CNI Interview

၂၀၂၆ ခုနှစ်၊ မေလ ၆

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရယူကာ အုပ်ချုပ်ခဲ့သည်။

ထို့နောက် တစ်နိုင်ငံလုံးတွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသလို လက်နက်ကိုင် တော်လှန် တိုက်ခိုက်မှုကြောင့် ယနေ့ အချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုမှာ တိုက်ပွဲများဖြစ်ပွားနေသည်။

ထိုအခြေအနေမှာပဲ တပ်မတော်က ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အစိုးရဖွဲ့စည်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က လက်နက်ကိုင် အဖွဲ့အစည်းများအား ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး NCA ထိုးထားကာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

ABSDF တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်

မေး ။      ။ လက်ရှိမှာ NCA ထိုးထားတဲ့ အဖွဲ့တွေကို ဖိတ်ထားတယ်ကြားရတယ်။ ABSDF ရော ဘယ်လို အခြေအနေ ရှိပါသလဲ။

ဖြေ ။      ။ ကျနော်တို့တော့ ဘာမှမကြားပါဘူး။ မရပါဘူး။ အခုလက်ရှိ ပြောတော့ပြောနေတဲ့ အသံတွေတော့ ကြားတယ်။ ဒါပေမယ့် တရားဝင်တော့ ဘာမှမပြောသေးပါဘူး။ ပြောလာရင်လည်း အခု လောလောဆယ်မှာတော့ ဘာမှလက်ခံဖို့ မရှိသေးပါဘူး။ ဒီလိုအခြေအနေ၊ ဒီနေ့ တိုင်းပြည် အခြေအနေအရ။

မေး ။      ။  ဘယ်လို အခင်းအကျင်းမျိုးဆိုရင်ရော ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးအတွက် လက်ခံသွားဖို့ ရှိမလဲ။

ဖြေ ။       ။ အများကြီး ပြောစရာရှိပါတယ်။ လောလောဆယ်တော့ မရှိသေးပါဘူးလို့ပဲ ဖြေပါရစေ။ အခင်းအကျင်း က ဘယ်လို အခင်းအကျင်း ဖြစ်ရမလဲဆိုတော့ ကျနော်တို့အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်မှပဲ အဆင် ပြေမှာပါ။ 
လော‌လောဆယ်တော့ အဲဒီ အခင်းအကျင်း ဖြစ်ဖို့လည်း မရှိသေးတော့ ကျနော်လည်း ဘာမှဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ဆက်ပြောဖို့ မရှိသေးပါဘူး။ လုပ်ဖို့လည်း မရှိပါဘူး။

မေး ။      ။ ဒီလိုဖိတ်ခေါ်မှု အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

ဖြေ ။      ။ အဆင်မပြေသေးပါဘူး အဲဒါက‌လေ။ ဒီလိုဖိတ်ခေါ်မှု မျိုးလောက်နဲ့ကတော့ အဆင်မပြေပါဘူး။ နောက် တစ်ခုက နေပြည်တော်က ဖိတ်ခေါ်မှ ဖြစ်မယ့်ကိစ္စရပ် မဟုတ်ပါဘူး။ ဒါတစ်တိုင်းပြည်လုံး အရေးကို ဖြေရှင်း ရမယ့်ကိစ္စ။ 

နေပြည်တော်က ဖိတ်ခေါ်မှ လုပ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ဘာသာ ကျနော်တို့နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့။

မေး ။       ။ အခုလို ဖိတ်ခေါ်မှုက အထက်စီးဆန်တယ်လို့ မြင်မိလား။

ဖြေ ။       ။ မှန်တာပေါ့။ မှန်တာပေါ့။ ဒီလိုဖိတ်ခေါ်လို့ မရပါဘူး။ တကယ့်နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုတယ်။ လက်တွေ့ အလုပ်လုပ်ပြဖို့ လိုတယ်။ ပြည်သူလူထု အပေါ်မှာ စိတ်စေတနာ တကယ်ရှိတယ်။ တိုင်းပြည်အပေါ်မှာ စိတ်စေတနာရှိတယ်။ ငြိမ်းချမ်းရေးအတွက် တကယ့်နိုင်ငံရေး ဆန္ဒရှိတယ်။ စိတ်စေတနာရှိတဲ့ ဖိတ်ခေါ်မှုမျိုး ဖြစ်ဖို့လိုသလိုပဲ။

မြေပြင်မှာ တကယ့် လက်တွေ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကလည်း ဒီဖိတ်ခေါ်မှုကို အထောက်အကူ ဖြစ်ဖို့ လိုတယ်လေ။ အခုကတော့ ဒီလိုဖြစ်တည်နေတဲ့ အခြေအနေအောက်ထဲမှာ ဒီလို ဖိတ်ခေါ်မှုမျိုးကတော့ ဘယ်အဖွဲ့အစည်းမှ လက်ခံနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြောရင်တော့ လော‌လောဆယ် အခြေအနေအရ လက်ခံနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။

လူငယ်ငြိမ်းချမ်းရေး ညီလာခံ ကျင်းပစဉ် 

မေး ။      ။ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်ဖို့ဆိုရင် ဘယ်လိုအရာတွေ အဓိကလိုအပ်မလဲ။

ဖြေ ။      ။ အားလုံးသိပါတယ် အဲဒါကတော့ အထူးအထွေ ပြောစရာမရှိပါဘူး။ အားလုံး လက်ခံနိုင်တဲ့ အခင်း အကျင်းက ဘာတွေလဲဆိုတာ သိပါတယ်။ အဓိက,က အကုန်လုံး သိပါတယ်။ အင်အားစုအားလုံး သိပါတယ်။ ပြည်သူကလည်း သိပါတယ်။ 

တကယ့်နိုင်ငံရေး စိတ်ဆန္ဒရှိပြီးတော့ တကယ့် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့၊ တိုင်းပြည်ကို စည်းလုံးညီညွတ် စေချင်တဲ့ တကယ့်ပြည်ထောင်စု၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးရဲ့ လိုလားချက်မှာ ဘာတွေ လုပ်ရမလဲဆိုတာ ရှိပါတယ်။ အဲဒါမလုပ်ဘဲနဲ့ကတော့ ဒီလိုဆွေးနွေးပွဲက၊ ဖိတ်ခေါ်ချက်တွေက အချည်းအနှီးပါပဲလို့။

မေး ။      ။ ဒီအခင်းအကျင်းကြားထဲမှာ အိမ်နီးချင်းနိုင်ငံရဲ့ ဖိအားပေးမှုတွေ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ရှိလာလိမ့်မယ်လို့ရော စိုးရိမ်ချက်ရှိလား။

ဖြေ ။      ။ ဒါကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သူ့တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွား အပေါ်မှာတော့ ညှိနှိုင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဖိအားပေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုကိုလည်း ကျနော်တို့က ဖိအားပေးမှုလို့ မြင်လို့ရသလို တစ်ချိန်တည်းမှာပဲ အဲဒီအိမ်နီးချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကလည်း ကျနော်တို့အတွက်က အားသာချက်ဖြစ်ရင် ဖြစ်လာမှာပါ။ အဲဒီလို ကျနော်တို့ စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်။

ဒါက ဖိအားကြီးပဲလို့ စဉ်းစားတာ မဟုတ်ဘဲနဲ့ ကျနော်တို့အတွက် အားသာချက်ကိုလည်း ဘယ်လိုပြောင်းလဲနိုင် မလဲဆိုတာ ကျနော်တို့ စဉ်းစားပြီးတော့မှ ဆောင်ရွက်သွားနိုင်ရင်တော့ ကျနော်တို့အတွက် အလားအလာ အများကြီး ကောင်းပါတယ်။ အမြဲတမ်း ကျနော်တို့က ဖိအားလို့ပြောတာ မဟုတ်ပါဘူး။ 

အဲဒါက ဖိအားလို့ ပြောလို့လည်း မရသလို တစ်ချိန်တည်းမှာပဲ တွေ့ဆုံဆွေးနွေးမှု၊ အခု အိမ်နီးချင်း နိုင်ငံတွေရဲ့ ပြောဆို ဆောင်ရွက်မှုတွေကလည်း ကျနော်တို့အတွက် အားသာချက် အနေနဲ့ ပြောင်းနိုင်တဲ့ အခွင့်အလမ်းတွေ လည်း ပေါ်လာနိုင်ပါတယ်။ 

မေး ။      ။ သူက ရက် ၁၀၀ လို့ သတ်မှတ်ထားတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။

ဖြေ ။      ။ သူ့ဘက်က ပြောတာပဲလေ ရက် ၁၀၀ ဆိုတာ။ ရက် ၁၀၀ နဲ့ တိုင်းပြည်တည်ဆောက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ နှစ်ပေါင်းများစွာပေါ့။ ဘာပဲပြောပြော အခြေအနေ ကောင်းတစ်ရပ် အရပ်သား အစိုးရ ဦးဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပဲပြောပြော၊ တိုင်းပြည် တည်ဆောက်ရေး ကိစ္စပဲပြောပြော အရပ်သား အုပ်ချုပ်မှုအောက်ကို ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ ကိစ္စရပ်ကနေ ၅ နှစ်တာလောက် အာဏာ သိမ်းပြီးတော့ ဖျက်ဆီးပစ်လိုက်တာက ရက် ၁၀၀ နဲ့ ဘယ်ရမလဲ။ 

ရက် ၁၀၀ တည်းမှာ ဒီလိုလုပ်လို့ရစတမ်းမှ မဟုတ်တာ။ တစ်တိုင်းပြည်လုံးက အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲတယ်။ ယုံကြည်မှုတွေ ပျက်စီးသွားတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများကြီး ပျက်စီးသွားတဲ့ အပေါ်မှာတော့ ရက် ၁၀၀ နဲ့ ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကိုလည်း‌ ပြောချင်တာပါ။ 

နိုင်ငံရေးစိတ်ဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီ ရက် ၁၀၀ အတွင်းမှာ လာရင်လာ၊ လုပ်ရင်လုပ်၊ မလုပ်ရင်တော့ လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး၊ ဖိအားပေးမှုမျိုး၊ စိန်ခေါ်မှုမျိုးနဲ့ကတော့ ဒီနေ့ တိုင်းပြည်ကို ဒီလိုတော့ သွားလို့မရတော့ပါဘူး။ အဲဒါကို သေချာနားလည်ကြဖို့လိုတယ်။ အဲဒါကြောင့်လည်း ပြောနေတာက ဘာလုပ်ရမလဲဆိုတာ သိပြီးနဲ့ကို တမင် စိန်ခေါ်သလိုလို၊ ရင့်သီးသလိုလိုမျိုး လုပ်လို့မရပါဘူး။ 

ပြောချင်တာက ဒီကနေ့ရှိနေတဲ့ စစ်အုပ်စုကလည်း အင်အားစုတစ်ရပ် အနေနဲ့ပါ။ သူက ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး လုပ်လို့ရတဲ့ အခင်းအကျင်းလည်း၊ အနေအထားလည်း မဟုတ်တော့ပါဘူး။ ဒီနေ့ တိုင်းပြည် တစ်ပြည်တစ်ခုလုံး ပြန်လည်တည်ဆောက်ဖို့က အင်အားစု အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီမှာ စစ်အုပ်စု ကလည်း အင်အားစု တစ်ခုအနေနဲ့ပါ။ မိမိကိုယ်မိမိ ဗဟိုပြုပြီး စဉ်းစားမယ်ဆိုရင်တော့ တိုင်းပြည် တည်ဆောက် ရေးအတွက်က အလားအလာ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။

မေး ။      ။ ပြီးတော့ နေပြည်တော်က ပွဲတွေ၊ အခမ်းအနားတွေမှာ မိန့်ခွန်းတွေ ပြောတဲ့အခါတိုင်းမှာပဲ ဖြစ်သင့် တာ ဖြစ်ထိုက်တာကိုပဲ တောင်းဆိုကြဖို့၊ ပြောကြဖို့ဆိုတာ မိန့်ခွန်းတိုင်းလိုလိုမှာ ပါတာကို သတိထားမိတာပေါ့။ သူတို့ဘက်ကလည်း ဖြစ်သင့်တာ၊ ဖြစ်နိုင်တာက ဘယ်လိုအတိုင်းအတာဆိုပြီး တရားဝင်ချပြတာလဲမရှိတော့ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်မိလဲ။

ဖြေ ။      ။ ဖြစ်သင့်တာ ဖြစ်နိုင်တာဆိုတာက ဖြစ်သင့်တာက ရှင်းနေတာပဲလေ။ လွယ်လွယ်လေးပဲ။ မခက်တဲ့ ကိစ္စရပ်ပါ။ နံပါတ်တစ်က ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ အဲဒီ ပေါ်ထွန်း ရေးကိစ္စ ဖြစ်တယ်။ အဲဒီအတွက် ညှိနှိုင်းရမယ်။ နိုင်ငံရေးအရ စကားပြောရမယ်။ အဲဒီမှာ ရှင်းရှင်းလေး ရှိတာက တော့ နံပါတ်တစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရမယ်။

တကယ့် ပြည်ထောင်စုအတွက်၊ တကယ့် အင်အားစု အားလုံးအတွက် အဆင်ပြေနိုင်တဲ့၊ သက်တောင့်သက်သာ ရှိနိုင်တဲ့၊ အားလုံးလည်း အတူတကွ လက်တွဲနေနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တစ်ခုနဲ့အတူ ပြည်ထောင်စုကို ဆက်လက် တည်ဆောက်ဖို့လိုတယ်။ 
နောက်တစ်ခုက စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်။ စစ်တပ်က နိုင်ငံရေးကထွက်ပြီး အရပ်သား အုပ်ချုပ်မှု အောက်ရှိတဲ့ စစ်တပ်ဖြစ်ရမယ်။ ဒါတွေက ကျနော်ထင်တယ် အားလုံး လက်ခံနိုင်ကြတဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းမှာ ကိုယ်ကိုယ်တိုင်က ဒါကို လက်မခံနိုင်ဘဲနဲ့ မဖြစ်နိုင်တာတွေ မပြောပါနဲ့ဆိုတဲ့ ဟာကတော့ အဆင်မပြေဘူး။ 

ကျနော်တို့က ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်လို့ အင်အားစုအားလုံးက စုစည်းပြီးတော့မှ ပြောထားတဲ့ဟာရှိတယ်။ ပြောထားတဲ့ ဘုံရည်မှန်းချက်ရှိတယ်။ ဘုံသဘောထား စုစည်းချက်တွေ ရှိတယ်။ ရပ်တည်ချက်တွေ ရှိတယ်။ ဒါက အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်ကို ပြောနေတယ်။ ဆောင်ရွက်ချင် တယ်။ ဒီလို ဒီတိုင်းပြည်ကို တည်ဆောက်ရမယ်။ 

ဒီလိုတည်ဆောက်မှပဲ ကျနောတို့ အင်အားစုအားလုံး၊ သက်ဆိုင် ရာ၊ ဒေသဆိုင်ရာ တိုင်းရင်းသားအားလုံး အတူ တကွ ကျနော်တို့ ညီညီမျှမျှ၊ တရားမျှတမှုရှိရှိ၊ တန်းတူညီတူရှိရှိ၊ အပြန်အလှန် အသိအမှတ်ပြုမှုရှိရှိ၊ အပြန်အလှန် လေးစားမှုရှိရှိ နေထိုင်သွားနိုင်တဲ့ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်ဖို့ ပြောနေတာပါ။ 

အဲဒါကို စစ်အုပ်စုနဲ့ နေပြည်တော်က ဒါက ငါ တည်ဆောက်မယ့် တိုင်းပြည်၊ ငါတည်ဆောက်မယ်ဆိုလို့ မရပါဘူး။ သူတို့လည်း အင်အားစု တစ်ခုအနေနဲ့ပဲ ပါဝင်ဖို့လိုမှာပါ။ နောက်တစ်ခုက အခု ကျနော်တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ်ခု၊ အားလုံး လက်ခံနိုင်တဲ့၊ အားလုံး အဆင်ပြေနိုင်မယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် တစ်ရပ်ကို ကျနော်တို့ သေချာ ပြင်ဆင်ဆောင်ရွက်ကြဖို့ လိုတယ်။

ပြီးတော့ အဲဒီကတစ်ခါ စစ်တပ်က နိုင်ငံရေးထဲကနေ ထွက်ဖို့လိုတယ်။ ပြီးရင် အရပ်သား Civilian Supremacy ဆီအောက် ရောက်ဖို့လိုတယ်။ ဒီနေ့ ဖြစ်ပေါ်ခဲ့တဲ့ တရားမျှတမှုကိုလည်း လက်ခံပြီးတော့မှ ဆက်လက် ဆောင်ရွက် ကြဖို့ လိုပါတယ်။ ပြည်သူလူထု လိုအပ်တဲ့ လိုလားတဲ့ တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်နိုင်တဲ့ အခင်း အကျင်းကိုလည်း ဖန်တီးကြဖို့ လိုပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်မှသာလျှင် ကျနော်တို့ တိုင်းပြည်က ရေရှည်တည်တံ့မယ့်၊ ရေရှည်မှာ တိုင်းရင်းသား အချင်းချင်း၊ အင်အားစု အချင်းချင်း အားလုံး လက်ခံနိုင်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ တင်ပြပါ ရစေ။

မေး ။      ။ ခုနက ဆရာပြောသလို ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့တွေ၊ တပ်က နိုင်ငံရေးထဲကနေ ထွက်ဖို့တွေပေါ့။ ဒီလို အကြောင်းအရာတွေကြတော့ အားလုံးတွေ့ဆုံဆွေးနွေးမှပဲ ညှိနှိုင်းလို့ရမှာဆိုတော့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်မလဲ။

ဖြေ ။      ။ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ ဘာလုပ်ဆောင်သင့်လဲဆိုတာ အင်အားစု အားလုံးသိတယ် အထူးအထွေ ပြောနေစရာ မလိုဘူး။ တန်းတူညီတူရှိတဲ့၊ အဓိပ္ပါယ်ရှိတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ဖို့ဆိုတာ ဒီနေ့ လုပ်သင့်လုပ်ထိုက်တဲ့ဟာ အားလုံးကို အင်အားစု အားလုံးက လုပ်ကြရမှာ ဖြစ်ပါ တယ်။

အဓိကကျတဲ့ သူတို့ စစ်အုပ်စုက ပိုပြီးတော့တောင် လုပ်ရပါမယ်။ ဒီနေ့ ပြည်သူလူထု တစ်ရပ်လုံးကို၊ အရပ်သား တွေကို ပစ်မှတ်ထားပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ဒါကိုလုံးဝ ရပ်တန့်ပစ်ဖို့ လိုပါတယ်။ နောက် နိုင်ငံရေးဆန္ဒကို သေချာဖော်ပြဖို့ လိုပါတယ်။ တကယ့် တွေ့ဆုံဆွေးနွေးရေး အပေါ်မှာ ထားရမယ့် သဘောထား တွေ သူတို့သိပါတယ်။ သိရဲ့သားနဲ့ကို တမင်ကို အပေါ်စီးကနေ ရင့်ရင့်သီးသီး မောက်မောက်မာမာနဲ့ ပြောနေတဲ့ ကိစ္စကတော့ ဘယ်အင်အားစုအတွက်မှ အဆင်မပြေပါဘူး။ ဘယ်သူမှ သက်တောင့်သက်သာ မဖြစ်ပါဘူး။ 

ဒီအပေါ်မှာကတော့ လိုက်ပါဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းက တော်တော် အခက်အခဲ ရှိပါတယ်။ လိုက်ပါ ဆောင်ရွက်ကြမယ့် အင်အားစုကလည်း ယာယီသဘောပဲ ဖြစ်မှာပါ။ တကယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့တဲ့ တိုင်းပြည်တည်ဆောက်ရေး၊ ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေး ကိစ္စ ကတော့ ဒီလို အခြေအနေမျိုးမှာတော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်သေးဘူးပေါ့နော်။ မဖြစ်နိုင်ဘူးလို့တော့ မပြော ပါဘူး။ မဖြစ်နိုင်သေးတာကို ပြောတာပါ။ ဖြစ်နိုင်အောင်လည်း အင်အားစုအားလုံးက ဝိုင်းကြိုးစားမှာပဲ။ နည်းနာပေါင်းစုံနဲ့ ကြိုးစားကြရမယ့် အခြေအနေလို့ပဲ ပြောချင်ပါတယ်။ 

ယနေ့ တိုင်းပြည်ရဲ့ လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အကုန်လုံး အဖက်ဖက်ကနေ ကျဆုံးနေကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိက ဆောင်ရွက်နေတာကတော့ ဒီကနေ့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ရန်လိုမှုက တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ဖြစ်နေတယ်လို့ပဲ ပြောချင် ပါတယ်။ အဲဒါကို ရပ်တန်းက ရပ်ဖို့လိုပါတယ်။ ရပ်တန်းက ရပ်ပြီးတော့ နိုင်ငံရေးစိတ်ဆန္ဒရှိရှိ၊ ပြည်သူလူထုကို မျက်နှာမူတဲ့ တိုင်းပြည်ကို တကယ်မျက်နှာမူတဲ့ လုပ်ဆောင်ချက်မျိုး တကယ်တမ်း ရှိလာမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း စဉ်းစားနိုင်တယ်လို့ အဲဒီလို ပြောပါရစေ။ 

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်

မေး ။      ။ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အခါမှာ ဆရာတို့ အပါအဝင် ၃ ဖွဲ့ကို NCA ထဲမှာပဲ သူတို့ရှိသေးတဲ့ပုံစံမျိုး သုံးသွားတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲ။

ဖြေ ။      ။ NCA ဘောင်ကို ကျော်သွားပြီ။ NCA ကာလတုန်းက ရှိခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်း၊ တိုင်းပြည်ရဲ့ အခင်းအကျင်းနဲ့ ဒီနေ့မှာ ရှိနေတဲ့ ရှိခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်း၊ တိုင်းပြည်ရဲ့ အခင်းအကျင်းက အများကြီး ပြောင်းလဲသွားပြီ။ NCA ကိုကျော်သွားပြီ။ NCA အပေါ်မှာ အခြေခံပြီး ဆက်သွားဖို့ဆိုတာက အဆင်မပြေတော့ ပါဘူး။

နောက်တစ်ခုကတော့ ဒီနေ့ ဖြစ်ပေါ်လာတဲ့ ဖြစ်ထွန်းလာတဲ့ တော်လှန်ရေး အင်အားစုတွေရှိတယ်။ နိုင်ငံရေး အင်အားစုတွေရှိတယ်။ state actors တွေ အများကြီး ပေါ်ထွန်းလာပါတယ်။ အဲဒါအားလုံးစုံပြီး စဉ်းစားကြမယ် ဆိုရင် NCA ကာလတုန်းက အခင်းအကျင်းက သေးသေးလေးပါ။ အခုဒီထက် ပိုကျယ်ပြန့်တဲ့ ဒီထက်ပို အားလုံးကို လွှမ်းခြုံနိုင်တဲ့ အခင်းအကျင်းကို စဉ်းစားရမှာဖြစ်တဲ့ အတွက်ကြောင့် NCA ကတော့ အဆင်မပြေတော့ပါဘူး။ 

NCA ရဲ့ Beyond NCA ပေါ့။ NCA ဘောင်ထက်ကို ကျယ်ပြန့်သွားပါပြီ။ အဲဒီတော့ NCA ဘောင်ထဲကို ပြန်ဆွဲသွင်း တယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ကတော့ ပါဝင်ဖို့လည်း မရှိသေးပါဘူးလို့။ ပါဝင်ဖို့လည်း မဖြစ်နိုင်သေးဘူး။ အဲဒီတစ်ချိန်တည်းမှာပဲ ကျန်တဲ့အင်အားစု အားလုံးကလည်း ပါဝင်နိုင်တဲ့ အခင်းအကျင်းထဲမှာ အဆင်မပြေသေး ဘူးလို့ပဲ ပြောပါရစေ။

မေး ။       ။ လက်ရှိမှာရော ဆရာတို့ အဖွဲ့အနေနဲ့ ဘယ်လို လှုပ်ရှားမှုတွေ ပြုလုပ်နေလဲ။

ဖြေ ။       ။ ကျနော်တို့ကတော့ နိုင်ငံရေး၊ စစ်ရေးကိစ္စကို ကျန်တဲ့ အင်အားစုတွေနဲ့ အတူလက်တွဲပြီး တိုက်ပွဲ ဝင်လျက်ရှိပါတယ်။ ဒါကလည်း ကျ‌နော်တို့ နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ အဖွဲ့အစည်း တစ်ခု အနေနဲ့ ဒါကတော့ ကျနော်တို့ ဆက်လုပ်နေတာရှိပါတယ်။ 

အဲဒီလိုပါပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျန်တဲ့ အင်အားစု အားလုံးကလည်း လက်တွဲပြီးတော့ စစ်ရေးနိုင်ငံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရှိပါတယ်။

မေး ။      ။ ဒါဆို လက်ရှိမှာ စစ်ရေးအခင်းအကျင်းက ပိုပြီးပြင်းထန်လာနိုင်တယ်လို့ရော သုံးသပ်ထားမိလား။

ဖြေ ။      ။ စစ်ရေး အခင်းအကျင်းကတော့ ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဖိနှိပ်မှုများလာလေ တုံ့ပြန်မှုက ပိုပြီးတော့ ကြီးလာလေလို့ပဲ ပြောပါရစေ။ အဲဒီလို တုံ့ပြန်မှုနဲ့ တွန်းကန်မှုကြီး လာလေလေ၊ ဖိအားကြီးလာလေလေ စစ်ရေးလှုပ်ရှားမှုက ပိုပြီးတော့ မြင့်တက်လာလေလေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကလည်း စစ်အုပ်စုရဲ့ တစ်ဖက်က ရန်လိုမှုအပေါ် ပေါ်ပေါက်လာတဲ့ အခင်းအကျင်းလို့ပဲ ကျနော့်အနေနဲ့ ပြောပါရစေ။