CNI International News

ဝါရှင်တန်၊ ဧပြီ ၂

ယူကရိန်းကို ရုရှား ဓါတုလက်နက် (သို့မဟုတ်) ဇီဝလက်နက်များ အသုံးပြုလာနိုင်ခြေရှိသည့် အန္တရာယ်မှ အကာအကွယ်ပေး နိုင်ရန် အမေရိကန် ကြိုးပမ်းနေကြောင်း၊ စစ်အတွင်းကာလ ကယ်ဆယ်ရေးနှင့် တခြားထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေ ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ဧပြီလ ၁ ရက်၌ အတည်ပြု ပြောကြားကြောင်း အာရ်တီ သတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် ကိယက်ဗ်သို့ ပို့မည့် ထောက်ပံ့ပစ္စည်းများ၏ အသေးစိတ် အချက်အလက်ကိုတော့ ဂျန်ဆာကီက ထုတ်ဖော်ပြော ကြားခြင်း မရှိပေ။
ယူကရိန်းသို့ စစ်ရေး အထောက်အကူ ပေးအပ်ခြင်း၌ ဓါတု (သို့မဟုတ်) ဇီဝဆိုင်ရာ တိုက်ခိုက်လာပါက ကြိုတင်ပြင်ဆင်ထားမှု အရှိန်အဟုန်ကို လျှော့ချမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မော်စကိုသည် ယူကရိန်းတွင် ဓါတု (သို့မဟုတ်) ဇီဝလက်နက် ထုတ်သုံးရန် စီစဉ်ကောင်း စီစဉ်နိုင်ကြောင်း ဂျန်ဆာကီ ပြော ကြားအပြီး ရက်သတ္တပတ်အကြာတွင် ယခုကဲ့သို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက် ထပ်မံထွက်ပေါ်လာခဲ့သည်။

ယူကရိန်းရှိ အမေရိကန် ကျောထောက်နောက်ခံပေးထားသည့် သိပ္ပံဓါတ်ခွဲခန်းများတွင် ဇီဝလက်နက် တီထွင်နေကြောင်း ရုရှားက စွပ်စွဲခဲ့ပြီးနောက် ဂျန်ဆာကီကလည်း အစောပိုင်း၌ အထက်ပါအတိုင်း အခိုင်အမာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓါတုလက်နက် ကာကွယ်ရေး

“ဒါဟာ ယူကရိန်းအပေါ် ရုရှားက မနာလိုမရှုစိမ့်နဲ့ တရားမျှတမှုမရှိ နောက်ထပ် တိုက်ခိုက်ဖို့ ထင်ရှားတဲ့ လုပ်ကြံမှု တစ်ခုပါပဲ။ အခုဆိုရင် ရုရှားရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို တရုတ်က ထောက်ခံထားပုံ ရပါတယ်။ ယူကရိန်းမှာ ရုရှားက ဓါတု (ဒါမှ မဟုတ်) ဇီဝလက်နက် သုံးလာနိုင်တဲ့အရေးကို ကျမတို့အားလုံး စောင့်ကြည့်နေသင့်တယ်” ဟု ဂျန်ဆာကီ ယခင်လ၌ ပြော ကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်၏သား ဟန်တာဘိုင်ဒန် (Hunter Biden) သည် ယူကရိန်း ဇီဝဓါတ်ခွဲခန်းများတွင် အန္တရာယ်ရှိသော ရောဂါ ပိုးများနှင့် ပတ်သက်၍ စစ်ရေးဆိုင်ရာ သုတေသနပြုမှု၌ ငွေကြေးထောက်ပံ့ကြောင်း ရုရှား၏ နောက်ဆက်တွဲ စွပ်စွဲချက်များ ကို အမေရိကန်အစိုးရ တာဝန်ရှိသူများက ပယ်ချခဲ့ကြသည်။

သို့သော် ဗြိတိန်နိုင်ငံထုတ် ဒေးလီးမေးလ်သတင်းစာ၏ ယခင်သီတင်းပတ် သတင်းဖော်ပြချက်တွင် “ဘိုင်ဒန်၏သား စွန့်ပစ် ထားသော လက်ပ်တော့ ကွန်ပျူတာထဲမှ တွေ့ရှိမှုများသည် ရုရှားစွပ်စွဲချက်များကို တစိတ်တပိုင်း အတည်ပြုနိုင်ခဲ့ကြောင်း” ရေးသားထားသည်။

ယူကရိန်းတွင် ရုရှား ဓါတုလက်နက် ထုတ်သုံးလျှင် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)က ဂရုတစိုက် တုံ့ပြန်သွား မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်၌ သတင်းထောက်များကို သမ္မတဘိုင်ဒန်က မျက်ခုံးပင့်၍ ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့်လည်း ဓါတုလက်နက် သုံးမည်မဟုတ်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး ယင်းသို့ ထုတ်သုံးခြင်းသည့် မိမိတို့ဝါဒနှင့် ဆန့်ကျင်ကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။

Source: အာရ်တီ