CNI Interview 

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄

မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်းများ ကို ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ သည်။

တခြား တစ်ဖက်မှာတော့ လက်နက်ကိုင် အင်အားစုများက နယ်မြေသိမ်း တိုက်ပွဲများ ဆင်နွှဲကာ ကွန်ဖက်ဒရေး ရှင်း အဆင့်အတန်းရရှိ‌ရေး သို့မဟုတ် ခွဲထွက်ရေး ရည်မှန်းချက်များကို ဖော်ဆောင်နေကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။        ။ လက်ရှိမှာ အစိုးရတစ်ရပ်ကလည်း ပေါ်လာပြီ။ လွှတ်တော်တွေကလည်း ပေါ်လာပြီဆိုတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေ ။         ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်စရာတွေကတော့ အများကြီးပဲ။ အဓိကကတော့ အဖွဲ့ အစည်း အသီးသီး ကြားမှာ ယုံကြည်မှုမရှိဘူး ဖြစ်နေတယ်လို့ ကျနော်တို့က မြင်တာပေါ့။ အဓိက အရေးကြီး တာက ယုံကြည်မှု၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တာကိုလည်း လက်နက်ကိုင် အဖွဲ့အစည်းဘက်က ယုံကြည်မှု၊ လက်နက် ကိုင် အဖွဲ့အစည်းဘက်ကလည်း အစိုးရဘက်က ကတိကဝတ်တွေ၊ ပေးတဲ့အခွင့်အရေးတွေ ယူပြီးတော့ ငြိမ်းချမ်း ရေးကို တကယ်လိုလားပြီးတော့ လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ယုံကြည်မှုပေါ့။ နှစ်ဖက် ယုံကြည်မှု ပျောက်နေတဲ့ အခြေအနေလို့ မြင်တယ်။ 

အဓိက ပြောချင်တာကတော့ လက်နက်စွန့်လွှတ်ရလို့ သူတို့ရဲ့ အကျိုးစီးပွား ခံစားခွင့်တွေ ရုတ်လျော့မသွားဘူး။ ငြိမ်းချမ်းရေးကသာ ဒေသဖွံ့ဖြိုးရေးကို ပိုမိုအထောက်အကူ ပြုတယ်ဆိုတဲ့အမြင်ကို လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက မြင်ဖို့တော့ လိုအပ်နေတာ။ 

မေး ။          ။ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အခါ အစိုးရဘက် ဘယ်လိုဖိတ်ခေါ်သင့်လဲ။

ဖြေ ။         ။ အခု ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့ စာအရတော့ အစိုးရဘက်က အလျှော့ပေးထားတာတွေ အများ ကြီး ရှိပါတယ်။ ကျနော်တို့ NCA လမ်းကြောင်းက သွားထားပြီးသား အခြေအနေရှိနေတော့ ဒီ NCA လမ်းကြောင်း နဲ့ပဲ ဆက်လက် အကောင်အထည်ဖော်တာက ပိုအဆင်ပြေမယ်လို့ ထင်တယ်။ နိုင်ငံတကာ စောင့်ကြည့်မှု လုပ်ငန်းစဉ်တွေ  အကုန်လုံး ပါထားပြီးသားဖြစ်နေပြီလေ။ 

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

မေး ။         ။ တချို့ကြတော့ ပြောကြတယ် ငြိမ်းချမ်းရေးမှာ မလာနိုင်ပေမယ့် အပစ်တော့ ရပ်နိုင်တယ်‌ပေါ့။ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ် နှစ်ခုက မတူဘူးလို့ သုံးသပ်ကြတာပေါ့။ ဒီအပေါ် ဘယ်လိုမြင်မိလဲ။ ငြိမ်းချမ်း ရေး မလုပ်နိုင်ရင်တောင် အပစ်ရပ်ရေးကို ဦးစားပေးသင့်မလား။

ဖြေ ။       ။ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်တယ်ဆိုတာက မတူပါဘူး။ ငြိမ်းချမ်းရေးက တကယ့်ကို လိုလိုချင်ချင် နယ်မြေဒေသဖွံ့ဖြိုး ရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ အပစ်ရပ်ထားတယ်ဆိုတာကတော့ ပြောရ ရင်တော့ နှစ်ဖက် အင်အား ဖြည့်ဆည်းဖို့ အနားယူနေသလိုကြီး ဖြစ်နေတာလေ။ 

ရှေ့ကာလတွေက အဲဒီလိုပဲဖြစ်ခဲ့တာကို။ အမြန်ဆုံး အပစ်ရပ်တာ အကောင်းဆုံးပဲ။ ကျ‌နော်တို့ကတော့ ပထမဆုံး အပစ်ရပ်လိုက်ရင်ကိုပဲ ပြည်သူကစပြီးတော့ စိတ်ချမ်းသာမှုရပြီ။ ပထမ အဆင့် ခြေလှမ်းစပြီပေါ့။ ငြိမ်းချမ်းရေးက နှစ်ဖက်ညှိနှိုင်းဖြေရှင်းရမယ့် အခြေအနေတွေကို ကြားခံ အဓိကတော့ ကြားခံသက်သေနဲ့ ဖြေရှင်းမှ လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်နေတာလေ။ 

တစ်ဖက်တည်းက အပစ်ရပ်ရုံနဲ့မပြီးဘူး ဖြစ်နေတာကို ငြိမ်းချမ်းရေးအထိ ရောက်ဖို့ကြတော့လေ။ အဲဒီတော့ ကြားခံ အဖွဲ့အစည်းရဲ့ အင်အား ကောင်းကောင်း၊ ထောက်ပံ့မှုကောင်းကောင်း ဒါမှမဟုတ်ရင် ပြဿနာဖြေရှင်းနိုင် မှု ကောင်းကောင်းနဲ့ ဆောင်ရွက်မှ ငြိမ်းချမ်းရေးအဆင့်က ရောက်မှာ။ 

ဒါပေမယ့် အရေးကြီးတာတော့ အပစ်စရပ်ဖို့က အရေးကြီးတယ်။ အဲဒါကြောင့် အပစ်ရပ်ကြတာကို ကျနော်တို့က ကြိုဆိုတယ်။ ပထမဆုံး အကုန်လုံး လက်နက်ကိုင်အဖွဲ့အစည်းအကုန်လုံးက အပစ်ရပ်တာကို စပြီး အကောင် အထည် ဖော်လိမ့်မယ်လို့ မြင်တယ်။

မေး ။        ။ ဒီလိုမျိုးအပစ်ရပ်ရေးကို စပြီးအကောင်အထည်ဖော်မယ်ဆိုရင် လက်ရှိမှာ တချို့အဖွဲ့တွေနဲ့ ကတော့ စပြီး အပစ်ရပ်ထားကြပြီပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကဆိုရင် AA နဲ့ အပစ်ရပ် ထားပေမယ့် ၂၀၂၃ မှာ တကျော့ပြန် တိုက်ပွဲဖြစ်တယ်ပေါ့။ အပစ်ရပ်သဘောတူထားပေမယ့်လည်း တိုက်ပွဲတွေ တကျော့ပြန် ပြန်မဖြစ် လာအောင် နှစ်ဖက်ကြားမှာ ဘယ်လိုလုပ်ဆောင်သင့်လဲ။

ဖြေ ။         ။ အဓိကကတော့ ကြားခံအဖွဲ့အစည်းကို Third party တွေ အင်အားကောင်းကောင်းပါဝင်ဖို့ပေါ့။ ဥပမာအားဖြင့် UN လိုဟာမျိုး၊ အာဆီယံလိုဟာမျိုး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြားဝင်ထားတာမျိုးပေါ့။ အဲဒါမျိုးဝင်ထား လိုက်တော့ နှစ်ဖက်က ဒီကြားဝင်အဖွဲ့အစည်းရဲ့ ပါဝါကို ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက် ရင်းနဲ့ နှစ်ဖက် ပိုထိန်းတယ်လို့မြင်တယ်။ ကြားခံအဖွဲ့အစည်းတွေကတော့ နိုင်ငံသားတွေထဲက တတ်သိပညာရှင် တွေ၊ ငြိမ်းချမ်း ရေးလိုလားတဲ့ တက်ကြွတဲ့ပုဂ္ဂိုလ်တွေလည်း ပါသင့်တာပေါ့။ 

မေး ။       ။ လက်ရှိမှာ တချို့တိုင်းရင်းသားလက်နက်ကိုင်တွေက ကွန်ဖက်ဒရေးရှင်းထက် ကျော်လွန်ပြီး လိုလား တာမျိုးတွေ၊ တောင်းဆိုတာမျိုးတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီအပေါ်မှာရော ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး သူတို့တောင်းတာမျိုး မဟုတ်ဘဲ တခြားဘယ်လို ပုံစံမျိုးနဲ့ နေရာဒေသ ပေးလို့ ရနိုင်မလဲ။

ဖြေ ။         ။ နေရာဒေသတွေ ပေးဖို့ဆိုတာက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တကယ်ကတော့ တိတိကျကျ ပြဋ္ဌာန်းချက် မရှိဘူးလေ။ တကယ်တမ်း ပြောရရင်တော့ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ ဆိုတာက ကွန်ဖက်ဒရေးရှင်း ဆိုတာက ကမ္ဘာပေါ်မှာကို ကွန်ဖက်ဒရေးရှင်းဆိုတာ ရှိတာမဟုတ်တော့ဘူးလေ။ ဥရောပ Union ကြီး တစ်ခုလုံးက ကွန်ဖက်ဒရိတ် ဖြစ်‌နေတာပဲ။ 

ဒါပေမယ့် သူ့နိုင်ငံနဲ့သူ တစ်နိုင်ငံချင်း သီးခြားတွေလုပ်နေကြတာပဲ။ အဲဒီအခြေအနေမျိုးကို ကျနော်တို့ မြန်မာနိုင်ငံ က အစိတ်အပိုင်းတွေ ခွဲထုတ်ပြီးပေးလို့မရဘူး။ ကွန်ဖက်ဒရိတ် အဆင့်တွေကတော့ ပေးလို့မရပါဘူး။ ဖက်ဒရယ် ကို ကျနော်တို့ အခု NCA လမ်းကြောင်းကနေပြီးတော့ တိုင်းရင်းသား အားလုံး သဘောတူညီတဲ့ ဘုံသဘောတူညီ ချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အကျုံးဝင်အောင် ရေးဆွဲပြီး ပြုပြင်ပေါ့။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွှဲနေရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မရဘူး ဆိုရင်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြုပြင်လိုက်ရင် ပထမအဆင့်ပေါ့၊ ငြိမ်းချမ်းရေးသဘောတူညီ ချက် Union Accord ဆိုရင် အချက် ၄၀ ကျော်တောင်ရှိတာကို။ ဒီအချက် ၄၀ ကို အခြေခံဥပဒေအောက် ရောက် သွားရင်ကိုပဲ ပြောရရင်တော့ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ကို ဖက်ဒရယ်ဖွဲ့စည်းပုံကို တော်တော်ကြီး ခြေလှမ်းလှမ်းမိပြီလို့ ပြောလို့ရတာပေါ့

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

မေး ။         ။ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးကို စတင်ဆွေးနွေးပြီဆိုရင် တော်တော်များများ တောင်းဆိုကြတာ ရောက်တဲ့နေရာမှာ တပ်တွေ အဲဒီအတိုင်းရပ်ထားဖို့ပေါ့။ တစ်ဖက်ကပြန်ကြည့်ရင် မြန်မာ့တပ်မတော်ဘက်က ဆုံးရှုံးထားတဲ့ နယ်မြေ‌တွေက အများအပြားရှိနေတော့ ရောက်တဲ့နေရာ ရပ်ဆိုတဲ့အခင်းအကျင်းက ဖြစ်လာဖို့ လွယ်ကူပါ့မလား။

ဖြေ ။         ။ မလွယ်ကူဘူး။ ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပြီးသား နယ်နိမိတ် တွေ ရှိတယ်လေ။ အဲဒီနယ်နိမိတ်တွေရဲ့ ဘောင်ကျော်ပြီးတော့ သွားပေးရင် သူက ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှု၊ တကယ်ကို ထိန်းသိမ်းစောင့်ရှောက် ပါမယ်ဆိုတဲ့ အဖွဲ့ကကို ချိုးဖောက်မှု ဖြစ်သွားမှာလေ။ 

ရောက်တဲ့နေရာ ရပ်ဆို တာက တကယ်တမ်း ပြောရင်တော့ လက်ရှိ မြေနေရာ အသာစီး ရထားပြီးသား ပုဂ္ဂိုလ်တွေက အဓိက,ကတော့ စီးပွားရေး အခွင့်အလမ်း အသာစီးရထားတဲ့ အခြေအနေတွေကို လက်လွှတ်ဆုံးရှုံး မခံနိုင်လို့ ရောက်တဲ့နေရာ ရပ် ဆိုတဲ့ စကားလုံးတွေ သုံးတာ။ တကယ်တမ်း ပြောရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုမှကို ခွင့်ပြုလို့မရ တဲ့ အခြေအနေမှာ ရှိတာလေ။

မေး ။        ။ လက်ရှိမှာ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၅ နှစ်တာ အတွင်းမှာကိုပဲ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ စီးပွားရေးဆိုလည်း ကျဆင်းလာတယ်၊ လူနေမှုဘဝတွေလည်း ကျဆင်းနေတယ်။ လက်ရှိမှာ အစိုးရသစ်ရော၊ လွှတ်တော်ရော ပေါ်လာပြီဆိုတော့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အကျပ် အတည်းတွေမှာ ဘယ်အရာတွေကို ကစပြီး ဦးစားပေး ဖြေရှင်းသင့်လဲ။

ဖြေ ။         ။ မြန်မာပြည်ရဲ့အရေးကိစ္စက ဘယ်အရာ ဦးစားပေးရမယ်လို့ကို ရွေးခွင့်မရှိဘူးဖြစ်နေတာ။ အကုန်လုံး က တစ်ပြိုင်နက်တည်း အရေးကြီးတာချည်းဖြစ်နေတာ။ အဲဒီတော့ ပထမဆုံးကတော့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးရမှာပေါ့။ အဲဒါပြီးရင်တော့ ကျနော်တို့ မြန်မာပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်နေတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းက ထုတ်လုပ်ရေးအဆင့် ရောက်အောင် ကျနော်တို့ အားမြှင့်ရမှာပေါ့။

ဒီလုပ်ငန်းခွင်ထဲမှာ လူဦးရေ များများရောက်နေပြီး များများ လုပ်ငန်းလုပ်ပြီး လည်ပတ်နေမှပဲ တိုင်းပြည်စီးပွားရေး က အသက်ရှူချောင်လာမှာလို့ မြင်တယ်။ ကျနော်တို့က သယံဇာတတစ်ခု ထုတ်လုပ်မှု တစ်ခုတည်း ဦးတည်သွား နေလို့တော့ အဆင်မပြေနိုင်တော့ဘူး နိုင်ငံရေရှည်က။

လွှတ်တော်ကိုတွေ့ရစဉ်

မေး ။        ။ ဒါဆို ဒီအခင်းအကျင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးလဲ။

ဖြေ ။         ။ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပြည်ထောင်စု သ‌ဘောတူညီချက် ရပြီးသား အချက်အလက်တွေကို အဆိုတင်သွင်း ပြီးတော့ အခြေခံဥပဒေထဲမှာ ထည့်သွင်းသွားမယ်၊ ပြင်ဆင်သွားမယ်ဆိုရင် ကျနော်တို့ လွှတ်တော် တွေကတော့ အများစု သဘောတူပြီးတော့ ဆောင်ရွက်ပေးသွားမယ့် အခြေအနေမှာ ရှိပါတယ်။

မေး ။        ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံး “ဝ”ကတော့ မြန်မာနိုင်ငံ ကနေ ခွဲမထွက်ဘူးလို့ အမြဲတမ်း ထုတ်ပြောလေ့ရှိတယ်။ အင်အားကြီး “ဝ” ရဲ့ ခွဲမထွက်ဘူးဆိုတာကို အခိုင်အမာ ရပ်တည်ထားမှုက ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။

ဖြေ ။       ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အကုန်လုံးက မြန်မာပြည်က ခွဲထွက်ဖို့ လက်နက်ကိုင် နေကြတာ မဟုတ်ဘူး။ သူတို့က သူတို့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ မရ ဘူး။ ဒီကြောင့် လက်နက်ကိုင်ပြီး တောင်းဆိုမှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာ ကြတာ။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး၊ တစ်ကိုယ်ရည် ကိုယ်ရေး အသုံးချမှုတွေကြောင့်သာ သူတို့ တိုင်းရင်းသားတွေအတွက် မူလရည်မှန်းချက်ကို သူတို့ ရောက်အောင် မလုပ်နိုင်တာလို့ ကျနော်တို့ မြင် တယ်။ 

အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက တိုင်းရင်းသားအကုန်လုံးကို ကိုယ်စားပြုတဲ့ အသံ ထွက်မလာဘူးပေါ့။ အဲဒီတော့ ကျနော်တို့ ဖြစ်စေချင်တာ မြန်မာပြည်သည် လက်ရှိမြေပုံထဲက ဘယ်တိုင်းရင်းသား မှ ခွဲမထွက်ဖို့ လိုအပ်မယ်။ ဒါမှပဲ ပြည်ထောင်စုဆိုတာကြီးက တည်မြဲမယ်ပေါ့။ 

နောက်တစ်ချက်ကတော့ သူတို့ ခွဲမထွက်ချင်အောင်လည်း ဗဟိုအစိုးရကပဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရကပဲ ဖြစ်ဖြစ် အခွင့်အရေးတွေ ပေးဖို့လည်း လိုလိမ့်မယ်။ ဒါကိုလည်း တကယ့်ကို နည်းလမ်းတကျ တောင်းဆိုတဲ့ စနစ်ကို ရောက်သွားစေချင်တယ်။ ဒါကလည်း ပြောရရင်တော့ လက်နက်ကိုင်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းက တောင်းဆိုတာက ရေရှည်အတွက်ပိုကောင်းတယ်ပေါ့။

ပြောရရင် စစ်ရေးဆိုတာကတော့ အခုကာလ စစ်‌ရေးဆိုတာက တစ်ဆက်တည်း အပြတ်နိုင်တယ်ဆိုတာ ဘယ်‌တော့မှ မရှိနိုင်တော့ဘူး။ အစိုးရဘက်ကလည်း ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ အပြတ်နိုင်မှာ မဟုတ်ဘူး။ ဒီအခြေအနေမျိုးမှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖက်ဒရယ်ဆိုရင်လည်း သူတို့သွားချင်တဲ့ ဖက်ဒရယ်၊ သူတို့တောင်းဆိုတဲ့ ဖက်ဒရယ် အချက်အလက်တွေကို ကျနော်တို့ ပေးနိုင်မှု ရာခိုင်နှုန်း ဘယ်လောက် ခင်ဗျား ၁၀၀ တောင်းတယ်ဗျာ ကျနော်တို့က စပြီး ၁၀ ပေးမယ်၊ ဟိုဘက်က ၁၀ နဲ့ စပြီးတော့ လက်ခံ၊ အဲဒါမှ ၂၀ တိုးတောင်း မယ်၊ ၃၀ ရအောင်လုပ်မယ်။ နောက်ဆုံးပိတ် ၅၀၊ ၁၀၀ ပြည့်အောင် ဘယ်ကာလအထိ ပြည့်မယ်ဆိုတာမျိုး ကျနော်တို့ Time duration လည်း Frame ချထားပြီးတော့ ဆောင်ရွက်ရင် မြန်မာပြည်က အမြန်အေးချမ်းမှာပါ။ ကျနော်အဲဒီလိုပဲ ယုံကြည်ထားတယ်။ 

မေး ။       ။ ဒါဆို လက်ရှိ အခင်းအကျင်း အားလုံးနဲ့ပတ်သက်ပြီး တခြား ဖြည့်စွက် ပြောချင်တာများ ရှိရင်ပြော ပေးပါဦး။

ဖြေ ။         ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအကုန်လုံး တကယ့် တိုင်းရင်းသားတွေရဲ့ မြေပြင်ရင်ဆိုင် ကြုံတွေ့နေရ တဲ့ အကျပ်အတည်းတွေကို ကိုယ်ချင်းစာစေချင်တယ်။ တကယ့် တိုင်းရင်းသား ပြည်သူတွေ သွားချင် တဲ့ တည်ငြိမ်အေးချမ်းတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတဲ့ နိုင်ငံတော်ကို အတူတူ ဝိုင်းပြီးတည်ဆောက် စေချင်တယ်။ 

လိုချင်တာလေး အကြောင်းသေးသေးလေး တစ်ချက်ကိုပဲ လက်နက်ကိုင် တော်လှန်နေတာက ရေရှည်ရော ယနေ့ခေတ် နိုင်ငံရေးနည်းပညာအရလည်း မပြည့်စုံနိုင်တော့ဘူး၊ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါကြောင့်မို့လို့ မြန်မာပြည်က ခွဲထွက်ရေးဆိုတာကို ဘယ်တိုင်းရင်းသားမှ မစဉ်းစားစေချင်ဘူး။ 

သူတို့ တကယ်လိုအပ်နေတဲ့ အချက်တွေကိုလည်း ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး တောင်းဆိုတဲ့ မက်ဂနပ်ဆင် ဖြစ်အောင် လုပ်ပါမယ်။ ကျနော်တို့ လွှတ်တော်ဘက်ကလည်း ကျ‌နော်တို့ လက်လှမ်းမီသလောက် မဟုတ်ဘူး။ အစွမ်းကုန် ပြည်သူဘက်က ရပ်တည်ပေးပါမယ်။ တိုင်းရင်းသားတွေဘက်က ရပ်တည်ပေးပါမယ်လို့ ပြောချင်တယ်။