CNI International News

မော်စကို၊ ဒီဇင်ဘာ ၂၃

အမေရိကန်နိုင်ငံသည် ရုရှားကိုဆန့်ကျင်သည့် ကြားခံစစ်ပွဲတစ်ခုကို လုပ်ဆောင်နေကြောင်း ရုရှားအစိုးရဘက်မှ စွပ်စွဲလိုက်သည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။

ယူကရိန်းသမ္မတ၏ သမိုင်းဝင်အမေရိကားခရီးစဉ်တွင် ယူကရိန်းကို အမေရိကန်ဘက်မှ စစ်လက်နက်များ တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စွပ်စွဲလိုက်ခြင်းဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Zelenskyy) သည် ဗုဒ္ဓဟူးနေ့ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်အပါအဝင် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စစ်ဘက်သုံးပစ္စည်းများကို ယူကရိန်းသို့ ထောက်ပံ့ပေးမည်ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သတ်၍ ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က သတင်း ထောက်များနှင့်တွေ့ဆုံရာတွင် အမေရိကန်တို့ ယခုတစ်ခေါက်ပေးပို့မည့် ထောက်ပံ့ရေးပစ္စည်းများက ရက် ၃၀၀ ကျော်ကြာ ယူကရိန်းပဋိပက္ခကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။အမေရိကန်တို့၏ ထောက်ပံ့မှုကြောင့် မြန်မြန်အဆင်ပြေသွားရန်ထက် ပိုဆိုးရွားဖို့ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားပြီး ယင်းက ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးဆိုင်ရာ ရည်မှန်းချက်များကို တားဆီးဖို့မဖြစ်နိုင်ပါဘူးဟု ပတ်စ်ကော့ဗ်က ဆိုသည်။

ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်း ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားတို့ဘက်က ၎င်းတို့၏ ထိုးစစ်ဆင်မှုများအပေါ် သုံးနှုန်းထားသည့် အသုံးအနှုန်းအတိုင်း ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။ ဇာလန်းစကီး၏ အမေရိကန်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး အတွက် တောင်းဆိုခြင်း သို့မဟုတ် ရုရှားဘက်မှစိုးရိမ်မှု များအပေါ် နားထောင်ပေးလိုစိတ်မရှိခြင်းတို့ကိုသာ မြင်တွေ့ခဲ့ရပြီး ယင်းက အမေရိကန်အနေဖြင့် ယူကရိန်းကို အသုံးချပြီး ရုရှားနှင့်ကြားခံစစ်ပွဲတစ်ခု ဆင်နွှဲနေခြင်း သာဖြစ်သည်ဟုလည်း ပတ်စ်ကော့ဗ်က ပြောခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၏ ရုရှားခရီးစဉ်သည် ယူကရိန်းကို ရုရှားတို့ဘက်မှ ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ်ဖြစ်သည်။ ကွန်ဂရက်ပူးတွဲအစည်းအဝေးတွင် မိန့်ခွန်းမပြော ခင် ဇာလန်းစကီးသည် သမ္မတဘိုင်ဒန်နှင့်အိမ်ဖြူတော်တွင်တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုအတွင်း ယူကရိန်းသို့ Patriot ဒုံးကျည်စနစ်များ ပေးပို့သွားမည်ဟု ဘိုင်ဒန်က ကတိပြုခဲ့သည်။

ရုရှားတို့အနေဖြင့် ယူကရိန်းနိုင်ငံတစ်ဝန်းမှ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေမှုများကို ကာကွယ်ရန်အတွက် ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ်ကို အဆင့် မြှင့်တင်ရေး အကူအညီများပေးရန် ဇာလန်းစကီးသည် ယခင်ကတည်းက တောင်းဆိုခဲ့ဖူးသည်။ ထို တောင်းဆိုမှု တွင် Patriot ဒုံးကျည်စနစ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းသည် အမေရိကန်၏ ခေတ်ရှေ့ပြေး လေကြောင်းကာကွယ်ရေးစနစ်တစ်ခုဖြစ်ကာ လေယာဉ်များနှင့် ပဲ့ထိန်းဒုံးများကို ကြားဖြတ်နိုင်စွမ်းရှိသည်ဟု သိရသည်။

Source:Aljazeera