CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ရန် လိုလားကြောင်း ရှင်းပြသည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောကြားသည်။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်းတို့ မတ်လ ၂၉ ရက်နေ့က တွေ့ဆုံ စဉ် မြန်မာ့အရေး ဆွေးနွေးခဲ့ကြသည်။

ဦးကိုကိုကြီးက “လက်ရှိနိုင်ငံရဲ့ အကျပ်အတည်းပေါ်မှာ ကျနော့်သုံးသပ်ချက် အမြင်သဘောထားပေါ့၊ အဲဒါတွေနဲ့ ပတ်သက် ပြီးတော့ အပြန်အလှန် ဆွေးနွေး ဖလှယ်ဖြစ်ပါတယ်၊ သူတို့ကလည်း ယေဘုယျအားဖြင့်တော့ အိမ်နီးချင်း နိုင်ငံတွေမှာ တည်ငြိမ်မှုကို သူတို့လည်း ဖြစ်စေချင်တယ်၊ ဒါကြောင့်မို့လည်း နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ဖို့ကိုတော့ ကျနော်တို့ သဘောတူညီမှု ရှိကြပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့ထိ တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံ မျက်နှာစာ၌ နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာဆီယံ၏ တူညီဆန္ဒ(၅)ရပ် ဆက်လက် အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်း၍ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေး စသည့် အရေးများကို ဆွေးနွေးခဲ့ကြောင်း နစက-က ဧပြီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီကိုတွေ့ရစဉ်

ဦးကိုကိုကြီးက “နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပြောတုန်းက အချက်တွေပါပဲ၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး၊ ပြီးတော့ အရပ်သား အကာအကွယ်ပေးရေး၊ ဒါကို ဘက်အသီးအသီး ကနေပြီးတော့ အရပ်သား ထိခိုက်မှုတွေ သေဆုံးမှု ဒဏ်ရာအနာတရ ဖြစ်မှုတွေ၊ အိုးအိမ်စွန့်ခွာနေရတဲ့ ကိစ္စတွေ ၊ ဒါတွေကို ဘက်အသီးသီးက ထိန်းသိမ်းကြဖို့နဲ့ လူသားချင်း စာနာမှု အကူအညီ ထိထိရောက်ရောက် ပေးပို့နိုင်ဖို့၊ ကိုဗစ်ကြောင့်ကော လက်ရှိကြောင့်ကော၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့်ကော၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ခဏခဏ ထစ်ငေါ့မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း အဆင်ပြေစေချင်တယ်၊ ဒါတွေလည်း ကျနော်တို့ ပြောဖြစ်ပါတယ်၊ နောက်ဆုံးတစ်ခုက အရေးကြီးတာက အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်တစ်ရပ် ရရှိဖို့အတွက် အပူတပြင်း လိုအပ် နေတယ်ဆိုတာကို အချိန်ကာလ ကန့်သတ်ချက်တွေပါ ကျနော်တို့ ထည့်ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်”ဟု ပြော သည်။

ဦးကိုကိုကြီးသည် တရုတ်သံအမတ်၊ အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် တွေ့ဆုံဆွေးနွေးရေး လိုလားသည့် အင်အားစုများက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တိုက်တွန်းနေသော် လည်း လက်ရှိအချိန်ထိ နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်သည့် အခြေအနေမရှိသေးပေ။