CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်လက်ထက် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်၏ အခန်းကဏ္ဍသည် မည်မျှအရေးပါသလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းများကြား သုံး သပ်လျက်ရှိသည်။ 

တရုတ်သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)တို့အပေါ် ဩဇာလွှမ်းမိုးမှုရှိ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်နိုင်ရေး ကြားဝင်စေ့စပ်ပေးလျက်ရှိသည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကိုလည်း မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်း လျက်ရှိသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးအပေါ်တွင် တရုတ်၏ သြဇာသည် အပြည့်အဝ မသက်ရောက်‌သော်လည်း လက်နက်ခဲယမ်း၊ ရိက္ခာ၊ စက်သုံးဆီ အစစအရာရာသည် တရုတ်အား ကျောထောက်နောက်ခံ ပြုနေရသော ကြောင့် ရေရှည်ဆိုလျှင် တရုတ်နှင့် ကင်းကွာပြီး ရပ်တည်၍ မရနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

UWSA နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အဓိကအားဖြင့် နယ်စပ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၏ လုပ်ဆောင်ချက်များ အပေါ်တွင်လည်း မူတည်ကြောင်း၊ အစိုးရသစ် အနေဖြင့် တရုတ်-အိန္ဒိယတို့နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အသေးစိတ် ညှိနှိုင်းချက်များ လုပ်ဆောင်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်‌ကောန် လက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “နယ်စပ်မှာ ဆက်စပ်နေတဲ့ နိုင်ငံကြီးတွေရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်။ ကျနော်တို့ရဲ့ Peace Process က အများကြီး စကားပြောတယ်။ ဥပမာ-အိန္ဒိယ ဖိဖိစီးစီး လုပ်လိုက်တာနဲ့ CNF တို့က ရပ်တည်လို့ မရ ဘူး။ AA လည်း ရပ်တည်ရ ခက်သွားမယ်။ ဒီလိုပဲ ဒီဘက်မှာ တရုတ်ဘက်က ဖိဖိစီးစီး လုပ်လိုက်တာနဲ့ ခုနက ‌ကျနော်ပြောတဲ့ လက်နက်လမ်းကြောင်း တစ်ခုပဲ ဖြတ်လိုက်အုံး။ စစ်ပွဲတစ်ပွဲ တိုက်ဖို့အတွက် ရိက္ခာလမ်းကြောင်း တွေ ဖြတ်ချလိုက်အုံး။ ဒါဟိုဘက်က ဖြတ်တာနော် ကိုယ့်ဘက်က မလုပ်သေးဘူး။ အဲဒါတောင် ရပ်တည်ဖို့ စစ်ပွဲ တစ်ပွဲတိုက်ဖို့ မလွယ်ဘူးလေ။ ဒါတွေ ဘယ်ကရလဲဆိုတဲ့ဟာက ကျနော်တို့က ဒီအဖြေကို စဉ်းစားဖို့လိုတယ်။ ဆိုတော့ Peace Process မှာ သိပ်အရေးကြီးတယ်၊ တကယ် ငြိမ်းချမ်းချင်တယ်ဆိုရင် တရုတ်နဲ့ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေ ဘယ်လိုသွားမလဲဆိုတဲ့ အသေးစိတ် ညှိနှိုင်းချက်တွေ နောက် အိန္ဒိယနဲ့ အသေးစိတ် ညှိနှိုင်းချက်တွေ လုပ်ကိုလုပ်ရမှာ။ လုပ်လဲလုပ်နေပါလိမ့်မယ် ကျနော်ထင်တာ၊ ကျနော်က‌တော့ ခန့်မှန်းပြောတာ ပေါ့နော်။ တကယ်တမ်း တိုင်းပြည် ဦးဆောင်တဲ့ အစိုးရ‌ဆိုရင် ဒါ မဖြစ်မနေလုပ်ရမှာ ငြိမ်းချမ်းရေးကို တကယ် သွားတော့မယ်ဆိုရင် ဒါက Top-Down ပေါ့ အပေါ်ကနေ အောက်ကို ဆင်းတဲ့အလုပ်ဗျ။ အပေါ်က လုပ်ရမယ့် အလုပ်။ ဆိုလိုတာ အပေါ်ထပ် အဆောက်အအုံက ဆောင်ရွက်ရမယ့်အလုပ် ဒီလိုပဲ အောက်ခြေ Foundation အဆောက်အအုံလုပ်ရမှာ သပ်သပ်ရှိတယ် နိုင်ငံရေးအရ အကောင်အထည်ဖော်ရမှာ။ ဒါမျိုးတွေ ကျနော်တိုက အများကြီး စဉ်းစားရမှာ အဲဒါကို ကျနော် ပြောချင်တာ”ဟု ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည့် စိတ်စေတနာရှိသလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားရှိကြောင်း၊ တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေးတွင် ဆက်လက် ပါဝင်နိုင်မည့် အနေအထားမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်း‌ရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။

SNA နဲ့ NSPNC တွေ့ဆုံဆွေးနွေးကြစဉ်

တိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် တရုတ်၏ ဖိအားပေးမှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်အတွက် အင်မတန် အရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တိန့်ရှီကျွမ်း လာတုန်းကလား၊ ဝမ်ယိ လာတုန်းကလား ဒီဘက်ကနေမှ တိုင်းရင်းသား လက်နက်ကိုင်တွေ ကို တရုတ်ကနေမှ ကုန်ကြမ်းပစ္စည်းတွေ ဝင်နေတယ်ဆိုဝာာ ပြောလိုက်တာရှိတော့ တရုတ်ဘက်ကနေ ဒီဟာ တွေကို ရပ်လိုက်တယ်။ လုံးဝ နယ်စပ်ဂိတ်တွေ ပိတ်ချပြီး ရပ်ပေးလိုက်တာ ရှိတယ်လေ။ အဲဒီအခြေ‌အနေမှာ တုန်းက "ဝ"တပ်ဖွဲ့အနေနဲ့ ဆိုရင်လည်း တော်တော်ကို ကိုယ်ရှိန်သတ် သွားတယ်ဆိုတာမျိုး တွေ့ရတယ်ပေါ့နော်။ ကျန်တဲ့ တပ်ဖွဲ့တွေလည်း အကုန်လုံး ကိုယ်ရှိန် သတ်သွားတယ်ပေါ့။ ဆိုတော့ ပြောရရင်တော့ အဓိက,ကတော့ တရုတ်ပေါ့နော်။ တရုတ်ရဲ့ ဒီဘက်က လှုပ်ရှားမှုက ပိုပြီးတော့မှ အရေးကြီးတာကို။ အဲဒီဟာနေမှ "ဝ" ဘယ်လို ဖြစ်လာမလဲ။ "ဝ"ရဲ့ နောက်ဆက်တွဲမှာ ကျန်တဲ့တိုင်းရင်းသားတွေ ဘယ်လိုဖြစ်မလဲ ဆိုတဲ့ဟာကတော့ ပိုအရေး ကြီးတာပေါ့။ အဲဒီဟာအပေါ်မှာ မူတည်ပြီး‌တော့မှ မြင်တွေ့ရတဲ့ ပုံသဏ္ဍာန် အရဆိုရင်တော့ ကျန်တဲ့ဟာ အကုန် လုံး ကိုယ်ရှိန် သတ်သွားတာပဲလေ။ တရုတ်ရဲ့ ဖိအားကြီးကြီးမားမား ပါတယ်ပေါ့‌နော်။ တရုတ်အနေနဲ့ကလည်း သူနဲ့ကပ်လျက်ဖြစ်နေတဲ့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတာမျိုးကို လက်မခံလို့ မရဘူးဆိုတဲ့ အချက်ပြမှုမျိုး ရှိလာတဲ့ အတွက်ကြောင့်မို့လို့ အကုန်လုံးမှာ သိသိသာသာ ပုံသဏ္ဍာန် ပြောင်းသွားတယ်ပေါ့။ အဲဒီဟာတော့ မြင်ရပါတယ်” ဟု ပြောသည်။ 

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင် ငြိမ်းချမ်းရေး ဆွေးနွေးကြရန် သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ကမ်းလှမ်းထားသည်။

ထို့နောက် အစိုးရသစ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့်လည်းကောင်း၊ ဇွန်လ ၉ ရက်နှင့် ၁၀ ရက်များတွင် NCA ထိုးထားသော လက်နက်ကိုင် ၇ ဖွဲ့ဖြင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်၌ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)နှင့်လည်းကောင်း သီးသန့်စီ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးထားသည်။

အလားတူ တရုတ်နယ်စပ်တွင် အခြေစိုက် လှုပ်ရှားသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)နှင့် မိုင်းလားမြို့မှာ ဇွန်လ ၁၇ ရက်တွင်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နှင့် ပန်ဆန်း(ပန်းခမ်း)မြို့မှာ ဇွန်လ ၁၈ ရက်တွင်လည်းကောင်း NSPNC က တွေ့ဆုံ ဆွေးနွေးထားသည်။