(Vithai)က ပြောကြားခဲ့သည်။
Source: The Nation