CNI Interview

၂၀၂၆ ခုနှစ်၊ မေလ ၁၃

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။

ထို့နောက် မြန်မာ့တပ်မတော်သည် ၁ နှစ်နှင့် ၃ လကျော် စစ်ဆင်ရေးလုပ်၍ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် ဆက်စပ်ဒေသ မြို့များကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KIA ၏ အနောက် မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးအတွက် အကျပ်အတည်းများ ရင်ဆိုင်လာနေရသည်။

တခြား တစ်ဖက်မှာလည်း ကိုးကန့်တပ်ဖွဲ့(MNDAA)က တရုတ်၏ ထောက်ပံ့ ကူညီမှုဖြင့် ရှမ်းပြည်နယ်‌မြောက်ပိုင်း ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်း တစ်လျှောက်ရှိ မြို့များကို ထိန်းချုပ်လာသလို နမ့်ခမ်းမြို့ကိုလည်း ထိန်းချုပ် ရန် ပြင်ဆင်လျက်ရှိသည်။

ထို့နောက် တရုတ်နိုင်ငံသားများ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ဝင်ရောက်၍ မြေများ ဝယ်ယူခြင်းနှင့် စီးပွား ရေး ရင်းနှီးမြှုပ်နှံမှုများလုပ်ကာ လူဦးရေတိုးပွားခြင်းဖြင့် တရုတ်လွှမ်းမိုးမှုကို ချဲ့ထွင်လျက်ရှိနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။ 

မေး ။      ။ လက်ရှိမှာ စစ်တပ်က ကချင်ကို ထိုးစစ်ဆင်နေတာ ဘာကြောင့် ဖြစ်နိုင်လဲ။

ဖြေ ။      ။ အခုကတော့ မြစ်ကြီးနား-မန္တလေး ကားလမ်းတောင် ပွင့်သွားပြီလေ။ နန့်စီးအောင်၊ မိုးညှင်း အဲဒါတွေ အကုန် ပွင့်သွားပြီဆိုတော့ အနေအထားကတော့ ကျနော်တို့ မြင်တာကတော့ ကသာလည်း အစိုးရဘက်က ပြန်ရ သွားပြီဆိုတော့ ဗန်းမော် အနေအထားကလည်း ရှင်းရှင်းပြောရရင် KIO ဘက်က အခြေအနေ မကောင်းဘူးပေါ့။ 

အစိုးရဘက်ကတော့ အကုန်ပြန်ရနိုင်တဲ့ အနေအထားတွေရှိတယ်။ ကျနော်တို့ မြင်တာက အခုက အစိုးရသစ် အနေနဲ့ ဒီကိစ္စက နည်းနည်း ကျယ်ပြန့်တယ် ပြောရရင်လေ။ အစိုးရအသစ် အနေနဲ့ KIO နဲ့ ငြိမ်းချမ်းရေးကိစ္စ ကတော့ အထိရောက်ဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်ရင်တော့ ကောင်းမယ်။ အပြုတ်တိုက်တာထက်စာရင် ကျနော့် အမြင်ပေါ့နော်။ 

ဘာလို့လဲဆိုတော့ အခုက ကချင်ပြည်နယ်ဘက်ကို ဒီဘက်က အစိုးရစစ်တပ်က ထိုးတာတွေက နယ်မြေရအောင် ရှင်းရှင်းပြောရရင် စစ်ကိုင်းတိုင်းလမ်းကြောင်း၊ ဟိုဘက်က ချင်းပြည်နယ်လမ်းကြောင်း ထောက်ပံ့ရေး လမ်း ကြောင်းတွေ ဖြတ်တောက်ပြီးတော့မှ စစ်ပွဲတွေ နိုင်အောင် ပြန်တိုက်နေတာပေါ့နော်။ ဒါပေမယ့် အဓိက,က အဲဒီ ဘက်ကို လုပ်ရင်းနဲ့ တစ်ဖက်ကလည်း အားနည်းချက်က ရှမ်းမြောက်ဖက်မှာ အားနည်းချက်က တော်တော်လေး ကြီးလာတယ်။ ကြီးလာတော့ အခု BRI ကုန်သွယ်‌ရေးလမ်းကြောင်းကို ဖွင့်ဖို့အတွက် လုပ်တဲ့အခါကြတော့ ရှမ်း မြောက်မှာက MNDAA ကိုးကန့်တို့က သူနဲ့မဆိုင်တဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးတွေ ထူထောင်တာတွေ၊ နောက် တစ်ခါ ကျနော်တို့ရဲ့ national identity ကိုပါ ထိခိုက်ပြီး ဆောင်ရွက်လာတာတွေက အန္တရာယ်ပိုကြီးနေသလား လို့။ 

ကချင်ပြည်နယ် အပြောင်းအလဲထက် ရှင်းရှင်းပြောရင် KIO နဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ရင်တော့ ဒီဘက်က ရှမ်းမြောက်က အရေးကြီးတဲ့ ကျနော်တို့ ကိစ္စတွေမှာ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း တိုင်းပြည်အတွက် တကယ့် နယ်မြေ ကျူး‌ကျော်ရေးနဲ့ အလွှမ်းမိုးခံဒေသ အန္တရာယ်အရှိဆုံးနေရာက ၂ ခုပဲရှိတယ်။ ရခိုင် ဘူးသီးတောင်၊ မောင်တောနဲ့ ရှမ်းမြောက်ပဲ။ 

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တွေနဲ့ နယ်မြေ အခြေအနေကို ပြသထားစဉ်

အခု အဲဒီ tension က ၂ ခုစလုံးက အတူတူပဲ။ အဲဒီဟာက တခြားဘာထက်မှာ အရေးမကြီးဘူး ကျနော်မြင်တာက။ မဟုတ်ရင်တော့ ပဲ့ပါတော့မယ်။ ဘူးသီးတောင်၊ မောင်တောဘက်လည်း ထိန်းတော့ထိန်းထားနိုင်တယ်။ ဒါပေမယ့် ရှမ်းမြောက်က လျင်လျင်မြန်မြန်ကို ပဲ့ပါနေတဲ့ သဘောရှိတယ်။ ကုန်သွယ်ရေး လမ်းကြောင်းဖွင့်မယ် BRI လုပ် မယ်။ MNDAA က လုံခြုံရေး အစောင့်တပ် အနေနဲ့ သဘောမျိုးနဲ့ သွားနေမယ့် ဒီဟာကို လမ်းကြောင်းဖွင့်ပြီး သွား တယ်ဆိုတော့ အစိုးရအကျိုးရှိတယ်လို့ ယူဆလို့ရပေမယ့်  ကျနော်တို့ရဲ့ နယ်မြေနဲ့ အမျိုးသားရေးလက္ခဏာ ပျက်စီး ဆုံးရှုံးမှုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ အဲဒီဟာက ရှင်းရှင်းပြောရရင် ရှမ်းမြောက်က အခု လက်ရှိ အနေအထားဆိုရင် ဟိုဘက်က ဘင်္ဂါလီအရေးထက် တောင်မှ ပိုပြီးတော့မှ အရေးကြီးနေတယ်။

ဆိုတော့ မြန်မြန်သွက်သွက်ကို လားရှိုးအထိ ရောက်လာတာကို။ အဲဒါကို ကာကွယ်ဖို့ဆိုရင် ရှမ်းမြောက်က ကချင် တပ်တွေ၊ SSPP တပ်တွေ၊ ရှမ်းတပ်တွေ၊ EAO တပ်တွေနဲ့ ငြိမ်းချမ်းရေးရပြီး နည်းနည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှ တားဆီးနိုင်မယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ကချင်ပြည်နယ်ထိုးစစ်က ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး လမ်းကြောင်းကြီး ပွင့်သွားပြီ။ ကောင်းသွားပြီ။ ပြီးတော့ အပြီးတိုက်မယ်ဆိုတာထက် ကျနော့် အမြင်ကတော့ ပြည်တွင်း စည်းလုံးညီညွတ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပြီးတော့မှ ခုနက ပြည်ပကိစ္စ တွေပေါ့။ ကျုးကျော်မှုကိစ္စတွေ၊ နယ်မြေတွေ ပဲ့ပါသွားတဲ့ကိစ္စတွေကို အမြန်ဆုံး ကာကွယ်နိုင်ဖို့က ပိုအရေးပါ တယ်။

အဲဒီတော့ ရှမ်းမြောက်ကိစ္စကို ကာဖို့ဆိုရင် KIO နဲ့ SSPP တွေက ရှမ်းမြောက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြေလည် ပြီး ကာကွယ်နိုင်ဖို့က ပိုအရေးပါသလားလို့။ အဲဒီလို ဟိုဘက်မှာ ပိတ်နိုင်မှ ဒီဘက်မှာ အကောင်အထည် ဖော်နိုင် မယ်လို့တော့ ကျနော်က မြင်တယ်။ ဆိုတော့ ကချင်ပြည်နယ် စစ်ပွဲက စစ်ပွဲအပြီးတိုင် တိုက်ရေးထက် ငြိမ်းချမ်း ရေးက ပိုအရေးပါနေတယ်။ ငြိမ်းချမ်းရေး အတတ်နိုင်ဆုံးယူပြီးတော့မှ KIA တပ်တွေနဲ့ ရှမ်းမြောက်ဘက်မှာ SSPP တပ်တွေနဲ့ ကာနိုင်ဖို့က အရေးပါနေတယ်လို့ မြင်တယ်။

မေး ။      ။ အခုအခါမှာ စစ်တပ်ဘက်က အခုလိုမျိုး ထိုးစစ်တွေ အများအပြား ပြန်ဆင်လာတာက ဘယ်လို အခင်းအကျင်း ဖြစ်နိုင်မလဲ။

ဖြေ ။       ။ အဲဒီဟာကတော့ ကျနော်မြင်တာကတော့ အစိုးရတပ်တွေ အနေနဲ့ကတော့ ဥပမာ အနောက်ဘက် ဒေသပေါ့၊ အနောက်နဲ့ အနောက်မြောက်ဘက် ဒေသတွေ ကျနော်တို့ စစ်ကိုင်း-မကွေး ချိတ်ဆက်မှုတွေကို cut out လုပ်နေတာ။ ဥပမာ- ကလေး/ကလေးဝလမ်း၊ ဖလမ်း အဲဒီဘက်ကိုလည်း ထိုးစစ်ဆင်တယ်။ ဒီဘက်က ကချင်ပြည်နယ်ဘက်က လမ်းကြောင်းဆိုလည်း ကုန်သွယ်ရေး လမ်းကြောင်းတွေဖွင့်တယ်၊ အဲဒီလိုမျိုးတွေ လုပ်တယ်။ လုပ်တဲ့ဟာက အမှန်တော့ အစိုးရတစ်ရပ် အနေနဲ့ ဘယ်အစိုးရ တက်တက် ဒီဟာကတော့ သူလုပ်ကို လုပ်မယ့် ကိစ္စတွေပဲ၊ သူဦးစားပေး လုပ်ရမယ့် အလုပ်တွေလို့ပဲ ကျနော်မြင်တယ်လေ။

အဲဒီဟာမှာလည်း အခုက အစိုးရက အနောက်နဲ့ အနောက်မြောက်ဘက် ချိတ်နေတဲ့ဘက်ကို သူ ဖြတ်တောက် လုပ်တာကလည်း တကယ်တမ်းကြတော့ ချင်းရယ်၊ နာဂရယ်၊ ကချင်ရယ်၊ ရခိုင်ရယ်က ဆက်စပ်မှုက ဗိုလ်ချုပ် ဂွမ်မော်က ပြောထားတယ်လေ။ မတ်လက တစ်ခါ သူပြောထားတာ ရှိတယ်။ အဲဒီကိစ္စကလည်း တော်တော် အန္တရာယ်ကြီးတယ်။ အစိုးရဘက်က ကြည့်ရင် အန္တရာယ်ကြီး နေတာပေါ့။ 

ဟိုဘက်က တိုင်းရင်းသား လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်ကတော့ သူ့ဟာနဲ့သူ သူ့ရည်မှန်းချက်နဲ့သူ မှန်ပါလိမ့်မယ်။ ဒီဘက်ကတော့ အစိုးရ တိုင်းပြည်တစ်ခု အနေနဲ့ကြည့်ရင်တော့ တိုင်းပြည်ပြိုကွဲရေးကို မြန်မြန် ဆန်ဆန် ထိန်းချုပ်ပြီးတော့မှ ထိုးစစ်ဆင်နေတယ်လို့ပဲ မြင်တယ်။ ဒါကလည်း သူလုပ်ရမယ့် အလုပ်ပေါ့နော်။ ဒါတွေ ဖြတ်တောက်ပြီးမှ အခု အဲဒါတွေ ဖြတ်တောက်တာတောင် ဟိုဘက်မှာ နယ်မြေတွေက ပါနေတယ်ဗျာ။ 

ကိုးကန့်ကိစ္စဆိုရင် တော်တော် အရေးကြီးနေတယ် ကျနော်တို့ မြင်တာကလေ။ အဲဒါကလွဲရင် တခြား ဘာမှအရေး မကြီးဘူး။ အဲဒီတော့ ခုနကလိုပေါ့ အနောက်မြောက်နဲ့ အနောက်ဘက်ဒေသ ချင်းနဲ့ နာဂဘက်ကို အိန္ဒိယ ကုန် သွယ်ရေး လမ်းကြောင်း ဖွင့်ဖို့ရော၊ နောက်တစ်ခါ စစ်ကိုင်းနဲ့ မကွေးရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်ဖို့ရောကြတော့ အဲဒါကြောင့်လည်း ထိုးစစ်ဆင်တာပေါ့။ ဒါကတော့ တပ်က သူလုပ်ရမယ့်အလုပ် သူလုပ် တယ်လို့ပဲ ကျနော်မြင်ပါတယ်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို  တပ်က ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ထိန်းချုပ်လိုက်စဉ်

မေး ။      ။ လက်ရှိမှာ ကချင်နဲ့ စစ်ကိုင်းအစပ်က မြို့တွေကို စစ်တပ်က ပြန်ပြီးထိန်းချုပ်လိုက်နိုင်တဲ့ အနေအထား ဆိုတော့ ဒီအခင်းအကျင်းကနေ ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားနိုင်မလဲ။

ဖြေ ။    ။ တကောင်း တိုက်ပွဲက အဆုံးအဖြတ် ဖြစ်နေတယ်။ တကောင်းပြီးတာနဲ့ ထီးချိုင့်ကို ရောက်တာလေ။ ထီးချိုင့်မှာ တကောင်း နီကယ်စက်ရုံ၊ တရုတ် နီကယ်စက်ရုံရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကို ကူးလိုက်တာနဲ့ ကသုံးလုံးနယ်မြေကို စစ်ကြောင်းထိုးတာပဲ။ ဘယ်လိုပဲပြောပြော စစ်ကိုင်းနဲ့ ကချင်ကို ဖြတ် လိုက်နိုင်တာနဲ့ စစ်ကိုင်း-မကွေး အညာဒေသရယ်၊ နောက်တစ်ခါ CNF တွေ ကြီးစိုးထားတဲ့ ချင်းပြည်နယ်ရဲ့ ဟာတွေက အကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောရရင် လက်နက်ထောက်ပံ့ရေး လမ်းကြောင်းပေါ် အဲဒါ အကုန် ပြတ်သွားတာ။ အဲဒါက မဟာဗျူဟာကျတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကိုင်းနဲ့ ချင်းဘက်၊ မကွေးဘက်က အဓိက လက်နက် ထောက်ပံ့ရေးလမ်းကြောင်းက AA က နည်းနည်းလေးပဲလာတယ်။ အဓိက,က KIO ဆီကပဲ။ KIO လက်နက် စက်ရုံတွေဆီကနေမှ သွားနေတာ။ သွားနေတာဆိုတော့ ဒီစစ်ဆင်ရေးက အစိုးရဘက်က ကြည့်ရင် အလွန်အရေးပါတယ်။ ဒါ ဖြတ်ကို ဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ အဲဒါမှ စစ်ကိုင်း-မကွေးကို control ပြန်လုပ်နိုင်မယ်။ ကျနော်ထင်တယ် စစ်ကိုင်း-မကွေးကို control လုပ်ရင်းနဲ့ ဟိုဘက်ကို ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော်မယ်နဲ့တူတယ်။ နောက်လလောက်ဆို။ ကျနော် မြင်တာကတော့ အဲဒီလိုမြင်တယ်။ 

မေး ။      ။ အခုဆိုရင် ရှမ်းမြောက်မှာ တရုတ်တွေက ပိုပိုပြီး နေရာယူလာတာ တွေ့ရတာပေါ့။ ဒီအခင်းအကျင်းကို အစိုးရအနေနဲ့ ဘယ်လိုဟန့်တားသင့်မလဲ။ တကယ်လို့ မဟန့်တားနိုင်ရင် ဘယ်လို အနေအထား ဖြစ်သွားနိုင်မလဲ။

ဖြေ ။     ။ ကိုးကန့် MNDAA က နာမည်ခံပေမယ့် တကယ်တမ်း သူ့လူဦးရေက ၁ သိန်းခွဲလောက်ပဲရှိတယ်၊ ၂ သိန်း မပြည့်ဘူး။ ကျနော်တို့ ကိုးကန့်စစ်ပွဲတွေ ဘာတွေ ပြီးနောက်ပိုင်း ဖုန်ကျားရှင်တို့ ထွက်သွားပြီး တိန့်ရှောင်ဖိန် တို့ အုပ်စုပေါ့နော်၊ ဘယ်အုပ်စုက ဒီဘက်က မြန်မာအစိုးရနဲ့ ပေါင်းပြီးတော့မှ ထိန်းသိမ်းနေတဲ့ကာလ။ သူတို့ တိုက်ပွဲကာလ အကုန်၊ သူတို့ရဲ့ လူဦးရေက demographic က အရေးကြီးတယ်။

စစ်ပွဲတစ်ပွဲ အရှုံးအနိုင်နဲ့ လွှမ်းမိုးနိုင်မှုက အဲဒီတော့ သူတို့က လူဦးရေ ၂ သိန်းမကျော်ဘူး။ အဲဒီလောက်နဲ့ဆိုရင် သူတို့ကို ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီးတော့မှ လောက်ကိုင်နဲ့ ကုန်းကြမ်းကို ပေးထားတယ်။ အဲဒီမှာ ချင်းရွှေဟော်နဲ့ ကွမ်လုံတို့မပါဘူး။ ဒါပေမယ့် နယ်မြေက ဆက်စပ်နေတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးက ချင်းရွှေဟော်က မူဆယ်ပြီးရင် အရေးပါတော့ အဲဒီဘက်ကိုပါ သူတို့က ကျူးလာတာ။ ကျူးလာတော့ ခုနက ကျနော်ပြောတဲ့ သူတို့ရဲ့ demographic အရဆိုရင် စစ်ပွဲတစ်ပွဲ အနိုင်တိုက်ဖို့ရော အုပ်ချုပ်ရေးနယ်မြေကို ဒီလောက်အကျယ်ကြီး ထိန်းဖို့ရော၊ သံလွင်မြစ် အနောက်ဖက်ကမ်းကို ကူးတာကိုက မဖြစ်နိုင်ဘူး။ 

အဲဒီတော့ ဘာဖြစ်နေလဲဆိုတော့ အခုသတင်းတွေလည်း တော်တော်တက် လာနေတယ်လေ အားလုံးလည်း သိနေတာပဲ။ အခုရှမ်းမြောက်မှာက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်သွင်းလာတယ်။ လုပ်ငန်းရှင်တွေကနေတဆင့် တရုတ်အလုပ်သမားတွေ သွင်းလာတယ်။ တရုတ်အလုပ်သမားတွေ သွင်းလာပြီး တော့ လူဦးရေအရ သူတို့က လွှမ်းမိုးဖို့ ဘင်္ဂါလီတွေလိုပဲ တစ်ပုံစံပဲ အဲဒီဟာကို သူတို့ကျင့်သုံးလာတယ်။ ကျင့်သုံး လာတော့ ကိုးကန့်ရဲ့ EAO တပ်ထဲမှာလည်း ကိုးကန့်စစ်သားထက် တကယ်တမ်းဆိုရင် ဒေသခံ ကချင်တွေ၊ နောက်တစ်ခါ ရှမ်းတွေ၊ တချို့ ကျနော်တို့ သိရသ‌လောက်ဆိုရင် ဗမာပြည်အလယ်ပိုင်းက ဗမာလုပ်သားတွေ ပေါ့နော်။ ဗမာအလုပ်သမားတချို့ကလည်း အဲဒီမှာ လစာရတဲ့အခါကြတော့ ကြေးစားစစ်သား အနေနဲ့ဝင်ပြီး လုပ်ကြတယ်။ 

MNDAA ခေါင်းဆောင်ကို တွေ့ရစဉ်

သူတို့က နယ်မြေထိန်းသိမ်းဖို့အတွက် တပ်အင်အား ထူထောင်ရမယ်ဆိုပြီးတော့မှ ဒီဟာကို ပြင်ဆင်နေတယ်ဆိုတဲ့ ဟာတွေ ထွက်လာတယ်။ ထွက်လာတော့ ဒီအန္တရာယ်က အခုကသူတို့က ဘယ်လိုဖြစ်လဲဆို ကွမ်လုံကို ရအောင် တိုက်ပြီးတော့မှ ကွမ်လုံတံတား ဒီဘက်ကျော်လာပြီ။ သံလွင်မြစ် အနောက်ဘက်ကို ကူးလာတာ။ ကူးလာတာက ဘယ်လောက်အထိဆိုးလဲဆို ကွမ်လုံကနေ တက်လာရင် သိန္နီ‌ရောက်နေပြီ။ သိန္နီကနေ ကွတ်ခိုင်၊ လားရှိုးနဲ့ သိန္နီကြားမှာ ကွတ်ခိုင်အထိ သူတို့က ထိန်းသိမ်းလိုက်တယ်ပေါ့နော်။ မဆုတ်ပေးဘူးပေါ့။ ထိန်းသိမ်းတာထက် အုပ်ချုပ်ရေးကို ထူထောင်နေတာကဆိုးတာ။ အုပ်ချုပ်ရေးထူထောင်တာက သူတို့ရဲ့ national identity ဟန် တရုတ်ရဲ့ national identity ကိုပါ ရိုက်သွင်းတာ။ တရုတ်စာတွေသင်တယ်။ မဖြစ်မနေ တရုတ်စာတွေကို ဆိုင်းဘုတ်တွေမှာ ရေးတယ်။ မဖြစ်မနေ လူဦးရေအရ လွှမ်းမိုးတယ်။ ဒီဟာက ကျနော်တို့ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးနေတယ်။

အဲဒီဟာကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ကိုလုပ်ရမယ် ဒီကိုးကန့် အရေးကတော့။ အဲဒါကြောင့် ကိုးကန့်ကို ရှမ်းမြောက်မှာ ထိန်းဖို့အတွက်ဆိုရင် သိန္နီကိုလည်း တရုတ်နာမည်တွေဘာတွေ သူတို့ပြန်ပြောင်းနေတယ်လေ။ အဲဒီတော့ အဲဒါကို ထိန်းဖို့အတွက်ဆိုရင် ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသား EAO အဖွဲ့တွေက အရေးပါတယ်။ အရေးပါတယ်ဆိုတာ ခုနက ကျနော်ပြောတာပေါ့ KIO နဲ့ အလျင်အမြန် ငြိမ်းချမ်းရေး အရင်တည်ဆောက်ဖို့ လိုတယ်။ ဒါ နှစ်ဦးနှစ်ဖက်လုံးနဲ့ ဆိုင်တယ်။ KIO ဘက်ကလည်း နိုင်ငံရေး မျှော်မှန်းချက်တွေ ရှိတာက ရှိတာပေါ့။ ကိုယ်နဲ့တစ်ပြည်ထောင်စုသား အချင်းချင်းက အရင်ညီညွတ်ဖို့ လိုနေတယ်။ အခုဟာက ပြည်ပကျူးကျော်မှု ဆန်ဆန် ဖြစ်လာတာ။

ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ ၂၀၂၁ နိုင်ငံရေးပဋိပက္ခ အရှုပ်အထွေးကနေ အဲဒါတွေ ဖြစ်လာတာ။ ဖြစ်လာတဲ့ အခါကြတော့ အချင်းချင်း တိုက်တာခိုက်တာထက် နိုင်ငံရေးရလိုမှု၊ ဖော်ဆောင်မှုနဲ့ တိုက်တာခိုက်တာထက် အခုက ပြည်ပကနေ ဝင်ရောက်စွက်ဖက်မှုက ပိုအရေးပါနေတယ်။ အဲဒါကို ကာကွယ်ဖို့ဆိုရင် ကိုယ့် အချင်းချင်းက အရင် peace process ကို မြန်မြန် လက်တွဲပြီးတော့မှ ဒီကိစ္စကို ရှမ်းမြောက်မှာရှိတဲ့ ဒေသခံက ကချင်နဲ့ရှမ်း အဓိကပဲ။ အဲဒီတော့ ရှမ်းနဲ့လည်း SSPP/SSA နဲ့လည်း သေချာပြန်ပြီးတော့မှ လုပ်ဖို့လိုသလို ကချင်နဲ့လည်း လုပ်ဖို့လိုတယ်။ အဲဒါမှ MNDAA ရဲ့လွှမ်းမိုးမှုကို ကျနော်တို့ ပြန်ထိန်းနိုင်မယ်လို့ မြင်တယ်။ အဲဒီလောက်အထိ အရေးကြီးတယ်။ အရေးကြီးတော့ ကျနော် ခုနက ပြောသလိုပဲ ကချင်တိုက်ပွဲတွေ၊ ချင်းဘက်က တိုက်ပွဲတွေ၊ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်က တိုက်ပွဲတွေ ထိုက်သင့်သလောက်ပြီးပြီဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင် အာဃတတွေ၊ အညှိုးအတေးတွေ၊ လိုအပ်ချက်တွေကို ထားပြီးတော့မှ ကျနော်တို့ အချင်းချင်းက မြန်မြန် အထိုက်အလျောက် တစ်ခုခုတော့ သဘောတူညီချက်နဲ့ စုစည်းဖို့တော့ လိုနေတယ်။ ဒါက ပထမဦးစားပေးပဲ ကျနော် မြင်တာကတော့။ တခြားဘယ်ဟာမှ အရေးမကြီးဘူး။ 

နောက်မှ ကိုယ့်အချင်းချင်း ဘယ်လိုပြန်ပြောပြော၊ အခုက ပြည်ပက လူမျိုးစုတစ်ခုက ကျူးကျော်မှု ဖြစ်နေတယ်။ ဒီဟာက ကျနော်တို့ တရုတ်နဲ့ မြန်မာကြားမှာ မလှိမ့်တစ်ပတ် ဝင်လုပ်တဲ့သဘော ဖြစ်နေတယ်။ အဲဒါကို အလျင် အမြန် ဖြေရှင်းဖို့လိုတယ်။ ဒီဘက်ကလည်း နိုင်ငံတော်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များလည်း ဒီကိစ္စက သိပြီးပြီးဖြစ်ပါ တယ်။ ဆောင်ရွက်ဖို့က သူတို့ စီစဉ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကျနော် ဒီကနေ မေတ္တာရပ်ခံလိုတာက နှစ်ဖက်စလုံးပေါ့။ နှစ်ဖက်စလုံးက ဒီအန္တရာယ်ကို ကြည့်ပြီးတော့မှ ဖြေရှင်းဖို့တော့ လိုနေတယ်။ သဘောထား ကြီးဖို့တော့ လိုနေတယ်လို့ ကျနော်ပြောချင်တယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့  MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်

မေး ။      ။ ဒီအခင်းအကျင်းကို ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော ဘယ်လိုပူးပေါင်းဖြေရှင်းသင့်မလဲ။

ဖြေ ။       ။ ဥပမာ ကွတ်ခိုင်ပေါ့။ ကွတ်ခိုင်-မူဆယ် ဟိုဘက် အခုသိမ်းထားတဲ့ ကြူကုတ်(ပန်ဆိုင်း)တို့၊ နောက် တစ်ခါ ဟိုဘက်က မုံးကိုးတို့၊ မုံးပေါ်တို့က အဲဒီနေရာတွေက အကုန်လုံး ကချင်တွေရဲ့နေရာ။ လူထုကလည်း ကချင် လူထုများတယ်။ အဲဒီမှာ ကချင်ရွာတွေချည်းပဲ။ နောက်တစ်ခါ KIA တပ်မဟာဆိုလည်း တပ်မဟာ ၆ နဲ့ ၄၊ ၆၊ ၁၀ အဲဒီဘက်မှာရှိတယ်။ ကျနော်တို့ အချင်းချင်း နားလည်မှု ရတယ်ဆိုရင် ဒေသခံ လူထုအားနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ လိုနေတယ်။  နိုင်ငံရေးအရရော စစ်ရေးအရ‌ရော ကိုင်တွယ်ဖို့လိုနေတယ်။ 

ဘာကြောင့်လဲဆိုတော့ demographic အရ လူ ၂ သိန်းတောင် မပြည့်တဲ့လူက proxy ပုံစံမျိုး ဒီလောက်ကြီးအထိ နယ်မြေချဲ့လာတာက ကျနော်တို့ အချဲ့ခံတယ်ဆိုရင် ကျနော်တို့ ညံ့နေတယ်လို့ ကျနော့် အနေနဲ့ ဒီလိုပဲမြင်တယ်။ ဒီဟာကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် နိုင်ငံရေးအရရော၊ စစ်ရေးအရရော ကိုင်တွယ်မယ်ဆို ကိုင်တွယ်လို့ ရနိုင်သေး တယ်။ ဒီဟာကို ဒီအတိုင်း လွှတ်ထားလိုက်ရင်တော့ နောင်တစ်ချိန်မှာ ဒီထက်ပိုခက်သွားမယ်။ ဘာလို့ဆို ကိုးကန့် ကအခု စစ်အင်အား တည်ဆောက်နေတယ်၊ ကျနော်သိရသလောက်ဆို၊ လူအင်အားရော စစ်အင်အားရော အဓိက က သူတို့ရဲ့ တရုတ်လူဦးရေကို ပွားများလာအောင် သွင်းနေတာက ကျနော်တို့ တော်တော်လေး ဒီကိစ္စကို ဆောင်ရွက်ရလိမ့်မယ်။

အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးပေါ့နော်။ အင်အားဦးစီးဌာန။ လ.ဝ.က ရယ်၊ ပြည်ထဲရေးရယ် ဒီ ၂ ခုက ကျ‌နော် တို့ နိုင်ငံရေးအရ စကားပြောပြီးပြီဆိုရင် ကျနော်တို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်။ ကွမ်လုံရဲ့ ဟိုဘက် သံလွင်မြစ်ရဲ့ အရှေ့ဘက်ကို သူတို့နေရာကို ပြန်ထားကို ထားရလိမ့်မယ်။ အဲဒီလိုဆိုရင် တရုတ်နဲ့လည်း သေချာ ပြေလည်အောင် ညှိဖို့လိုတယ်။ အဲဒီလိုဆိုရင် အချင်းချင်း ပစ်နေခတ်နေလို့တော့ မလွယ်ဘူး။ အချင်းချင်း ပစ်နေ ခတ်နေရင် တရုတ်နဲ့လည်း ညှိရမှာမဟုတ်ဘူး။ ဒီလိုပဲ MNDAA က ဒီကြားထဲမှာ ဝင်ပြီးတော့မှ စားသွားလိမ့်မယ်။ ကျနော့်အမြင်ကတော့ တော်တော် အန္တရာယ်ကြီးနေတယ်လို့ မြင်ပါတယ်။

မေး ။      ။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်မှာ အစိုးရသစ်က တက်လာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ တရုတ်နဲ့ ကြားထဲမှာလည်း ဆက်ဆံရေးက ပြန်ပြီးတော့ ကောင်းနေတာမျိုးတွေ့ရတော့ ဒီအခင်းအကျင်းမှာ ရခိုင်ရဲ့ အနေအထားကိုရော ဘယ်လိုတွေ သုံးသပ်ထားမိလဲ။

ဖြေ ။      ။ အဲဒီဟာကလည်း ကျနော်တို့ တကယ်ပြောရရင်တော့ China containment policy ကို U.S နဲ့ အနောက်အုပ်စုက ဘယ်လိုကျင့်သုံးသလဲ၊ ဘယ်ကနေ အပေါက်ရှာနေသလဲက အရေးကြီးတယ်။ သမိုင်းကြောင်း အရ သိဖို့လိုတယ်။ ကျနော်တို့မြန်မာပြည်ကို China containment policy အရဆိုရင် အဓိက ဘာလဲဆိုတော့ နိုင်ငံရေးပြဿနာတစ်ခုကို စွဲစွဲမြဲမြဲ သူတို့ဖန်တီးပြီး ဒီကနေပြီးတော့ သူတို့က နိုင်ငံရေးပဋိပက္ခကို ဖန်တီးပြီးတော့ မှ နိုင်ငံတကာ ဆန့်ကျင်မှုနဲ့ နိုင်ငံတကာရဲ့ sanction တွေကို အဲဒီနည်းနဲ့ သွယ်ဝိုက်ပြီးလုပ်တယ်။ လုပ်တဲ့အခါ ကြတော့ ဗမာပြည်မှာ အဲဒါလုပ်လို့ရတာက အနောက်ဘက် ဒေသပေါ့။ ဘူးသီးတောင်၊ မောင်တော ခုနက ဘင်္ဂါလီ တွေကိစ္စက အစပျိုးထားပြီး ဖြစ်တယ်။ 

အဲဒီဟာနဲ့ပဲ China containment policy ကို ဥပမာ- ဘင်္ဂါလီတွေရဲ့ သီးခြား အုပ်ချုပ်ရေးနယ်မြေတစ်ခု ထူထောင် မယ်။ အဲဒီကနေ နိုင်ငံရေးအရ ဆက်ပြီးသွားမယ်။ ဒီနည်းလမ်းနဲ့ တရုတ် BRI ကိစ္စတွေရော၊ ဗမာပြည်ကိုလည်း ဒီနည်းလမ်းနဲ့ တရုတ်ရဲ့လမ်းကြောင်းရှိတဲ့ ဗမာပြည်ကို ဒီနည်းလမ်းနဲ့ အနှောင့်အယှက်ပေးဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်။ ဖြစ်တော့ အဓိက,က အနောက်ဘက်က နယ်စပ် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အပြောင်းအလဲကို ရှိတ်ဟာဆီနာအစိုးရ ဖြုတ်ချပြီးတော့မှ ယူနွတ်ရဲ့ ကြားဖြတ်အစိုးရကို တင်တယ်။ 

ယူနွတ်က ပွင့်ပွင့်လင်းလင်း ပြောရရင် အနောက်အုပ်စုက တိုင်းပြည်တစ်ခုကို သူတို့ခြယ်လှယ်မယ်ဆို သူတို့ မွေးထားတဲ့ လူတွေ သပ်သပ်ကို ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယူနွတ်ကို သူတို့ ဥလိုက်ကတည်းက ဘင်္ဂလားဒေ့ရှ် အပေါက်ကနေ China containment policy ကို အကြီးအကျယ် လုပ်ဖို့အတွက် ပြင်ဆင်လာတာ။ အဲဒီဟာကို ဖြေဖျက်ဖို့က တရုတ်ကလည်း တော်တော်လေး ကြိုးစားနေတယ်လို့ ယူဆတယ်။

အဲဒီမှာ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ကြည့်မယ် သူက BNP ပေါ့၊ အစ္စလာမီပါတီပေါ့၊ အဲဒါရယ် မူရင်း ရှိတ်ဟာဆီနာရဲ့ပါတီ အင်အားကြီးပါတီ ၃ ခုရှိတယ်။ အဓိက,က ခုနက ယူနွတ် အစိုးရ ကျင်းပတဲ့ ရွေး‌ကောက်ပွဲ မှာကြတော့ ခုနက အစ္စလာမ္မစ် အစွန်းရောက် အစ္စလာမီ ပါတီရယ်၊ အခုအာဏာရသွားတဲ့ BNP ပါတီက အဓိက ယှဉ်ပြိုင်တာ၊ ယှဉ်ပြိုင်တဲ့ အခါကြတော့ BNP ပါတီ အနိုင်ရအောင် ပွင့်ပွင့်လင်းလင်း‌ ပြောရရင် တရုတ်ကပဲ ဖန်တီးလိုက်သလားပေါ့။ ဘာကြောင့်လဲဆို‌တော့ သူ့ကို အနှောင့်အယှက်ပေးမယ့်  အိမ်နီးချင်းနိုင်ငံမှာ အာဏာရ အစိုးရက ကိုယ့်လူဖြစ်မှ သူက ကာကွယ်နိုင်မှာ။ အဲဒါက တရုတ်က ဆောင်ရွက်သွားတဲ့ ကိစ္စတွေက သိမ်မွေ့ တယ်။ အဲဒီအပေါက်ကို ပိတ်လိုက်တယ်လို့ ယူဆတယ်။ 

ကျ‌နော်တို့ ဗမာပြည်မှာ အနောက်ဘက်မှာ အဲဒီတစ်ပေါက် ရှိတယ်ဆိုရင် ကျန်တာက နောက်ထပ် အနှောင့် အယှက် ပေးနိုင်တာက နိုင်ငံတကာ ဝင်ပေါက်တွေ အနေနဲ့ ရှိတာက မြန်မာပြည်တောင်ပိုင်း တနင်္သာရီဒေသ။ အဲဒါ KNU တပ်မဟာ (၄) ထိန်းသိမ်းရာ နယ်မြေဖြစ်တယ်။ အဲဒီနယ်မြေ ထိုင်းနဲ့နယ်စပ်နဲ့ တနင်္သာရီဒေသမှာ အခု ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး FBI တွေ ရောက်လာတယ်။ နောက်တစ်ခါ SCSS တွေ ရောက်လာတယ်။
ဗမာပြည်မှာ တကယ်တမ်း China containment policy ကို အကောင်ထည်ဖော်တာက ဗမာပြည် အနောက် ဘက်နဲ့ တောင်ဘက်။ အခုနောက်ထပ် အသစ်က တောင်ဘက်ဖြစ်တယ်။ အဲဒီ ၂ ခုမှာ China containment policy အနောက်အုပ်စုက ကစားတာ။ ဒါကြောင့်မို့လို့ ဘင်္ဂလားဒေ့ရှ်မှာ BNP ပါတီ အာဏာရပါတီနဲ့ တရုတ်ရဲ့ ဆက်စပ်မှုက သမိုင်းကြောင်းက တော်တော်ရှည်တယ်။ ပြောမယ်ဆိုရင်တော့ တော်တော်လေး အနောက်ကို ပြန်ကြည့်မှ သိနိုင်တယ်ပေါ့။ ဒါကတော့ တရုတ်ကနေမှ ဆောင်ရွက်တဲ့ကိစ္စတွေပါ။ ဒါကတော့ ကမ္ဘာမှာ အင်အားကြီး နိုင်ငံတိုင်းက ဒီလိုပါပဲ။ ကိုယ့်ဘက် သူ့ဘက် ကျနော်တို့ ဒီလိုမျိုး ဆောင်ရွက်ကြတာတွေ့ရမှာပါ။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

မေး ။       ။ AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင် နိုင်ငံခြားသတင်းဌာန တစ်ခုနဲ့ အင်တာဗျူး လုပ်ထားတာမှာ သူတို့ ဘက်က ပြောဆိုပုံအရ AA ဘက်ကလည်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးကို လိုလားတဲ့ပုံ ပေါက်တယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ တောင်းဆိုတာကြောင့် ဒါက လက်တွေ့ မဆန်ဘူး ဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့။ ဒီတော့ စစ်တပ်နဲ့ AA ငြိမ်းချမ်းရေး ရဖို့အတွက် နှစ်ဖက်လုံးက ဘာတွေ ဖြေလျှော့ဖို့ လိုအပ်မလဲ။

ဖြေ ။     ။ အဲဒီကိစ္စတွေကတော့ ကျနော် မြင်တာတော့လေ AA ကို ဘယ်သူက ရခိုင်ကို ပို့ပြီးတော့မှ buffer ထားသလဲက အရေးပါတယ်။ နောက်ကွယ်က ဘယ်သူ စီစဉ်သလဲဆိုတာ ခန့်မှန်းနိုင်ရင် ဒီကိစ္စက ပြေလည်တယ်။ တော်တော်များများ ထင်တာက AA က အနောက်အုပ်စု ကနေပြီးတော့ ရွှေ့တယ်လို့ ယူဆကြတာပေါ့။ တကယ် တမ်းကတော့ မဟုတ်ဘူး။ AA ရဲ့ဇစ်မြစ်ကို ကြည့်မယ်ဆိုရင် KIO က အစပျိုးပေမယ့် တကယ်တမ်းသူ့ရဲ့ လက်နက်လူသူ စုဆောင်းတဲ့ လမ်းကြောင်းက အခြေခံက “ဝ” ကပဲလာတာ။ 

နောက်တစ်ခုက ရခိုင်ကို သူမသွားခင်မှာ AA ခေါင်းဆောင်တွေက ပန်ဆန်းမှာနေတာ။ ဟိုဘက်က လိုင်ဇာကနေ ရွှေ့သွားတာကြာပြီ။ ကြာပြီ‌ဆိုတော့ ဥပမာ- ရှမ်းမြောက်ညီနောင် ၃ ဖော် ဖွဲ့ကတည်းက သူက ဒီဘက်ကို ရွှေ့သွား ပြီ။ ဒီဟာရဲ့ သမိုင်းကြောင်းတွေကို ကြည့်မယ်ဆိုရင် AA ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲပေါ့။ 

ဒါကြောင့်မို့ ဘာလဲဆိုတော့ တရုတ်ရဲ့ မဟာဗျူဟာကျတဲ့ နိုင်ငံရေးစဉ်းစားချက်တွေ အထိုက်အလျောက် တီးခေါက်မိဖို့ လိုတယ်။ တရုတ်က ၂၀၂၁ နောက်ပိုင်းမှာ သူ့ပုံစံ သူရည်မှန်းတဲ့ဟာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ သူနဲ့ဆက်စပ်တဲ့ နယ်မြေတွေ ဥပမာ-ရှမ်းမြောက်နဲ့ အနောက်ဘက် ရခိုင်ပေါ့။ အဲဒီလို နယ်မြေ တွေမှာ ဗမာပြည်မအစိုးရ အင်အားကောင်းတဲ့ အမျိုးသားအစိုးရတွေ ထိန်းချုပ်တာထက်စာရင် သူ့ဩဇာခံ EAO တွေထိန်းချုပ်တယ်၊ automatic region အနေနဲ့ အနာဂတ် plan ကို သွားချင်ပုံရတယ်။ ကျနော်ခန့်မှန်းတဲ့ ခန့်မှန်းချက် ပြောတာ။ 

ဥပမာ- အခု ရှမ်းမြောက်ဆိုရင် သူစီစဉ်ထားတာ ရှင်းရှင်းလေး သူ့ရဲ့ ရှမ်းအရှေ့အထိ ကျိုင်းတုံအထိကို မိုင်းလား၊ “ဝ” ၊ ကိုးကန့်၊ နောက်တစ်ခု နမ့်ခမ်းမှာ TNLA ထားထားသေးတယ် မရွှေ့သေးဘူး။ နောက်တစ်ခါ ဒီဘက် ကချင် ဘက်မှာဆိုရင် KIO ပေါ့နော်။ အဲဒီလိုမျိုးတွေ သူချထားတယ်။ 

အဲဒါနဲ့တော့ bargaining တွေလုပ်တယ်။ အပေးအယူတွေ လုပ်တယ်။ EAO တွေကို တမင်ထားတာ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီဆိုတာ အဲဒါကိုပြောတာ။ ရခိုင်မှာက ခုနက ဘင်္ဂါလီတွေကိစ္စကြီးရှိတယ်။ ဘင်္ဂါလီကိစ္စရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာ အားလုံးသိပြီးသား။ ဒီဟာကို ကာဖို့အတွက်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင် ပြည်ထောင်စုအစိုးရ၊ နိုင်ငံအစိုးရတစ်ခု အနေနဲ့က အစိုးရရဲ့ UN ပါဝင်မှုတွေ၊ UN စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရကိုင်ရတာခက်တယ်။ ခက်တော့ ဒါကို မြန်မြန်ကာချင်ရင် သူဘယ်သူ့ကို ပို့မလဲ အဲဒီစဉ်းစားချက်က အဖြေပဲ။

အဲဒီတော့ သူဒီမှာ buffer အနေနဲ့ ဘင်္ဂါလီတွေနဲ့ RSO တွေ၊ ARSA တွေ တိုက်ခိုက်မှုတွေ။ နောက်တစ်ခါ ဟိုဘက်က China containment policy ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်မှာ ကာဖို့အတွက်ဆိုရင် သူက EAO တစ်ခုကို သူထားကိုထားရမှာ။ အဲဒီတော့ သူ့နောက်ကွယ်မှာ ဘယ်သူလဲဆိုတော့ ရှင်းရှင်းလေး။ ဒီတော့ ငြိမ်းချမ်းရေးကိစ္စက ရှမ်းမြောက်လိုပဲ တရုတ်ရဲ့ ဘယ်လိုပုံစံဖြစ်ချင်လဲ ပုံစံကိုပဲ ရောက်သွားမယ်လို့ ကျနော်တော့ ယူဆတယ်။ ဒီဘက်တော့ အစိုးရတစ်ရပ် အနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကိုတော့ သူက ရသလောက် ဆန့်မှာပေါ့။ ဟိုဘက်ကလည်း သူ့ရဲ့ self-autonomy အတွက် သူကလည်း ရသလောက် သူပြောမှာ ပဲ။ အဲဒီဟာက ဘယ်လောက်အထိ သွားမလဲပေါ့။

ကျနော်ထင်တယ် ရခိုင်ကိစ္စက အခုလောလောဆယ် အခင်းအကျင်းအရဆို ရှမ်းမြောက်‌လောက်တော့ အရေး မကြီးသေးဘူး။ ဘာကြောင့်လဲဆို သူ့လူပဲလေ ဟိုဘက်က။ ဒီဘက်ကလည်း သူ့လူပဲ။ အဲဒါကို သူတို့ ပွင့်ပွင့် လင်းလင်း ပြောရရင် နိုင်ငံရေးအရ ပြေလည်အောင် ဆောင်ရွက်တာ အချိန် အတိုင်းအတာ တစ်ခုတော့ ရသေး တယ်။ အချိန်မရတာက ရှမ်းမြောက်က အချိန်မရဘူး။ ကျ‌နော်တို့ဘက်ကဆိုရင် အချိန်မရဘူး။ အဲဒီတော့ ဒီရခိုင်ကိစ္စက အရေးတော့ကြီးတယ်၊ ဒါပေမယ့် ရှမ်းမြောက်လောက်တော့ emergency မဟုတ်ဘူး။ ဒါ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မေး ။      ။ ဒါဆို လက်ရှိ အခင်းအကျင်း တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် တိုင်းတစ်ပါးက ဝင်ရောက် ကျူးကျော် လာမှုတွေကို မတားဆီးနိုင်ရင် ဘယ်လို အခင်းအကျင်း ဖြစ်သွားနိုင်မလဲ။ ဒါကို တားဆီးဖို့အတွက် အားလုံး စုပေါင်းပြီး ဘယ်လို လုပ်ဆောင်သင့်မလဲ။

ဖြေ ။       ။ အဲဒါက အခု တချို့လည်း ပြောနေတယ် ပထဝီနိုင်ငံရေးကို နားလည်တဲ့ တချို့ ဥပမာပေးတာက မှန်တယ်။ ကောင်းလည်းကောင်းတယ်။ ကျနော်တို့က ဘာလဲဆို တိဘက်ကို ကြည့်ရမယ်။ တိဘက် ဘာဖြစ် သွားသလဲပေါ့။ ရှမ်းမြောက်က တိဘက်လို ဖြစ်သွားနိုင်တယ်နော်။ အဲဒီဟာတော့ ကျနော်တို့ အလွန်စိုးရိမ်ဖွယ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိဘက်က မော်စီတုန်းနဲ့ တရုတ်ကွန်မြူနစ်ပါတီ အာဏာမရခင် ၁၉၄၃ အထိကတော့ သူ့ဟာနဲ့သူ အေးဆေးပဲ။ ဒါပေမယ့် သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဒါပေမယ့် တိဘက်က ဘာသာရေး နိုင်ငံတစ်ခု အနေနဲ့ သူက တိတိကျကျ မစွမ်းဆောင်နိုင်တဲ့ အခါကြတော့ မော်စီတုန်း အာဏာရပြီးနောက်ပိုင်း တိဘက်ကို ကျူးကျော်မှုလုပ်တာ ၁၉၅၄ မှာလုပ်တာ။ ၅၄ ပတ်ချာလည်ဆို ဘာမှမကြာလောက်ဘူး ၅ နှစ်အတွင်း မှာ တိဘက်ကို သိမ်းတာ။ 

သိမ်းတာက ဘာဖြစ်လို့လဲဆိုတော့ ပထဝီနိုင်ငံရေးအရဆိုရင် ဗဟိုအာရှကို ထွက်ဖို့အတွက်ဆိုရင် တိဘက်ကို ကျော်မှရမယ်။ နောက်တစ်ခုက တိဘက်က ပထဝီနိုင်ငံရေးအရ အလွန်အရေးကြီးတယ်။ ဘယ်လို ဖြစ်လဲဆိုတော့ တရုတ်ပြည်ဘက်က မဲခေါင်-လျန်ချန်းပေါ့နော်။ လျန်ချန်း-ယန်စီ၊ နောက်တစ်ခါ တခြား မြစ်တစ်ခုရှိသေးတယ် အဲဒီမြစ်တွေအားလုံးရဲ့ မြစ်ဖျားခံရာ ဒေသဖြစ်နေတယ်။

ကျနော်တို့ ဧရာဝတီကလည်း တိဘက်ကပဲ မြစ်ဖျားခံတာ။ ရေက အဲဒီကပဲလာတာ။ အဲဒီတော့ အဲဒီလောက် အရေးကြီးတယ်။ ရေအရင်းအမြစ် ထိန်းချုပ်ဖို့၊ သဘာဝ သယံဇာတ အားကောင်းတဲ့ ဗဟိုအာရှ Wusha တို့ ရှင်ဂျန်းတို့ကို သေချာထိန်းချုပ်ဖို့ဆို ကြားခံနေတဲ့ တိဘက်က သိမ်းကိုသိမ်းရမှာ။ တရုတ်က ဒီအတိုင်းသွားတယ်။ ဒါက ကျနော် ပထဝီနိုင်ငံရေးအရ နားလည်ရင် တိဘက်ကံကြမ္မာက ဒါကြောင့် ဖြစ်သွားတာ။

ဒီတော့ တရုတ်ကလည်း အခုရှင်းရှင်းပြောရင် မလက္ကာထိန်းချုပ်မှုနဲ့ ဟိုတလောက အသံထွက်လာတယ် အင်ဒိုနီးရှားက ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ ဒါ အခု တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်မှာ ဂျပန်က အခု ပြန်လည်နိုးထလာပြီ။ ဟိုဘက် ရက်တွေကပဲ တစ်ပတ်ကျော်ပဲ ရှိသေးတယ်။ ၁၀ ရက်ကျော်ပဲ ရှိသေးတယ် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို သွားထားတယ်။ သွားထားတယ် တစ်ခါ ချစ်ကြည်ရေး ဂျပန်ဝန်ကြီးချုပ် သွားတယ်။ တစ်ခါ ဖိလစ်ပိုင်နဲ့ military တွေ engagement တွေလုပ်တယ်။ နောက်တစ်ခါ ဖျက်သင်္ဘောတွေ ရောင်းပေးနေတယ်။ 

Strategic Ring တစ်ခုကို ဂျပန်ကာကွယ်ရေးက စတင်ထူထောင်နေပြီ ထိုင်ဝမ် ကိစ္စနဲ့ပတ်သက်ပြီ။ အဲဒီအခါကြ တရုတ်က သူ့ရဲ့အသက်ရှူပေါက်နဲ့ ခုနကလိုပဲ တိဘက်ကကြတော့ သယံဇာတ အရင်းအမြစ် အတွက် ကြားခံ အရေးကြီးလို့ သိမ်းတာ။ အခုဒီဘက်ကြတော့ ကုန်သွယ်ရေးလမ်းကြောင်းအတွက် တရုတ်အတွက် အသက်ရှူ ပေါက် ပိတ်လာလို့ရှိရင် ဖွင့်မယ့်ဟာက ဘင်္ဂလားပင်လယ်အော်က ကျနော်တို့ မြန်မာပဲရှိတယ်။ အဲဒါကြောင့် တိဘက်နဲ့ ကံကြမ္မာချင်းက တူနေတယ်။ တူနေတော့ ကျနော်တို့က အဲဒီဟာကို သတိထားရမယ်။ ဒီဘက်ခေတ်မှာ မသိမ်းနိုင်ဘူးလို့ ပြောလို့တော့မရဘူး။ သိမ်းပုံသိမ်းနည်းက အမျိုးမျိုးရှိတယ်။ စီးပွားရေးအရ သိမ်းပိုက်တာရှိ တယ်။ လူဦးရေအရ occupied လုပ်ပြီးတော့မှ ရွေးကောက်ပွဲအရ သူတို့လိုချင်တဲ့ အစိုးရကို မျိုးစုံဖန်တီးနိုင်ရင် ဒီအန္တရာယ် အများကြီးရှိတယ်လေ။ 

အချုပ်အခြာအာဏာကို လက်နက်နဲ့သိမ်းတာကလည်း မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ ကမ္ဘာ့အကျပ်အတည်း ကြုံလာခဲ့ရင် ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ ဒါမျိုးတွေတော့ ကျ‌နော်တို့က ကြိုစဉ်းစားထားရမှာ။ ကျနော်တို့ နိုင်ငံသားတိုင်းက ဒီအမြင်တွေရှိဖို့ လိုတယ်။ နိုင်ငံရေး institution တွေက ဒါတွေကိုသိမှ အခုကတည်းက နောက် တောင် ကျနေပြီ။ တကယ်တမ်းဆို မြန်မြန်သွက်သွက်ဖြေကို ဖြေရှင်းရမှာလို့ မြင်တယ်။ 

မေး ။      ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ ။     ။ အခြားကတော့ EAO တွေဘက်ရော လက်ရှိ အစိုးရသစ်ဘက်ကိုရော မေတ္တာရပ် ခံချင်တာကတော့ ပြည်ပအန္တရာယ်ထက် တခြားဘာမှ အရေးမကြီးဘူး။ ကျနော်တို့ ထိုက်သင့်သလောက် နိုင်ငံရေး အပေးအယူ လုပ်ပြီး ငြိမ်းချမ်းရေးကိစ္စကို မြန်မြန်သွက်သွက် အကောင်အထည်ဖော်၊ နှစ်ဦးနှစ်ဖက်စလုံးက ဒီအန္တရာယ်ကို ကြည့်ပြီးတော့မှ အမြန်ဆုံး ကာကွယ်နိုင်ဖို့ အတွက်တော့ ကျနော် တိုက်တွန်းတယ်။ 
ကျနော်တို့ မှတ်မိမယ်ဆိုရင် ၁၉၅၁ ကူမင်တန် ကျူးကျော်မှုလိုပေါ့။ အဲဒီတုန်းက ဗကပတွေကိုလည်း နှိမ်နင်း နေဆဲကာလမှာပဲ ကူမင်တန်ကျူးကျော်မှုကိုလည်း တိုက်ရတယ်။ ဒီအတိုင်းပဲ အခုက သမိုင်းတစ်ကျော့လည်တာ။ အခုကလည်း ကူမင်တန် ကျူးကျော်မှုလိုပဲ။ 

ဒါပေမယ့် ဟိုတုန်းကတော့ တရုတ်ပြည်တွင်းစစ်ကနေ လျှံကျလာတဲ့ ကိစ္စဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂ ကနေပြီး တော့မှ ဖြေရှင်းသွားပြီးတော့မှ ဆောင်ရွက်တာ။ အခုဟာက အဲဒီလို UN အနေနဲ့ ဆောင်ရွက်ဖို့ကလည်း မလွယ် ဘူး။ ကုန်သွယ်ရေးလမ်းကြောင်း အနေနဲ့ သူက Shadow လုပ်ပြီးဝင်လာ တာ။ သူ့မှာ အကာအကွယ်ရှိတယ်။ အဲဒီဟာက နိုင်ငံတကာ အနေနဲ့လည်း လုပ်ဖို့ကိုင်ဖို့ အတော်ခက်တယ်။ 

အဲဒီတော့ ဒီတစ်ခေါက်က ၁၉၅၁-၅၂ ကူမင်တန် ကျူးကျော်မှုထက် ပိုဆိုးတယ်။ ဒီဟာကတော့ သေချာသိထားဖို့ လိုတယ်။