CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၈

မြန်မာနိုင်ငံရှိ နိုင်ငံသားများအားလုံးကို ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်) အား သက်ဆိုင်ရာမှ အမြဲစိစစ်နေရမည်ဖြစ်ကြောင်း နိုင်ငံရေးနှင့်စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

ထိုသို့ စိစစ်သင့်ရခြင်းမှာ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အဂတိလုပ်ဆောင်မှုများကြောင့် နိုင်ငံသား မဟုတ်သင့်သူများက နိုင်ငံသား ဖြစ်နေကြသည့် အတွက်ကြောင့် ဖြစ်ကြောင်း ၎င်းတို့က ထောက်ပြ ကြသည်။

အထူးသဖြင့် တရုတ်လူဦးရေ ပိုမို များပြားလာသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးပိုင်း တည်ငြိမ်သွားပါက ထိုကိစ္စအား စစ်ဆင်‌ရေးတစ်ရပ် အနေဖြင့် ပြန်လည်စိစစ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ် ဆောင်သည့်အတွက် တရုတ်ဘက်မှ စိတ်ဆိုးမည်ကို စိုးရိမ်၍မရကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ ဥပဒေမဲ့ လုပ်ရပ် ဟုတ်၊ မဟုတ်ကတော့ အမြဲတမ်းစိစစ်နေရမှာ။ အရင် ထုတ်တာတွေရော၊ အခုထုတ်တာတွေရော ဒါလုပ်ကိုလုပ်ရမှာ။ လုပ်သင့်တဲ့အလုပ်ပဲ။ ဘာဖြစ်လို့လဲဆိုရင် ဥပဒေနဲ့ မညီရင်တော့ ဖျက်သိမ်းလို့ရတယ်။ ဒါကြောင့်မို့ ဒီဟာကို စစ်ဆင်ရေး တစ်ရပ်အနေနဲ့ကို လုပ်သင့်တယ်။ ကျနော်တို့ ဥပမာ Demographic  အရှုပ်အထွေးဖြစ်နိုင်တဲ့ ရှမ်းမြောက်လို နေရာမျိုးဆိုရင် ကျနော်တို့ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ကောင်း ကောင်း တည်ငြိမ်သွားပြီဆိုတာနဲ့ ဒီကိစ္စကို စိစစ်ရမှာ။ ဥပမာ ရွာတွေမှာ တရုတ်အိမ်ထောင်စုတွေ သိပ်များနေ တယ်။ ဒါဆိုရင် အဓိပ္ပါယ်မရှိဘူး။ အရင်လူနေခဲ့တယ်၊ မနေခဲ့ဘူးဆိုတာ ရွာသားတွေအသိဆုံးပဲ။ ဒေသခံတွေ အသိဆုံးပဲ။ မြို့နယ်ရုံးတွေမှာလည်း မှတ်တမ်းတွေရှိတာပဲ။ ဒါစစ်ဆေးလို့ ရတယ်လေ။ သူပြန်စစ်လိုက်ရင် အကုန် ပေါ်မှာ။ အဲဒီအခါကြရင် သက်ဆိုင်ရာ မသမာမှု လုပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း အရေးယူ ဖို့တော့လို မယ်။ အဲဒီလိုပေါ့။ ဒါကတော့ မျက်နှာလိုက်လို့မရဘူး။ ကျနော်တို့က သေချာ ကြပ်မတ်ဖို့ လိုတယ်။ ဒါလည်း တရားတယ်။ ကျနော်တို့လုပ်လို့ တရုတ်က စိတ်ဆိုးမယ်လို့ စိုးရိမ်လို့ မရဘူး။ ကျနော်မြင်တာတော့ အဲဒီလို စိုးရိမ် တာကမှ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ကျဆုံးတာ။ ကျနော်တို့က လုပ်စရာရှိတာ ရဲရဲတင်းတင်းလုပ်ရမယ်။ ဟိုဘက်ကလည်း တရုတ်နဲ့ချုပ်ဆိုတဲ့ စာချုပ်တွေကိုလည်း လေးစားလိုက်နာပြီး ကောင်းကောင်းမွန်မွန် လုပ်‌ပေးဖို့ လိုတယ်။ ဒီလိုဆိုရင်တော့ သူတို့မပြောသာဘူးပေါ့။ ဒီနည်းလမ်းပဲ သွားရမယ်လို့မြင်ပါတယ်” ဟု ပြောသည်။

MNDAA က ထုတ်ပေးတဲ့ စိစစ်ရေးကတ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် တရုတ်လူမျိုးနှင့် ဘင်္ဂါလီလူမျိုး အချို့တို့သည် လဝက ဝန်ထမ်းများအား ငွေကြေးပေး၍ နိုင်ငံသားစိစစ်ရေးကဒ်(မှတ်ပုံတင်)များနှင့် အိမ်ထောင်စုစာရင်းများ ရယူထားကြောင်း နိုင်ငံရေးနှင့်စစ်ရေး အကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်းထိန်းချုပ်ရာ ဒေသများ၌ ကိုးကန့် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ကိုသာ ကိုင်ဆောင်စေကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ကာလအထိ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မရှိသေးသူများနှင့် Unique ID (UID) ကတ် (Biometric စနစ်) မရရှိသေးသူများကို ထုတ်ပေးခဲ့သည်။

ထိုကာလအတွင်း လူဦးရေ ၉ ဒသမ ၈ သန်းကျော်အား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ရက် ၁၀၀ စီံမံကိန်း ကာလအတွင်း လမင်းစီမံချက်ဟုဆိုကာ နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) မရှိသေးသူများနှင့် Unique ID (UID) ကဒ် (Biometric စနစ်) မရရှိသေး သူများကို ထုတ်ပေးလျက်ရှိသည်။

တစ်နိုင်ငံလုံး UID စမတ်ကဒ်စနစ် လွှမ်းခြုံသွားမည်ဆိုပါက နိုင်ငံသားအားလုံး မည်သူမည်ဝါဖြစ်ကြောင်း အကုန် ပေါ်သွားမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ လူတန်းစေ့အောင် မလုပ်နိုင်သေးကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်း ဌာနသို့ ပြောသည်။

မှတ်ပုံတင် ထုတ်ပေးနေစဉ်

၎င်းက “ကဒ်တွေကို အခုက ကျနော်တို့က e-ID နဲ့ စစ်ဆေးနေတယ်။ ဘာလို့ဆို ကဒ်အသစ် လာလျှောက်တာ တို့ဆို မိဘမျိုးရိုးစဉ်ဆက် စစ်ဆေးတာတွေ တိတိကျကျ ကျနော်တို့ လုပ်ပါတယ်။ ကဒ်အဟောင်းကို အသက်ကြီး လို့ သက်ပြည့်လဲတဲ့ ကဒ်တွေဆိုရင်လည်း သေချာစိစစ်ပြီးတော့ လုပ်ပါတယ်။ နောက်တစ်ခု ကတော့ စမတ်ကဒ် အဆင့် biometric နဲ့သွားလို့ရတဲ့ စမတ်ကဒ် အဆင့်လည်း တော်တော် လွှမ်းခြုံပြီးတော့ လုပ်ပေးနေပါပြီ။ ဒီအပိုင်း တွေ အကုန်လုံးစုံပြီး အကုန်လုံး စမတ်ကဒ်အဆင့်ကို ရောက်သွားပြီ ဆိုရင်တော့ နိုင်ငံသားအကုန်လုံးက မှတ်ပုံ တင်၊ ဘယ်သူဘယ်ဝါဆိုတာ အကုန်ပေါ်သွားမှာပါ။ အခုကတော့ ကျနော်တို့က ၁၀ နှစ်အောက်ဆိုရင် ဘာမှ မလုပ် နိုင်သေးဘူး။ ၁၀ နှစ် အထက်ဆိုရင်ကိုပဲ လူတန်းစေ့အောင် မလုပ်နိုင်သေးဘူး ဖြစ်နေတာလေ။ အဲဒီတော့ စမတ် ကဒ် အဆင့်ကို နိုင်ငံသားအားလုံး ပြုလုပ်ပြီးသား၊ မှတ်ပုံတင်ပြီးသား အဆင့်ရောက်အောင်တော့ ကျနော်တို့ ကြိုးစားကြရမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် အခြေခံ ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) မှ ထုတ်ပေးပြီး အသက် ၁၀ နှစ်နှင့် ၁၈ နှစ် ပြည်သူများသည် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ဖြင့် သက်ဆိုင်ရာ လဝကရုံးများ၌ ကိုယ်တိုင်လျှောက် ထားရမည်ဖြစ်သည်။

သို့သော် လဝက ဝန်ထမ်းများ၏ အဂတိတရား လိုက်စားမှုများကြောင့် နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကဒ်(မှတ်ပုံတင်)များ ထုတ်ပေးထားခြင်းဖြင့် မြန်မာနိုင်ငံအတွင်း၌ အခြားနိုင်ငံမှ လူမျိုးများ စိမ့်ဝင်လာလျက် ရှိနေသည်ဟု နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

ထိုသို့ အခြားနိုင်ငံသားများ စိမ့်ဝင်နေမှုကို ပြန်လည်စိစစ်ပြီး လာဘ်စား၍ လုပ်ဆောင်ပေးခဲ့သည့် လဝက ဝန်ထမ်း များကိုလည်း အရေးယူ ဆောင်ရွက်သင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။