CNI Interview
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရသစ်၏ သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက် အထိ ရက် ၁၀၀ သတ်မှတ်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ(NSPCC)ကလည်း NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA မထိုးသေးသည့် လက်နက် ကိုင်အဖွဲ့အစည်းများ၊ NCA ထိုးပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသည့် အဖွဲ့အစည်း များကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဇူလိုင် ၃၁ ရက်နေ့အထိကို သူ ရက် ၁၀၀ သတ်မှတ်လိုက်တာပေါ့လေ။ အဲဒီမှာ PDF တွေ အလင်းဝင်ဖို့ အပြင် NCA ထိုးထားတဲ့အဖွဲ့ရော၊ မထိုးရသေးတဲ့ အဖွဲ့ရော ဖိတ်ခေါ်ထားတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ကျနော်တို့ ကြိုဆိုရမှာပေါ့။ သူပြောသလိုပဲ နိုင်ငံဖွံ့ဖြိုးဖို့အတွက် လုပ်တဲ့နေရာမှာ တိုင်းပြည်က မငြိမ်း ချမ်းရင် လုပ်လို့ မရဘူးဆိုတာ မှန်ပါတယ်။ သူအသိဆုံးပဲ ဖြစ်မှာပါ။ ဒီဥစ္စာကို ကြိုဆိုရမှာပါ။ ကျနော့် အနေနဲ့တော့ ကြိုဆိုပါတယ်။
သို့သော်လည်းပဲ အများကတော့ ခက်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သမ္မတကြီး ဦးသိန်းစိန်က ရာထူးကို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ လေးလလောက်အကြာမှာ ကြေညာချက်ထုတ်တယ်။ ပြည်ပ ရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ပြန်လာပါ။ တိုင်းပြည်ကို ပြန်လည် ဖွံ့ဖြိုးအောင်လုပ်ဆောင်တဲ့နေရာမှာ ကူညီပါ။ နောက်တိုင်းပြည်မှာ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း ငြိမ်းချမ်းရေး လာဆွေးနွေးပါလို့ ခေါ်တဲ့ အခါကြတော့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ခေါ်တယ်။ ဒါပေမယ့် တစ်ဖွဲ့မှ မလာကြဘူး။
သူတို့ သွားတွေ့တဲ့ အဖွဲ့ကလည်း နဂိုကတည်းက အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။ “ဝ” တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့၊ DKBA တို့ ဘာတို့။ ဒါပေမယ့် လက်နက်ကိုင်ပြီးမှ တော်လှန်တိုက်ခိုက်နေတဲ့ တစ်ဖွဲ့မှ မလာကြဘူး။ ယုံလည်း မယုံကြဘူး။ အဲဒီလို ဖြစ်တဲ့အခါကြတော့ အောက်တိုဘာလကြတော့ ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့ကို တာဝန်ပေးပြီးတော့မှ ထိုင်းနိုင်ငံကို လာတယ်။ ထိုင်းနယ်စပ်ကိုသွားတယ်။ ငြိမ်းချမ်းရေးရနိုင်ဖို့ လိုက်ဆွေးနွေး တယ် မရဘူး။
နောက်ဆုံးကြတော့ ဦးဟန်ညောင်ဝေကနေ ကူညီပြီးတော့မှ သူက National Reconciliation Program ဆိုပြီး တော့မှ သူက EAO အားလုံးနဲ့ ဆက်ထားတာကို။ ဒါကြောင့် သူကလည်း တစ်ဖက်က အကူအညီ ထပ်ပေးတဲ့ အခါကြတော့ ၅ ဖွဲ့က သဘောတူတယ်။ အဲဒီအခါကြတော့မှ နိုဝင်ဘာလကြမှ ဆွေးနွေးရပါတယ်။
အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြန်ပြီးတော့မှ စောင့်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်တုန်းက အဲဒီလောက် တောင် ခက်လို့ရှိရင် အခုအခြေအနေမှာ ပိုတောင် ခက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီလို ပိုတောင်ခက်တဲ့ အတွက်ကြောင့်မို့လို့ ကျနော် ရှိတဲ့နေရာကို လာကြပါဆိုရင်တော့ လာဖို့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့် သူတို့ ရှိတဲ့ နေရာကို သွားလို့ရှိရင်တော့ ပိုပြီးတော့မှ ဖြစ်နိုင်ခြေ ပိုများမယ်ပေါ့။ ဒါတောင်မှ ဦးအောင်မင်းတို့၊ ဦးစိုးသိမ်း တို့ထက် ပိုပြီးတော့မှ ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တချို့ကိုတွေ့ရစဉ်
မေး ။ ။ ဖိတ်ခေါ်တယ်ချည်းပဲ ပြောထားတော့ ဘယ်လိုမျိုးတွေ ဆွေးနွေးကြမယ်။ ဘယ်လိုမျိုး လာပါဆိုပြီး တော့ မပါဘူးပေါ့။ ဒီအတိုင်း ဖိတ်ခေါ်ပါတယ်။ လာပါပဲ ပြောထားတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
ဖြေ ။ ။ သူနည်းနည်း ကွာတာတော့ ရှိလိမ့်မယ်။ ဦးသိန်းစိန် တုန်းကတော့ ဘာမှ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ ချက်ချင်းမရှိဘူး။ အဖွဲ့အတိုင်းနဲ့ လိုက်ဆွေးနွေတာပဲ။ ဆက်ဆွေးနွေးပြီးတော့မှ ပထမဆုံး လုပ်တာက အပစ်ရပ်စဲရေးကို။ နံပါတ်တစ်က အပစ်ရပ်စဲမယ်။ နံပါတ်နှစ်ကတော့ လက်နက်ကို ဆက်လက် ကိုင်ထားမယ်။ ဒါပေမယ့် ဆက်ပြီးတော့မှ ဆွေးနွေးသွားမယ်ဆိုတဲ့ ဟာမျိုး ဖြစ်တယ်။ ဘာမှ မူကို မချထားဘူး။
နောက်ပိုင်းကျ ဦးသိန်းစိန် နည်းနည်း သူက မူထပ်ချတာတွေရှိတယ်။ ဘာလုပ်ရမယ်၊ ဘာကိုမလုပ်ရဘူးဆိုတာ တွေ ချတဲ့အခါကြတော့ EAO တွေက လက်မခံဘူး။ ကျနော်တို့ ၂၀၀၈ ကို လက်မခံဘူး။ အထူးသဖြင့် သူတို့ ၂၀၀၈ ပြောတာပေါ့ အဲဒီတုန်းက ၂၀၀၈ ကို လုံးဝ လက်မခံဘူး။ ကျနော်တို့ အခြေခံဥပဒေပေါ်မှာ အခြေခံမထားဘဲနဲ့ ဆွေးနွေးကြမယ်။ ဆွေးနွေးကြပြီးတော့မှ ကျနော်တို့ သဘောတူညီသည့်အလျောက် အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်သွားရမလဲဆိုတာကို နောက်ပိုင်းမှာ ဆုံးဖြတ်မယ်ဆိုတာကို။ အဲဒီတော့ သူတို့ဆွေးနွေးတာ အဆင်ပြေ အောင် ဒါကြောင့် NCA လည်း ဖြစ်လာတာပေါ့။
ဒါကြောင့်မို့လို့ အခု လောလောဆယ်မှာတော့ ဦးမင်းအောင်လှိုင် အနေနဲ့ သူ့မှာ NCA အခြေခံလေး ရှိထားတာပေါ့။ ဒါပေမယ့် NCA က တကယ်လုပ်လာတဲ့လူ၊ တကယ်လေ့လာတဲ့လူလည်း ရှိတယ်။ ဘာမှ မလေ့လာရဘဲနဲ့ ဦးမင်းအောင်လှိုင် လုပ်တယ်ဆိုရင် ငါလက်မခံဘူးကွဆိုတဲ့ ဒါတွေကလည်း အများကြီး တစ်ပုံတစ်ခေါင်းကြီး။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သေသေချာချာ ရှင်းရှင်းလင်းလင်း အားလုံးနားလည် သဘောပေါက်အောင် ဆွေးနွေး ဖို့ လိုပါတယ်။ အထူးသဖြင့် ကျနော်တို့ NCA မှာဆိုရင် အခြေခံမူနဲ့ပတ်သက်လို့၊ လမ်းညွှန်မူနဲ့ ပတ်သက် လို့ သူက အပိုင်း ၁ ရှိတာကို။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ကြမယ်။ နောက်ပြီးတော့မှ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ် စသည်ဖြင့် မူချထားတာရှိတယ်။ ဒီမူတွေကတော့ တကယ်တမ်း ပြန်ရှင်းပြလို့ရှိရင်တော့ ဘယ်အဖွဲ့မှ ငြင်းစရာမရှိဘူးလို့ ကျနော်ထင်ပါတယ်။
လွတ်လပ်ရေး ရချင်တဲ့အဖွဲ့တွေ၊ ကွန်ဖက်ဒရေးရှင်း လုပ်ချင်တဲ့ အဖွဲ့တွေကလွဲရင်တော့ ငြင်းပယ်စရာမရှိဘူးလို့ မြင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ လာဆွေးနွေးတဲ့ လူတွေ၊ အဖွဲ့တွေက အားလုံး၊ နောက်ပြီး ဒီအဖွဲ့တွေ အားလုံးမှာ လက်နက်တွေ ဆက်ကိုင်ထားခွင့်ရှိတယ်၊ အရေးမယူဘူး၊ အရင်တုန်းက မတရားအသင်း ကြေညာထား တာတို့၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတာတွေကို ဒါတွေကို ရပ်ဆိုင်းထားမယ် စသည်ဖြင့် ဒါမျိုး တွေ အာမခံချက် မရှိလို့ရှိရင်တော့ ခက်မယ်။ ဒါရှိနိုင်တယ်လို့၊ လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ လုပ်ပါစေလို့ လည်း ကျနော် မေတ္တာရပ်ခံပါတယ်။

NSPCC က ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို တွေ့ရစဉ်
မေး ။ ။ အစိုးရသစ် လက်ထက်မှာ အများစုက သုံးသပ်တာက ၁ နှစ်၊ ၂ နှစ်လောက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သေချာ ဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်မှာ မဟုတ်သေးဘူးပေါ့။ အခက်အခဲ အကျပ်အတည်းတွေ ရှိမယ်ဆိုပြီးတော့ အားလုံးက သုံးသပ်ထားကြတာပေါ့။
ဒီအခါမှာ သူက ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေဆိုပြီး သမ္မတကိုယ်တိုင်က ထုတ် ဖော်ပြောဆိုလာတော့ သူ့မှာ ဘယ်လို အာမခံချက်တွေကြောင့် ဒီလိုပြောဆိုလာတာ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျနော် ထင်တာကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း သိပါလိမ့်မယ်။ ရက်ပေါင်း ၁၀၀ အတွင်းမှာ NCA အသစ်ကို ရနိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့။ ကျနော်တို့ ဦးသိန်းစိန်တုန်းက ၂၁ ဖွဲ့ ရှိနေတုန်းက တောင် နှစ်ပေါင်း ၂ နှစ်လောက် ကြာကြာလုပ်မှ ကျနော်တို့ အပစ်ရပ် သဘောတူချက်တွေ ရတာကို အဲဒီတုန်းက။ အခုဆိုရင် အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့ အခါကြတော့ ဒီဥစ္စာဟာ အချိန်ပိုတောင် ယူနိုင်တယ်ဆိုတာ။
အခန့်သင့်တယ်ဆိုရင်တော့ အချိန်ပိုတိုနိုင်တယ်ပေါ့။ အချိန်ပိုတိုနိုင်အောင် လုပ်နိုင်ဖို့ကလည်း ကျနော်တို့ ဒီ သမ္မတကြီးအပေါ်မှာ အများကြီး မူတည်လိမ့်မယ်။ သူ့ရဲ့ စိတ်သဘောထား ကျယ်ပြန့်မှု၊ စိတ်သဘောထား ကြီးမြင့်မှု အပေါ်မှာ အများကြီး မူတည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
အဲဒီတော့ အခု လောလောဆယ်ကတော့ ကျနော် ခုနက ပြောသလို ၂၁ ဖွဲ့တည်း ရှိတုန်းကတောင်မှ နှစ်နဲ့ချီကြာခဲ့ တာ အခုဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ အကုန်လုံး ရနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူကိုယ်တိုင် သိပါလိမ့်မယ်။ ဒါပေမယ့် သူဘယ်လောက် အဆင့် ထားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘယ် အဆင့်ကို ငါရအောင် ယူမယ်လို့ သူသတ်မှတ်ထားတာ ရှိကောင်းရှိမယ်ပေါ့။
မေး ။ ။ အခုလို ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေဆိုပြီး သူထုတ်ပြောသွားတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်မှုရော ရှိလာနိုင်မလား။
ဖြေ ။ ။ အိမ်နီးနားချင်း နိုင်ငံတွေကတော့ ဗမာပြည်ကို ငြိမ်းချမ်းစေချင်တာပဲ။ တရုတ်ရော၊ ကုလားရော၊ ထိုင်း ရော၊ ဘင်္ဂလားဒေ့ရှ်ရော၊ လာအိုရော အကုန်လုံး ဗမာပြည် ငြိမ်းချမ်းစေချင်တာပဲ။ သူတို့တတ်နိုင်တဲ့ နည်းနဲ့ သူတို့ ကူညီလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
အထူးသဖြင့် ထိုင်းဆိုရင် ဦးသိန်းစိန် ခေတ်တုန်းက ဆိုရင်တော့ နိုင်ငံကနေ ထိုင်းဘက်ကို အကျော့ ၁၀၀ လောက် မလျော့ဘူးထင်တယ် လာတာ။ ဒါတွေအကုန်လုံးကို သူတို့ စည်းကြိုပြီးတော့မှ တစ်ခါတည်း အစည်းအဝေးတွေ အားလုံးကိုလည်း ခွင့်ပြုရုံတင်မကဘူး။ သူတို့က အများကြီး ပြေလည်အောင် လုပ်ပေးတယ်။
နောက်ပြီးတော့ ဝင်ရောက် စွက်ဖက်တာလည်း မရှိဘူး။ ခင်ဗျားတို့ ဒီလိုဆွေးနွေးပါ၊ ဟိုလိုဆွေးနွေးပါ စည်းကမ်း လာသတ်မှတ်တာတွေလည်း ဘာမှမရှိဘူး။ အင်မတန်မှ အဆင်ပြေတယ်။ ဒီတော့ ကျနော်ထင်တယ် ဒီတစ်ခေါက် လည်း အိမ်နီးနားချင်း နိုင်ငံတွေက အထူးသဖြင့် ထိုင်းက ဒီလို ဆက်လုပ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

NSPCC က ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို တွေ့ရစဉ်
မေး ။ ။ သမ္မတပြောသွားတဲ့အထဲမှာ အဖွဲ့တွေ အားလုံးအနေနဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဖိတ်ခေါ်ပါတယ်လို့ ပြောသွားတော့ ဇူလိုင် ၃၁ နောက်ပိုင်းဆိုရင်က ဖိတ်ခေါ်မှုတွေ မရှိတော့ဘူးလို့ သက်ရောက် မနေဘူးလား၊ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဒီဥစ္စာတော့ နိုင်ငံရေးပဲဗျာ။ ကျနော်တို့တွေ့ခဲ့တာ အများအားဖြင့်တော့ စလုပ်ပြီးတော့မှ အခြေအနေ တစ်ခု ရောက်တဲ့အခါကြတော့ ရက်ထပ်တိုးတာတို့ ဘာတို့က ထုံးစံပဲလေ။ ရက်ထပ်မတိုးဘဲနဲ့ တစ်ခါတည်း အပြတ် ချလိုက်တယ်လို့တော့ မမျှော်လင့်ဘူးပေါ့။ တကယ်လို့ အဲဒီလိုဖြစ်မယ်ဆိုရင်လည်း သမ္မတကြီး မနေ့က ပြောသွားတဲ့ဟာတွေက သဲထဲရေသွန်ပဲဖြစ်သွားမှာပေါ့။
မေး ။ ။ ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းပြီးမှ လုပ်မှသာလျှင် မျှော်လင့်ချက်ရှိတာ။ ဥပမာ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆိုရင် အင်မတန်မှ ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ဒါကြောင့်မို့လို သူလုပ်ခဲ့တာလည်း အောင်မြင်ခဲ့တယ်။
ဒီတော့ ကျနော်တို့ ဆီမှာလည်း အခု သမ္မတကြီး ဦးမင်းအောင်လှိုင်ကလည်း ဦးသိန်းစိန်လိုမျိုး အေးချမ်းတဲ့ ခေါင်းဆောင်ဖြစ်ဖို့ ကျနော်တို့ လိုလားတယ်။ မိမိရဲ့ ကိုယ်တွင်းမှာ၊ နှလုံးသားတွင်းမှာ မီးတောက်နေပြီးတော့မှ တစ်ခါတည်း တခြားမီးတွေကို သွားငြှိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သူကိုယ်တိုင်လည်း အသိဆုံးဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စမှာ ဦးမင်းအောင်လှိုင်လည်း ကိုယ်တိုင် စိတ်ရော၊ ကိုယ်ပါ ငြိမ်းချမ်းပါစေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားရင် အောင်မြင်ပါလိမ့်မယ်လို့ ကျနော် ဆုတောင်းပေးပါတယ်။
