CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်း၏ လေကြောင်းကာကွယ်ရေးကို မြင့်တက်စေရန်အတွက် ယူကရိန်းအား ဒေါ်လာ ၃၂၂ သန်းတန်ဖိုးရှိ လက်နက်များ ရောင်းချရေး အဆိုပြုချက်ကို ဇူလိုင် ၂၃ ရက်က အတည်ပြုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ကာကွယ်နေရသည့် ယူကရိန်းအား ကျည်ကာကားများလည်း ထောက်ပံ့ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုလက်နက် ရောင်းချရေး အစီအစဉ်ကို လွှတ်တော်အား အသိပေးထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုအစီအစဉ်တွင် အမေရိကန်၏ ကျည်ကာကားများကို ထောက်ပံ့ရေး၊ ပြုပြင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ သန်း ၁၅၀ ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များအတွက် ဒေါ်လာ ၁၇၂ သန်းတို့ ပါဝင်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) က ယူကရိန်းကို လက်နက်များ ထောက်ပံ့မှုအား ယာယီရပ်နားပြီး အမေရိကန်၏ လက်နက်အင်အားကို လေ့လာခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ် (Donald Trump) ကလည်း ယူကရိန်းကို လက်နက်များပေးမည်ဟု ယခုလ အစောပိုင်းက ပြောကြားခဲ့သည်။
“ကျနော်တို့ ယူကရိန်းကို လက်နက်တွေ ပေးရပါမယ်။ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိရပါမယ်။ သူတို့ဟာ အခုဆိုရင် အရမ်းအထိနာနေပါပြီ။ ကျနော်တို့က လက်နက်တွေ ပိုပြီးပေးသွားမှာပါ။ အထူးသဖြင့် ကာကွယ်ရေး လက်နက်တွေပေါ့”ဟု ထရမ့်က ပြောကြားခဲ့သည်။
မကြာသေးမီကလည်း ထရမ့်က ဥရောပမဟာမိတ်များအနေဖြင့် အမေရိကန်ထံမှ လက်နက်များဝယ်ပြီး ယူကရိန်း ကိုပေးရန် အစီအစဉ်တစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့နောက် ယခု အတည်ပြုခဲ့သည့် လက်နက်ရောင်းချမှုသည် ထိုအစီအစဉ်နှင့် ပတ်သက်ခြင်း ရှိ၊ မရှိ မသိရသေး ပေ။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက အမေရိကန်သည် ယူကရိန်းကို လက်နက်များနှင့် လုံခြုံရေး အထောက်အပံ့အဖြစ် ဒေါ်လာ ၆၇ ဘီလျံကျော် ထောက်ပံ့ပေးခဲ့သည်။
Source: အေပီ