CNI Interview

၂၀၂၆ ခုနှစ်၊ မေလ ၉

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအနက် အာရက္ခတပ်တော် (AA)နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့သည် အကြီးမားဆုံး အဖွဲ့အစည်း များတွင် ပါဝင်သည်။

AA ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၇ နှစ်အကြာတွင်  မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်း တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ထိုအနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ အခြား လက်နက်ကိုင် အဖွဲ့အစည်းများထက်ပိုပြီး နယ်မြေအများဆုံးကို ထိန်းချုပ်ထားသည်ဟု ဆိုနိုင်သည်။

ရခိုင်ပြည်နယ်သည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ဒေသတွင်းရှိ ဘင်္ဂါလီများအပေါ် အစိုးရက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် ကမ္ဘာ၏အာရုံစိုက်မှုကို ခံခဲ့ရသည့် နေရာတစ်ခုလည်း ဖြစ်သည်။

AA နှင့် ULA တို့ကို ဦးဆောင်နေသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ယခင်က မီဒီယာအချို့နှင့် အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းခန်းများ ဖြေကြားခဲ့ဖူးသော်လည်း နိုင်ငံခြားသား သတင်းထောက်တစ်ဦးနှင့် လူချင်းတွေ့ဆုံကာ သီးသန့်အင်တာဗျူးကိုမူ တစ်ကြိမ်တစ်ခါမျှ လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

ယခုအခါတွင် ပထမဆုံး အကြိမ်အဖြစ် သူသည် The Diplomat သတင်းဌာနမှ သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာ (Rajeev Bhattacharyya) နှင့် မတ်လ ၂ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ တစ်နေရာတွင် တွေ့ဆုံခဲ့သည်။

ရာဂျစ် ဘတ်တာချာရီယာသည် တွေ့ဆုံမည့် နေရာသို့ ရောက်ရှိရန်အတွက် ကုန်းကြောင်း၊ ရေကြောင်း ခရီးစဉ်များအပြင် တောတောင်ထူထပ်သော လမ်းများကိုပါ ခြေလျင်ခရီးဖြင့် ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။

ထိုအင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် AA ၏ ဆက်ဆံရေးများအပြင် ၎င်းတို့အဖွဲ့အပေါ် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် သော ကိစ္စရပ်များ အပါအဝင် အကြောင်းအရာ အတော်များများကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်

မေး ။       ။ ခင်ဗျားရဲ့ နောက်ခံအကြောင်းအရာနဲ့  အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်တစ်ယောက် ဘယ်လို ဖြစ်လာခဲ့သလဲဆိုတာကို ပြောပြပေးနိုင်မလား။

ဖြေ ။       ။  ကျနော် စစ်တွေမြို့မှာရှိတဲ့ ဥပဒေကျောင်းမှာ ပညာသင်ကြားခဲ့ပေမဲ့ ဆုံးခန်းတိုင်အောင် မတက်ခဲ့ ပါဘူး။ ကျနော်က တက်ကြွတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ လှုပ်ရှားခဲ့သူဖြစ်ပြီး ကျနော် ၉ တန်း ကျောင်းသားဘဝတုန်းက စစ်တပ်နဲ့ ထိပ်တိုက် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲဒါက ကျနော် စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာပါပဲ။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျနော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး စတင်သွားလာခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ် Operation Leech စစ်ဆင်ရေးအတွင်းမှာ ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးသွားခဲ့ပြီးတဲ့အချိန်ပေါ့။

ကျနော်တို့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီအဖွဲ့တွေဟာ ကျနော်တို့ ထင်ထားသလောက် အင်အား မတောင့်တင်းဘူးဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အဲဒီမှာပဲ စည်းလုံး ညီညွတ်မှုဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ကျနော် နားလည်လာခဲ့တယ်။ ၂၀၀၆ ခုနှစ်အထိတော့ ကျနော် တို့ဟာ ဒီရခိုင် လက်နက်ကိုင် အဖွဲ့တွေအားလုံး စုစည်းညီညွတ်သွားဖို့ မျှော်လင့်ခဲ့ကြတာပါပဲ။

အဲဒီနှစ်မှာ ကျနော် အိန္ဒိယနိုင်ငံကို အထောက်အထား စာရွက်စာတမ်းမရှိဘဲ ခရီးသွားခဲ့ပါတယ်။ မဏိပူရ်နယ်စပ် ကနေ အိန္ဒိယထဲကို ဝင်ပြီးတဲ့နောက် အင်ဖာ (Imphal) မှာ ခဏနေခဲ့တယ်၊ အဲဒီကမှတဆင့် အာသံပြည်နယ်က ဂူဝါဟတ်တီ (Guwahati) ကို သွားခဲ့ပါတယ်။ အဲဒီမှာ ထရိပူရ (Tripura) က ခေါင်းဆောင် တစ်ယောက် အပါအဝင် ခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဂူဝါဟတ်တီကနေ ဒေလီကို ရထားနဲ့ ဆက်သွားခဲ့ပါတယ်။

ဒေလီမှာ ရက်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့ပြီး ဝီကတ်ပူရီ (Vikaspuri) မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားကွန်ဂရက် (Arakan National Congress) ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေဟာ သေးငယ်တဲ့ ကိစ္စလေးတွေအပေါ် အငြင်းပွားနေကြတာကို တွေ့ခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ စည်းလုံးညီညွတ်မှုကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို အဲဒီမှာတင် ကျနော် အသေအချာ ယုံကြည် သွားခဲ့တယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာကိုလည်း ကျနော် သဘောပေါက်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာရှိတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရေး ထူထောင်ဖို့ စတင်စဉ်းစားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းကတဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ 

ကျနော် စစ်တွေတက္ကသိုလ်မှာ ဥပဒေတက်နေရင်းနဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သလို ကျောက်မျက်ရတနာ တွေလည်း ရောင်းချခဲ့ပါတယ်။ ဒီအလုပ်တွေကတဆင့် ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ တွေ့ဆုံရပြီး ကျနော့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ 

ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန်က သူငယ်ချင်းတချို့က ကျနော့်ကို အမေရိကန်မှာ ပညာသင်ဖို့ ဖိတ်ခေါ်ခဲ့ကြပေမဲ့ ကျနော်ကတော့ လက်တွေ့ကွင်းဆင်း လှုပ်ရှားရတဲ့ အလုပ်တွေကိုပဲ ပိုပြီး စိတ်ဝင်စား ခဲ့ပါတယ်။

ကျနော် ၂၀၀၅ ခုနှစ်ကတည်းက အိမ်ထောင်ကျခဲ့တာပါ။ ရခိုင်ပြည်အတွက် ကျနော့်ရဲ့ အစီအစဉ်တွေကိုလည်း ဇနီးသည်ကို ပြောထားပြီးသားပါ။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်တဲ့ ကျနော့်ရဲ့ အစ်ကိုကြီးက KIA နဲ့ ချိတ်ဆက်မိဖို့ ကူညီပေးခဲ့ပါတယ်။ ကျနော် ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျနော့်ရဲ့ အိုမီဂါနာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားခဲ့တာကတော့ KIA နဲ့ အမြင်ချင်း ဖလှယ်ဖို့နဲ့ အဲဒီက သင်တန်းတွေကို နှစ်ပတ်ကြာ လေ့လာဖို့ပါ။

KIA နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ကျနော်တို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက KIA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်ပြီး KIA ကို နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲဖို့ ဖိအားပေး ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် KIA ထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ KIA ဆီကနေ သင်တန်းပေးဖို့အတွက် ခွင့်ပြုချက်ရရှိခဲ့ပြီး တစ်နှစ်အကြာမှာ သင်တန်းတွေ စတင် နိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က သင်တန်းသား ၅၀ လောက် ပို့ဖို့ စီစဉ်ထားပေမဲ့ KIA က သင်တန်းသား ၂၆ ယောက်ပဲ လက်ခံခဲ့ပါတယ်။ ကျနော်တို့ရဲ့ သူငယ်ချင်း တချို့ဆိုရင် ကချင်ပြည်နယ်ကိုအသွား လမ်းတစ်ဝက်မှာ စစ်ဘက်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ကျနော်တို့ဟာ ကချင်ပြည်နယ်မှာ ၂ နှစ်လောက်နေပြီးရင် ရိုင်ဖယ်သေနတ် အလက် ၂၀၀ နဲ့အတူ ပြန်လာဖို့ စိတ်ကူးထားခဲ့ကြတာပါ။ အဲဒီကာလအတွင်းမှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ယူခဲ့သလို၊ စစ်မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ အကြောင်းကိုလည်း အများကြီး ဖတ်ရှုလေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်က ပြည်ပမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သင်တန်းပေးဖို့အတွက် လူသစ်စုဆောင်းရေးတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတုန်းက KIA အနေနဲ့ အစိုးရစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်လို့ ဒီလို သင်တန်းပေးနေတာ တွေကို လျှို့ဝှက်ထားဖို့အတွက် သူတို့ဘက်က တော်တော်လေး စိုးရိမ်ခဲ့ကြပါတယ်။ ၂ နှစ်အတွင်းမှာ ကျနော်တို့ သင်တန်းသား ၃၀၀ ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ 

တစ်ခါတလေမှာ ရိက္ခာတွေ ပြတ်လပ်တာမျိုးရှိခဲ့ပြီး နောက်ပိုင်းမှာတော့ နယ်စပ်တစ်လျှောက် ကျောက်စိမ်း လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျနော်တို့ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့အတွက် လူ ၁၉ ယောက်ကို ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေဆီ စေလွှတ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ကိုးကန့် (MNDAA) နဲ့ ပလောင် (TNLA) အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး အဲဒီဒေသတွေ ကနေ လက်နက်အချို့ကိုလည်း စုဆောင်းရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမှုဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ကျနော်တို့က မြန်မာ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်ကို ချေမှုန်းခဲ့ပါတယ်။

မေး ။        ။ ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိဘဲနဲ့ AA ရဲ့ စစ်ရေးအောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။

ဖြေ ။        ။ စကားတွေနဲ့သာ ပြောရပြီး လက်တွေ့မလုပ်တဲ့ အရာတွေရှိသလို၊ လက်တွေ့လုပ်ပြီးတိုင်း ထုတ် မပြောတဲ့ အရာတွေလည်း ရှိပါတယ်။ ပြီးတော့ ပြောတဲ့အတိုင်း လုပ်တဲ့အရာတွေလည်း ရှိတာပေါ့။ ရခိုင်ပြည် ဆိုတာ နယ်မြေအားဖြင့် သေးငယ်တဲ့ နေရာလေးတစ်ခုပါ။ 

ဒါပေမယ့် အရင်တုန်းက ကျနော်တို့ဟာ ဒီလောက် မသေးငယ်ခဲ့ပါဘူး။ နယ်မြေ အပိုင်းအစလေး တစ်ခုအပေါ်မှာ အငြင်းပွားနေမယ့်အစား ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ အာရုံစိုက် လုပ်ဆောင်ရမှာပါ။ နယ်မြေ စိုးမိုးချင်တဲ့ ရည်မှန်းချက်တွေအကြောင်း လျှောက်ပြောနေမယ့်အစား မိမိတို့ရဲ့ မစ်ရှင်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ပြီး လုပ်ဆောင်တာက ပိုကောင်းပါတယ်။

ကျနော်တို့ရဲ့ အောင်မြင်မှု နောက်ကွယ်မှာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က အံ့မခန်းတဲ့ အောင်မြင်မှု အဆင့်ကိုတော့ မရောက်သေးပါဘူး။ ကျနော်တို့ စိတ်ရှည်ရမယ်၊ အာရုံစိုက်မှုကို မလျှော့ရဘူး၊ ပြီးတော့ ရှိတဲ့ အရင်းအမြစ် အကန့်အသတ်လေးတွေနဲ့ပဲ စနစ်တကျ စီမံခန့်ခွဲသွားရမှာပါ။

ကျနော်တို့ အောင်မြင်ရတဲ့ အဓိက အကျဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပါပဲ။ ကျနော်တို့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ပါတယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများ နေရပ်ကနေ မောင်းထုတ်ခံရပြီးတဲ့နောက် မွတ်စလင် လူ့အဖွဲ့အစည်းတွေနဲ့ကြားမှာ မယုံကြည်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ 

သာမန် အချိန်မျိုးမှာဆိုရင် သူတို့ကို ချဉ်းကပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင် ကလည်း မိတ်ဆွေတွေကို ရှာဖွေနေကြတာဖြစ်လို့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို သူတို့ကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ တကယ်ကို အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

နယ်မြေ အနေအထားကလည်း နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ စစ်တပ်မှာက ပိုကောင်းတဲ့ အခြေခံ အဆောက်အအုံတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံးဖြစ်အောင် အသုံးချခဲ့ပါတယ်။ စစ်ပွဲတွေ အတွင်းမှာ အစွမ်းကုန်သတ္တိရှိပြီး ကျွမ်းကျင်မှုရှိကြောင်း ပြသခဲ့တဲ့ ကျနော်တို့ရဲ့ စစ်သားတွေနဲ့ အရာရှိတွေကို ကျနော် အရမ်းဂုဏ်ယူပါတယ်။ ကျနော်တို့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရရှိနိုင်တဲ့ နည်းပညာအားလုံးကို ထိရောက်စွာ အသုံးပြုခဲ့ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး စနစ်ဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့ပါတယ်။

အခုပြန်ကြည့်ပြီး ပြန်လည်သုံးသပ်တဲ့ အခါမှာတော့ ကျနော့်ရဲ့ အဖွဲ့တစ်ခုလုံးမှာ အများကြီး ကြိုတင်ပြင်ဆင်ထား ကြတဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ကျနော် သူတို့နဲ့ သဟဇာတဖြစ်ဖြစ် အလုပ်လုပ်နိုင်ခဲ့ပါတယ်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

မေး ။       ။ ၂၀၂၅ ခုနှစ်ဟာ အခြေအနေတွေ တုံ့ဆိုင်းနေခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ တခြား တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည် အလယ်ပိုင်းအထိ ထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ မဟာဗျူဟာ အပြောင်းအလဲတစ်ခုကို ပြသနေတာလား။

ဖြေ ။       ။ မဟာဗျူဟာရဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့ကတော့ အချိန်စောလွန်းပါသေးတယ်။ အခုပြောရင် အချိန်မတန်သေးသလို ဖြစ်နေပါလိမ့်မယ်။ စစ်တပ်ဘက်က ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ ကမ်းလှမ်းလာမယ်ဆိုရင် AA အနေနဲ့ ဒါကို ကြိုဆိုနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ တည်ငြိမ်မှုဆိုတာ လူတိုင်းရဲ့ အကျိုးစီးပွားအတွက်ပါပဲ။ ကျနော်တို့မှာ နိုင်ငံရေးအရ ရင့်ကျက်မှုရှိဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ဒီအခြေအနေအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထား ချင်ပါ တယ်။

မေး ။       ။ ကျနော် ရခိုင်ဒေသကို ရောက်ရှိခဲ့တဲ့ တစ်လနီးပါး ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နေရာတစ်ခုကို ကျနော် သွားရောက်ခဲ့တာမှာ လူ ၁၇ ဦး သေဆုံးခဲ့တာကို တွေ့ရပါတယ်။ အခု ရွေးကောက်ပွဲတွေလည်း ပြီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ ။         ။ အရပ်သားတွေရဲ့ လုံခြုံရေးက ကျနော်တို့အတွက် အဓိက ဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းမှန်သမျှကို ရှာဖွေဖော်ဆောင်နေပါတယ်။ ဒါဟာ ခက်ခဲတဲ့ကိစ္စ တစ်ခုပါ။ ဒီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း လုပ် ဆောင်နေပေမဲ့ အဲဒါတွေက သိပ်ပြီး ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသရွေ့တော့ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ရှာဖွေဖော်ဆောင်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။ စစ်တပ်ဟာ အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီလို ဖိအားပေးမှုမျိုးတွေကို အရှုံးပေးမှာ မဟုတ်ပါဘူး။

မေး ။        ။ လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ်နိုင်ငံမှာ မြန်မာ့တပ်မတော်က ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးခဲ့ ကြတုန်းက ရခိုင်ဒေသမှာ မြန်မာ့တပ်မတော်ရဲ့ တပ်တွေ မရှိစေရဘူးဆိုတဲ့ အချက်ကို ခင်ဗျားတို့ဘက်က တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရပါတယ်။ အခုအချိန်မှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုးတွေ ပြုလုပ်ဖို့ ဆန္ဒရှိပါသလား။

ဖြေ ။         ။ ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါ ကျနော်တို့ လိုလားတဲ့အချက်ပါ။ အစိုးရကတော့ ကျနော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေမျိုးဆီ ပြန်သွားစေချင်နေတာပါ။ အဲဒီလိုသာဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရခိုင်မင်းဆက် ပျက်သုဉ်းခဲ့တဲ့နှစ်) အခြေအနေမျိုးဆီ ပြန်သွားချင်တာပေါ့။

အစိုးရအနေနဲ့ လက်တွေ့မဆန်တဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား လက်တွေ့ အခြေအနေပေါ် အခြေခံပြီး အားလုံးပါဝင်နိုင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲဆိုတာ မြေပြင်က လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေလို့ မရပါဘူး။

မေး ။       ။ ၂၀၂၃ ခုနှစ်မှာ ကျနော် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားတုန်းက တော်လှန်ရေးအဖွဲ့အစည်း အတော်များများက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ အတော်များများက ၂၀၂၅ အကုန်မှာ စစ်အစိုးရ ပြုတ်ကျမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောခဲ့ကြပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ အပြန်အလှန်အားဖြင့် စစ်တပ်က တချို့ဒေသတွေမှာ ပြန်လည် အသာစီး ရလာတာမျိုးတောင် ရှိနေပါတယ်။ ဒါကို ခင်ဗျား ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ ။        ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူဖြစ်ပြီး ကျနော်တို့ သူတို့ကို လေးစားပါတယ်။ တခြားသော အစုအဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး စုစည်းညီညွတ်ကြဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။ 

လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်နေဆဲပါပဲ။ စစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက် သံယိုမှုတွေလည်း ဒီထက်မက ပိုများလာနိုင်ပါတယ်။

မေး ။        ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း ပြောရရင် ခင်ဗျားတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) အစိုးရကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီးပါပြီ။ ယေဘုယျ အားဖြင့် တော့ BNP အစိုးရဟာ အစွန်းရောက်တဲ့ ရပ်တည်ချက်မျိုးကို ရှောင်ကြဉ်ပြီး ရခိုင်ပြည်အပေါ်မှာ မူဝါဒနှစ်ရပ် ကျင့်သုံးလိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒါတွေကတော့ ဘင်္ဂါလီဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုးနဲ့ တစ်ဖက်မှာလည်း RSO နဲ့ ARSA လို မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစိုးရသစ် အပေါ် ခင်ဗျားရဲ့ မျှော်လင့်ချက်က ဘာများလဲ။

ဖြေ ။       ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပါပဲ။ ပထမဦးစွာ ဒီဒေသမှာရှိတဲ့ လက်ရှိ အင်အားစုတွေကို မှားယွင်းတဲ့ စွပ်စွဲချက်တွေ လုပ်နေမယ့်အစား သူတို့ကို လုပ်ပိုင်ခွင့်တွေ ပေးအပ်ရပါမယ်။ 

ရခိုင်ပြည်သူ့တော်လှန်ရေး အစိုးရကို လုပ်ပိုင်ခွင့်အာဏာ မပေးဘဲနဲ့တော့ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။

ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့ ဖန်တီးချင်ပါတယ်။ ပြည်သူ တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့က ကျနော်တို့ရဲ့ အမြင့်ဆုံး ဦးစားပေး လုပ်ငန်းပါ။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ပြဿနာတွေကို ပိုပြီး ကြီးထွား လာစေပါလိမ့်မယ်။ ကျနော် တို့ကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။

ကျနော်တို့အတွက်ရော၊ ဘင်္ဂလားဒေ့ရှ်အတွက်ပါ ဘာမှအကျိုးရှိမှာ မဟုတ်တဲ့ အဲဒီလို အခြေအနေမျိုး မဖြစ်လာအောင် ကျနော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားအတွက်လည်း ဖြစ်မှာမဟုတ်ပါဘူး။

 သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်

မေး ။       ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ချက်ချင်းပြန်စချင်တာလား။

ဖြေ ။       ။ ဟုတ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့အတွက် နယ်စပ်ရဲ့ နှစ်ဖက်စလုံးမှာ စောင့်ဆိုင်းနေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတစ်ခုဖြစ်သလို နယ်စပ်တစ်လျှောက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ရေလုပ်သားတွေ အပါအဝင် လူထုနဲ့ လူ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။

မြေပြင်က လက်တွေ့ အခြေအနေတွေကိုသာ လက်ခံလိုက်မယ်ဆိုရင် ဒီပြဿနာတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မှာပါ။ အဲဒီလို လက်ခံပြီးတာနဲ့ ကျနော်တို့ဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ။ ရေလုပ်သားတွေကိုလည်း လုပ်ကိုင်ခွင့် ပြုသွားမှာဖြစ်သလို သူတို့ရဲ့ လှုပ်ရှားမှုတွေကို လည်း စနစ်တကျ စည်းကမ်း သတ်မှတ်ပေးသွားမှာပါ။

မေး ။       ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံအစီအစဉ်ဆိုတာ ဘာလဲ။ အမေရိကန်က တကယ်ပဲ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားခဲ့တာလား။

ဖြေ ။        ။ အမေရိကန်က တကယ်စိတ်ဝင်စားခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ NGO တွေနဲ့ တချို့ပုဂ္ဂိုလ်တွေပဲ စိတ်ဝင်စားခဲ့ကြတာပါ။ ပြီးတော့ တခြားကမ္ဘာလုံးဆိုင်ရာ အင်အားစုတချို့လည်း ဒီစီမံကိန်းကို စိတ်ဝင်စားရင် စိတ်ဝင်စားမှာပေါ့။ 

ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒါဟာ လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်တလင်းထဲ ပြန်တွန်းပို့တာက လူသားမဆန်ပါဘူး။ စစ်ပွဲတွေ ပြီးရင်တောင်မှ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု အရင်ရှိနေဖို့ လိုအပ်ပါတယ်။

မေး ။       ။ ပါကစ္စတန်နဲ့ တူရကီတို့က ဘင်္ဂါလီဒုက္ခသည်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ ဘာကြောင့် ပါဝင်ပတ်သက်နေကြတာလဲ။

ဖြေ ။       ။ ဒါဟာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်ပြီး (ဘင်္ဂါလီတွေကြားမှာ အစွန်းရောက် လက်နက်ကိုင် လုပ်ရပ်တွေ) ပိုမိုဆိုးရွားလာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက်ရော ကျနော်တို့အတွက်ပါ မကောင်းပါဘူး။

BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို စတင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ တစ်ခါတရံမှာ မူဝါဒတွေက မှန်ကန်နေတတ်ပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာမှာ လမ်းချော်သွားတတ်တာ မျိုးတွေ ရှိပါတယ်။

မေး ။       ။ ပါကစ္စတန်အနေနဲ့ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်တယ်လို့ ခင်ဗျားထင်သလား။

ဖြေ ။       ။ ဒုက္ခသည်တွေဟာ အသုံးချခံရနိုင်တဲ့အတွက် သူတို့ကို ကျနော်တို့ စောင့်ကြည့်နေဖို့ လိုပါတယ်။ ကျနော်တို့မှာ အိန္ဒိယနဲ့ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဒီဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အစွန်းရောက်မှုတွေဟာ ဘေးပတ်ဝန်းကျင်ကို ပြန့်နှံ့သွားနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကျနော်တို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။

မေး ။       ။ အိန္ဒိယအစိုးရအပေါ်မှာ ဘာတွေ မျှော်လင့်ထားသလဲ။

ဖြေ ။       ။ အိန္ဒိယဟာ ဒီဒေသတွင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူပါ။ အိန္ဒိယနိုင်ငံ အနေနဲ့ ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျနော်တို့ မြင်တွေ့ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကုလားတန်စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း ကျနော်တို့ဘက်က ကူညီဖို့ အသင့်ရှိပါတယ်။

မေး ။      ။ AA အနေနဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ခံနေရတယ်လို့ သိရပါ တယ်။ ဒါကို ခင်ဗျားတို့ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။

ဖြေ ။      ။ ဒါဟာ ဖိအားပေးတာမျိုး မဟုတ်ပါဘူး၊ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်တဲ့ ဆန္ဒရှိနေတာပါ။ တချို့လူတွေကတော့ ဒါကို ဖိအားလို့ ပြောကြမှာပေါ့။ တရုတ်နိုင်ငံ အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါပဲ၊ ဒါဟာ နိုင်ငံတိုင်း လုပ်ဆောင် လေ့ရှိတဲ့ အရာမျိုးပါ။

မေး ။      ။ AA ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂါလီ၊ ခူမီးနဲ့ ချင်းလူမျိုးစုတွေဘက်က အတင်းအဓမ္မ စစ်သားစုဆောင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခဏခဏ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ ။       ။ တချို့လူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက် တွေရဲ့ အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အုပ်စုတချို့၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွ လှုပ်ရှားသူတွေက သူတို့အတွက် အကျိုးရှိစေမယ့် ဇာတ်ကြောင်းတွေကို ဖန်တီးပြီး စွပ်စွဲနေကြတာကို တွေ့ရပါ လိမ့်မယ်။ 

ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူမျိုးစု တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ကျနော်တို့ဟာ ချင်းပြည်နယ်က ချင်းလူမျိုးစု အများစုနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျနော်တို့ အချင်းချင်း ကူညီကြသလို ရှေ့လျှောက်မှာလည်း မွတ်စလင် (ဘင်္ဂါလီ) လူ့အဖွဲ့အစည်းနဲ့ပါ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာပါ။ 

ကျနော်တို့ဟာ အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်နေပါတယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဒီလို စွပ်စွဲချက်တွေ ရှိနေတာပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်လို့ကတော့ ရခိုင်ပြည်နယ်ဟာ စစ်ပွဲကို ရင်ဆိုင်နေရတာဖြစ်လို့ အရေးပေါ် အစီအမံတွေကတော့ လိုအပ်ပါတယ်။ 

ကျနော်တို့ဟာ လူသစ်စုဆောင်းတဲ့ နေရာမှာ အလွန်သတိထားသလို စုဆောင်းခံရသူတိုင်းကိုလည်း သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သေချာရှင်းပြပါတယ်။

မေး ။       ။ AA အနေနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ခင်ဗျား ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ရခိုင်မှာ နေထိုင်ခဲ့တဲ့ ကာလအတွင်း လေ့လာမိသလောက်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပြည်မ ဘက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်လာမယ့် အန္တရာယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ ရခိုင်ပြည်နယ် မောင်တောမြို့က လူတစ်ယောက်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စိတ်ကြွဆေးပြား အမြောက်အမြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်အတွက် ပေါ်ပေါက်လာနေတဲ့ စိန်ခေါ်မှုသစ်တစ်ခုလို့ ခင်ဗျား မမြင်ဘူးလား။

ဖြေ ။      ။ ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ စစ်တပ် အုပ်ချုပ်စဉ် ကာလက ထက်စာရင် အခုအများကြီး လျော့နည်းသွားပါပြီ။ ပြည်မဘက်ကလာတဲ့ လမ်းကြောင်း အတော်များများကိုလည်း ပိတ်ဆို့ထားပါတယ်။

စစ်ဆေးရေးဂိတ်တွေလည်း အများကြီး ရှိပါတယ်။ (မြန်မာနိုင်ငံမှာ)  မူးယစ်ဆေးဝါး ထုတ်လုပ်မှုက စက်မှုကဏ္ဍ အဆင့်အတန်းအထိ ရှိနေတာပါ။

ပြီးခဲ့တဲ့လက အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ကတော့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီ စက်ရုံဝင်းတစ်ခုလုံးကို သိမ်းဆည်းခဲ့တာပါ။ တကယ်တော့ သူတို့ဟာ အဲဒီစက်ရုံဝင်း တည်ရှိနေတာကို ကြာလှပြီဖြစ်တဲ့ကတည်းက သိထားကြတာပါ။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်ပြီလို့တော့ ကျနော်တို့ မပြောနိုင် သေးပါဘူး။ သုံးစွဲသူတွေရော၊ ရောင်းဝယ်ဖောက်ကားသူတွေရော ရှိနေဆဲပါ။ ငါးဖမ်းလှေတွေဟာလည်း အထက် အောက် စုန်ဆန်သွားလာနေကြပြီး သူတို့ ဘာတွေ သယ်ဆောင်နေသလဲဆိုတာ ကျနော်တို့ အတိအကျ မသိနိုင် ပါဘူး။

ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) နဲ့ စစ်တကောင်း (Chittagong) ဘက်ကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် လုပ်ဖို့ဆိုတာ အချိန်ယူရဦးမှာပါ။

ရခိုင်ပြည်နယ်အတွင်း တစ်နေရာကို တွေ့ရစဉ် 

မေး ။      ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်က ရွာတချို့ကို လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျနော် သွား ရောက်ခဲ့ပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ပါတယ်။ ဘင်္ဂါလီမဟုတ်တဲ့ ရွာတွေနဲ့ ဘင်္ဂါလီရွာတချို့ဟာ ARSA အဖွဲ့ရဲ့ရန်ကို အမြဲတမ်း စိုးရိမ်ကြောက်လန့် နေကြရပါတယ်။ ခင်ဗျားတို့ အစိုးရအနေနဲ့ ဒီနေရာတွေမှာ အာဏာ မတည်ဆောက်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒီဒေသတွေအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ ။      ။ ဒါဟာ ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အဲဒီဒေသက ဝေးလံတဲ့ ကျေးရွာတွေ၊ အထူးသဖြင့် မြို (Mro) လူမျိုးစုတွေ နေထိုင်တဲ့ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက အစုအဖွဲ့ တချို့ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေကြပါတယ်။

သူတို့ထဲက တချို့ဟာ ARSA အဖွဲ့နဲ့ လက်တွဲနေကြတယ်ဆိုတဲ့ သတင်းပို့ချက်တွေကိုလည်း ကျနော်တို့ ရရှိထား ပါတယ်။ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးတာတွေလည်း အများကြီးရှိခဲ့တာကတော့ အံ့သြစရာ မဟုတ်ပါဘူး။

မောင်တောမြို့ကို မသိမ်းပိုက်နိုင်ခင်တုန်းက စစ်တပ်နဲ့ ဒေးလ်မိုဟာမက် (Dil Mohammad) လို မူးယစ်ရာဇာ တွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ အလွန်ပဲ လက်ရဲဇက်ရဲ ရှိခဲ့ကြပါတယ်။ အခုတော့ ဒေသခံတွေအတွက် လုံခြုံရေး ပိုမိုကောင်းမွန်လာအောင် အဲဒီဒေသကို ကျနော်တို့ အထူးအာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။

မေး ။      ။ ဆရာဝန်နဲ့ ဆေးဝါးတွေလည်း အလွန်အမင်း ပြတ်လပ်နေသလို စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေကလည်း တကယ့်ကို စိတ်မကောင်းစရာပဲနော်။

ဖြေ ။      ။ ကျနော်တို့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေသလို ကျန်းမာရေး ဝန်ဆောင်မှုနဲ့ တခြား ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာအောင်လည်း ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ပိုမိုရရှိဖို့၊ ဆေးဝါးတွေ စဉ်ဆက်မပြတ် စီးဝင်လာဖို့နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ပိုမိုစုဆောင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့လည်း ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းစဉ် တွေအတွက် ကျနော်တို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီနှစ်ထဲမှာ သူနာပြု ၁၂၀ ကို လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ 

လောလောဆယ်မှာ ကျနော်တို့ဆီမှာ ဆရာဝန် ၅၀ ကနေ ၆၀ ကြား ရှိနေပြီး မကြာခင်မှာ နောက်ထပ် ဆရာဝန် တွေ ပူးပေါင်းလာဖို့လည်း မျှော်လင့်ထားပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ လူမျိုးရေးကို ကျနော်တို့ ဂရုမစိုက်ပါဘူး။ အိန္ဒိယဆရာဝန်တွေ အပါအဝင် ကျနော်တို့နဲ့ ပူးပေါင်းချင်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုသွားမှာပါ။

အိန္ဒိယလွှတ်တော်အမတ်နဲ့ AA ကို တွေ့ရစဉ်

မေး ။      ။ နွေဦးတော်လှန်ရေးရဲ့ ရှေ့လာမယ့် လအနည်းငယ်အတွင်း ဘာတွေ ဖြစ်လာမလဲဆိုတဲ့အပေါ် ခင်ဗျား ရဲ့ မျှော်လင့်ချက်က ဘာလဲ။

ဖြေ ။      ။ နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ဆိုတာ AA တစ်ဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့တင် မလုံ လောက်ပါဘူး။ ကျနော်တို့ အနေနဲ့ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေရဲ့ အခြေအနေ၊ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဒေသတွင်းက ဖြစ်ပေါ်ပြောင်းလဲမှုတွေစတဲ့ တခြား အချက်အလက်တွေကိုပါ ထည့်သွင်း စဉ်းစားရပါမယ်။ 

သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့ ကျနော်တို့ကြားမှာ ရင်းနှီးတဲ့  ဆက်ဆံရေး ရှိသလို၊ ရည်မှန်းချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ကူညီပေးထားပါတယ်။

မေး ။      ။ နောက်ထပ် နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲလို့ ခင်ဗျား မြင်ပါသလဲ။

ဖြေ ။      ။ ကျ‌နော်ကတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်တွေ့ချင်သလို၊ ဖြစ်နိုင်ခြေရှိပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တစ်ခုကိုလည်း ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေတွေအထိ ကြိုတင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။

Source: The Diplomat