CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၉

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအပြီး တရုတ်နိုင်ငံသားများ ယခင်က ထက် ပိုမို ဝင်ရောက်လာမှုနှင့် တရုတ်၏ ကြီးစိုးမှုကို အစိုးရ၊ KIA နှင့် ရှမ်းတပ်ဖွဲ့များ ပူးပေါင်းကာ ထိန်းချုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ သိမ်းပိုက် ထိန်းချုပ်ထားသည့် နယ်မြေဒေသများ၌ တရုတ် စကားကိုသာ ပြောစေပြီး၊ တရုတ်ငွေကြေးဖြစ်သည့် ယွမ်ငွေကိုသာ သုံးစေကြောင်း၊ ထို့ပြင် တရုတ်စာ တန်းပါသည့် ဆိုင်းဘုတ်များနှင့် ကိုးကန့် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များကို ထုတ်ပေးလျက်ရှိနေ ကြောင်း သိရသည်။

ထိုဒေသများ၌ တရုတ်နိုင်ငံသားများ မြေဝယ်ယူမှု များလာနေပြီး၊ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် သတ္တုတူး ဖော်ခွင့်များကို ကိုးကန့်တပ်ဖွဲ့က ဖော်ဆောင်ပေး ထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို တရုတ်လူမျိုးများ ဝင်ရောက် ကျူးကျော် လာနေမှုများအား တားဆီးရန် ရှမ်းမြောက်ရှိ ကချင်တပ်များ၊ ရှမ်းတပ်များ၊ အခြား EAO တပ်များနှင့် ငြိမ်းချမ်းရေးရပြီး ထိရောက်စွာ ကိုင်တွယ်နိုင်မှသာ တားဆီးနိုင်မည်ဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန် လက CNI သတင်းဌာနသို့ ပြောသည်။

MNDAA က မြန်မာနာမည်ရွာတွေကို တရုတ်နာမည်နဲ့လုပ်ထားစဉ်

၎င်းက “အဲဒါကို ကာကွယ်ဖို့ဆိုရင် ရှမ်းမြောက်က ကချင်တပ်တွေ၊ SSPP တပ်တွေ၊ ရှမ်းတပ်တွေ၊ EAO တပ်တွေနဲ့ ငြိမ်းချမ်းရေးရပြီး နည်းနည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှ တားဆီးနိုင်မယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ ကချင်ပြည်နယ် ထိုးစစ်က ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး လမ်းကြောင်းကြီး ပွင့်သွားပြီ။ ကောင်းသွားပြီ။ ပြီးတော့ အပြီးတိုက်မယ်ဆိုတာထက် ကျနော့် အမြင်ကတော့ ပြည်တွင်း စည်းလုံးညီညွတ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ပြီးတော့မှ ခုနက ပြည်ပ ကိစ္စတွေပေါ့။ ကျူးကျော်မှု ကိစ္စတွေ၊ နယ်မြေတွေ ပဲ့ပါသွားတဲ့ ကိစ္စတွေကို အမြန်ဆုံး ကာကွယ်နိုင်ဖို့က ပိုအရေးပါ တယ်။ အဲဒီတော့ ရှမ်းမြောက်ကိစ္စကို ကာဖို့ဆိုရင် KIO နဲ့ SSPP တွေက ရှမ်းမြောက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြေလည်ပြီး ကာကွယ်နိုင်ဖို့က ပိုအရေးပါသလားလို့။ အဲဒီလို ဟိုဘက်မှာ ပိတ်နိုင်မှ ဒီဘက် မှာ အကောင်အထည် ဖော်နိုင်မယ်လို့တော့ ကျနော်က မြင်တယ်။ ဆိုတော့ ကချင်ပြည်နယ် စစ်ပွဲက စစ်ပွဲအပြီးတိုင် တိုက်ရေးထက် ငြိမ်းချမ်းရေးက ပိုအရေးပါနေတယ်။ ငြိမ်းချမ်းရေး အတတ်နိုင်ဆုံး ယူပြီး တော့မှ KIA တပ်တွေနဲ့ ရှမ်းမြောက်ဘက်မှာ SSPP တပ်တွေနဲ့ ကာနိုင်ဖို့က အရေးပါနေတယ်လို့ မြင်တယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးမှ စတင်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ သီပေါ၊ ကြူကုတ်-ပန်းဆိုင် စသည့် ဒေသများကိုပါ အုပ်ချုပ်ခွင့်ရရေး အစိုးရ-တပ်မတော် နှင့် ဆွေးနွေးလျက်ရှိသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်အင်အား သာမက လူဦးရေ အင်အားကို ပါ တည်ဆောက်နေပြီး အဓိကအားဖြင့် တရုတ်လူဦးရေ ပွားများလာအောင် သွင်းလာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

ကွတ်ခိုင်-မူဆယ်-ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုး၊ မုံးပေါ်တို့တွင် ဒေသခံလူထုသည် ကချင်လူမျိုးများ ကြောင်း၊ KIA ၏ တပ်မဟာ  ၄၊ ၆၊ ၁၀ တို့သည်လည်း ၎င်းဘက်၌ ရှိကြောင်း၊ လူဦးရေ ၂ သိန်း မပြည့် သည့် လူတစ်စု၏ နယ်မြေချဲ့ထွင်လာမှုကို ကျစ်လျစ်စွာ ကိုင်တွယ်မည်ဆိုပါက အချိန်မီသေးကြောင်း ၎င်းက ပြောသည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

ဒေါက်တာအမ်ကောန်လက “နိုင်ငံရေးအရရော စစ်ရေးအရ‌ရော ကိုင်တွယ် ဖို့လိုနေတယ်။ ဘာကြောင့်လဲ ဆိုတော့ demographic အရ လူ ၂ သိန်းတောင် မပြည့်တဲ့လူက proxy ပုံစံမျိုး ဒီလောက်ကြီးအထိ နယ်မြေ ချဲ့လာတာက ကျနော်တို့ အချဲ့ခံတယ်ဆိုရင် ကျနော်တို့ ညံ့နေတယ်လို့ ကျနော်အနေနဲ့ ဒီလိုပဲ မြင်တယ်။ ဒီဟာကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် နိုင်ငံရေးအရရော၊ စစ်ရေးအရရော ကိုင်တွယ်မယ်ဆို ကိုင်တွယ်လို့ ရနိုင်သေးတယ်။ ဒီဟာကို ဒီအတိုင်း လွှတ်ထားလိုက်ရင်တော့ နောင်တစ်ချိန်မှာ ဒီထက် ပိုခက်သွားမယ်။ ဘာလို့ဆို ကိုးကန့်က အခု စစ်အင်အား တည်ဆောက်နေတယ် ကျနော် သိရသလောက် ဆို၊ လူအင်အားရော စစ်အင်အားရော အဓိက,က သူတို့ရဲ့ တရုတ်လူဦးရေကို ပွားများလာအောင် သွင်းနေ တာက ကျနော်တို့ တော်တော်လေး ဒီကိစ္စကို ဆောင်ရွက်ရလိမ့်မယ်။ အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေး ပေါ့နော်။ အင်အားဦးစီးဌာန။ လ.ဝ.က ရယ်၊ ပြည်ထဲရေးရယ် ဒီ ၂ ခုက ကျ‌နော်တို့ နိုင်ငံရေးအရ စကား ပြောပြီးပြီဆိုရင် ကျနော်တို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်။ ကွမ်လုံရဲ့ ဟိုဘက် သံလွင်မြစ်ရဲ့ အရှေ့ဘက်ကို သူတို့နေရာကို ပြန်ထားကို ထားရလိမ့်မယ်။ အဲဒီလိုဆိုရင် တရုတ်နဲ့လည်း သေချာ ပြေလည်အောင် ညှိဖို့လိုတယ်။ အဲဒီလိုဆိုရင် အချင်းချင်း ပစ်နေခတ်နေလို့တော့ မလွယ်ဘူး။ အချင်းချင်း ပစ်နေခတ်နေရင် တရုတ်နဲ့လည်း ညှိရမှာ မဟုတ်ဘူး။ ဒီလိုပဲ MNDAA က ဒီကြားထဲမှာ ဝင်ပြီးတော့မှ စားသွားလိမ့်မယ်” ဟု ပြောသည်။

ကိုးကန့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(င) အရ ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း မြို့နယ်၊ လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေး ခြင်းကို ခံထားရခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် MNDAA သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် ပိုမိုကျော်လွန်ကာ နယ်မြေများ အား သိမ်းပိုက် ရရှိထားသကဲ့သို့ တရုတ်မှလည်း ကျောထောက်နောက်ခံ ပေးထားကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။