CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၁

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kyiv) မြို့တော်ရှိ အမေရိကန်သံရုံးတွင် နိုဝင်ဘာ ၂၀ ရက်က လေကြောင်းတိုက်ခိုက် ခံရမည့် အလားအလာရှိကြောင်း သတင်းများ ရရှိခဲ့ပြီးနောက် သံရုံးကို ပိတ်မည်ဟု အမေရိကန်ကောင်စစ်ဝန် ရေးရာဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

"သတိပေးချက်တွေ အများအပြား ရရှိခဲ့တာကြောင့် သံရုံးကို ပိတ်မှာဖြစ်ပြီး သံရုံးဝန်ထမ်းတွေကို ဘေးကင်းတဲ့ နေရာတွေမှာ ရွှေ့ပြောင်းခိုလှုံကြဖို့ ညွှန်ကြားထားပါတယ်"ဟု  ကိယက်ဗ်မြို့တော်ရှိ အမေရိကန်သံရုံးဝက်ဘ်ဆိုက် တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"လေကြောင်း စီးနင်းတိုက်ခိုက်မှုအန္တရာယ် သတိပေးချက် ထုတ်ပြန်ချိန်မှာ ယူကရိန်းမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာအမြန်ဆုံး အကာအကွယ်ယူကြဖို့ အမေရိကန်သံရုံးက အကြံပြုပါတယ်" ဟု ထိုဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သည် ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်၏ ATACMS တာဝေးပစ်ဒုံးကျည် များအား ယူကရိန်းကို အသုံးပြုခွင့် ပေးခဲ့ပြီးနောက် ၁ ရက်အကြာတွင် ကိယက်ဗ်မြို့တော်ရှိ အမေရိကန်သံရုံး၌ လေကြောင်းတိုက်ခိုက်ခံရမည်ဆိုသည့် သတိပေးချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သံရုံးကို တွေ့ရစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် ယူကရိန်းစစ်ပွဲ ရက် ၁၀၀၀ ပြည့်သည့် နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်က ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်များ အသုံးပြုပြီး ယူကရိန်းအား တိုက်ခိုက်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ရုရှားကမူ အမေရိကန်အနေဖြင့် ရုရှား၏ နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် ဒုံးကျည်များ အသုံးပြုပြီး ယူကရိန်းအား တိုက်ခိုက်ခွင့် ပြုမည်ဆိုပါက ထိုနေတိုးအဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်း စစ်ပွဲတွင် တိုက်ရိုက်ပါဝင်လာသည်ဟု ယူဆမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ယူကရိန်းအနေဖြင့် ရုရှား၏ နယ်နိမိတ်အတွင်း အမေရိကန်လုပ် လက်နက်များဖြင့် တိုက်ခိုက်လာမည်ဆိုပါက ရုရှားက တုန့်ပြန်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်ကလည်း ပူတင်က များပြားသည့် သမားရိုးကျ တိုက်ခိုက်မှုများကို တုန့်ပြန်ရာတွင် နျူကလီးယား လက်နက်များ အသုံးပြုမှုနှင့်ပတ်သက်ပြီး လိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို လျှော့ချခဲ့သည်။

ထို့ကြောင့် ရုရှားနှင့် အနောက်နိုင်ငံများအကြား နှစ်ပေါင်း ၅၀ ကျော်အတွင်း နျူကလီးယား တင်းမာမှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။

Source: ရိုက်တာ