CNI Interview 

၂၀၂၆ ခုနှစ်၊ မေလ ၂၁

မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများ ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

တခြား တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။

မြန်မာနိုင်ငံမှာ ဖော်ဆောင်နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်သည် နှစ်ဖက်စလုံးက ဟန်ပြသက်သက်သာ လုပ်နေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တကယ် အကျိုးရှိမည့် ငြိမ်းချမ်းရေးကို မဖော်ဆောင်ကြ ဘူးဟု ထောက်ပြမှုများလည်း ရှိနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်

မေး ။       ။ ရခိုင်မှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ AA နဲ့ တပ်တို့ ဘာတွေ လုပ်ဆောင်သင့်လဲ။

ဖြေ ။       ။ အဓိက အရေးကြီးတာက ဆွေးနွေးရေးဖြစ်ဖို့၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုရင် အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်လိုစိတ် စိတ်ကောင်း စေတနာကောင်းရှိဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ ပုံစံမျိုးကို ဟန်ပြဆွေးနွေးတဲ့ ပုံစံမျိုးလောက်နဲ့ အဲဒီလိုပုံစံမျိုး ဆိုရင်တော့ အဖြေထွက်နိုင်မှာ မဟုတ်ဘူး။ 

အဓိက အရေးကြီးတာ ဆွေးနွေးဘက်တွေမှာ ယုံကြည်မှုရှိဖို့ အရေးကြီးတယ်။ ဆွေးနွေးဘက် အချင်းချင်း ယုံကြည်မှု မတည်ဆောက်နိုင်ရင်တော့ ငြိမ်းချမ်းရေးတို့၊ တွေ့ဆုံ ဆွေးနွေးရေးတို့ဆိုတာလည်း အဖြေထွက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဆွေးနွေးဖက်တွေက တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးရေး ဖြစ်စဉ်တွေအပေါ်မှာ ယုံကြည်မှု ရှိဖို့ အရေးကြီးတဲ့ အတွက်ကြောင့် ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေကို အရင် လုပ်ဆောင်ဖို့လိုမယ်လို့ ကျ‌နော်တော့ အဲဒီလို မြင်တယ်။

မေး ။       ။ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုရင်ရော နှစ်ဖက်အင်အားစုတွေ အနေနဲ့ ဘယ်လို လုပ်ဆောင်ဖို့ လိုအပ် မလဲ။

ဖြေ ။       ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက်က အခုလောလောဆယ်မှာ ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ ပြဿနာတွေရှိတယ်။ ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ အတိုင်းဆိုရင် သတင်းမီဒီယာတွေမှာ ကြားသိနေရတာ ကတော့ လေယာဉ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူတွေ ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ၊ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေ၊ ရပ်ရွာတွေ ဖျက်ဆီးခံနေရတဲ့ ဖြစ်စဉ်တွေ အဲဒီဖြစ်စဉ်တွေကို အမြန်ဆုံး မဖြစ် ရအောင် ရပ်တန့်ပြီး တစ်ဖက်နဲ့တစ်ဖက်နဲ့ နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံဆွေးနွေးရေး တစ်ခု ဖြစ်ပေါ်ဖို့ လိုအပ်တယ်။ 

တစ်ဖက်နဲ့တစ်ဖက်နဲ့ ရေရှည် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ အဲဒါကြောင့် ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ  ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအပေါ်မှာ မူတည်ပြီး ယုံကြည်မှု တည် ဆောက်ဖို့ လိုတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ လိုတယ်လို့ မြင်တယ်။

စာနာထောက်ထားတဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ မြင်တယ်။ အဲဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးပွဲ ဖြစ်ပေါ်တဲ့ အချိန်မှာ ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာလို့ ရတယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အဓိက ပြောချင်တယ်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံ တစ်နေရာကို‌ တွေ့ရစဉ်

မေး ။       ။ ရခိုင်မှာ တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်လာတာက ၂၀၂၃၊ နိုဝင်ဘာလမှာ စခဲ့တာပေါ့။ တကယ်လို့ တပ်မတော်ဘက်က ရခိုင်အခင်းအကျင်းကို ၂၀၂၃ မတိုင်ခင် အခင်းအကျင်းမျိုး ပြန်ပေးဖို့ အာရက္ခတပ်တော် AA ကို တောင်းဆိုနေဦးမယ်ဆိုရင်ရော လွယ်ကူပါ့မလား။

ဖြေ ။       ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံ ရေး ဖြစ်စဉ်တွေအပေါ်မှာ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာပြီး ဖြေရှင်း ဆောင်ရွက်ခဲ့တဲ့ အားနည်းတဲ့ အပိုင်းတွေ လွတ်လပ်ရေးပြီးကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အစိုးရ အဆက်ဆက် အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေမှာ အားနည်း တဲ့ အခြေအနေလိုမျိုး အများကြီးဖြစ်ပေါ်ခဲ့တာ ရှိတယ်။ 

အဲဒါကြောင့် အခုလက်ရှိ အခြေအနေအပေါ်မှာ သုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိ ပကတိ အခြေအနေပေါ်မှာ မူတည်ပြီး အဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုး ချမှတ်လုပ်ကိုင်ဖို့ လိုတယ်လို့ ကျနော်တော့ အဲဒီလိုပြောလိုတယ်။

မေး ။        ။ မြန်မာနိုင်ငံရဲ့ အနောက်မှာ ဘင်္ဂါလီ၊ အရှေ့မြောက်မှာ တရုတ်ကြီးစိုးတာ၊ KIA ကလည်း အနောက် မြောက်ဒေသတစ်ကြော လွတ်မြောက်ရေး ကြိုးပမ်းနေတာရှိတယ်။ တောင်ပိုင်းက ကရင်ကြတော့လည်း ကျောထောက်နောက်ခံက ထိုင်းဖြစ်နေတော့ ဒီအခင်းအကျင်းတွေ အားလုံးကို ခြုံကြည့်ပြီး မထိန်းနိုင်ရင် ဗမာပြည် အခင်းအကျင်းက ဘယ်လိုဖြစ်သွားနိုင်လဲ။

ဖြေ ။       ။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုပုံစံ ဖြေရှင်းကြမလဲဆိုတဲ့ လုပ်ကိုင် ဆောင်ရွက်မှုအပေါ်မှာ ပိုပြီး မူတည်တယ်လို့ပဲ ပြောလိုတယ်။ မြန်မာနိုင်ငံမှာက ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံတွေရဲ့ အခြေအနေတွေ ကိုလည်း လေ့လာသုံးသပ်ပေးပြီး ဘယ်လိုနိုင်ငံတစ်နိုင်ငံကို ပြည်ထောင်စုကို ဘယ်လို ပြန်ဖော်ကြမလဲဆိုတဲ့ ပုံစံနဲ့အပေါ်မှာ အဓိက အကောင်အထည်ဖော်ဖို့ လိုတယ်လို့ပဲ ပြောလိုတယ်။ 

အဓိက ပြည်တွင်းက ဖြေရှင်းဆောင်ရွက်မှု အားနည်းနေသေးတော့အခါ အပြင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံရတယ်ဆိုတာက အခုလည်း လက်ရှိအခြေအနေမှာ အဲဒီလို ပြင်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီလို့ ပြောလို့ ရတဲ့ အခြေအနေ ဖြစ်တယ်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်

အဲဒါကြောင့် ဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲဆိုရင် အခုလက်ရှိ မြန်မာနိုင်ငံကို နိုင်ငံတော်ကို၊ ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲဆိုတဲ့ အပေါ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အနှစ်သာရရှိရှိ ကျနော် တို့ နိုင်ငံရေးအရ ဖြေရှင်းတဲ့ အဖြေရှာတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ ကျနော်တော့ အဲဒီလို ပြောလိုတယ်။ 

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်နေပြီလို့ပဲ ကျနော် အဲဒီလိုပြောလိုတယ်။ ဘယ်ပြည်နယ် က ပိုလို့ ရှုပ်ထွေးတယ်။ ဘယ်ပြည်နယ်က မရှုပ်ထွေးဘူး အဲဒီလို အခြေအနေမျိုး မဟုတ်ဘူးလို့တော့ ကျနော် မြင် တယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက တစ်နိုင်ငံလုံးအတွက် ရှုပ်ထွေးနေတဲ့ ပြဿနာ ဖြစ်နေတာ ဖြစ်တယ်။ အဲဒီအရှုပ်အထွေးပေါ်မှာ ပြည်သူတွေ ထိခိုက်ခံစားရတာ နည်းတယ်၊ များတယ် အဲဒီ လောက်ပဲ ကွာခြားမယ်လို့ ထင်တယ်။ နိုင်ငံရေးပြဿနာက တစ်နိုင်ငံလုံး ရှုပ်ထွေးနေတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးအတွက် နိုင်ငံရေး တည်ဆောက်ရေးပုံစံကို ဆွေးနွေးပြီး အကောင်အထည် ဖော်ဖို့လိုနေပြီလို့ ကျနော်ပြောတာ ဖြစ်တယ်။

မေး ။       ။ လက်ရှိမှာတော့ အစိုးရအနေနဲ့ ရက် ၁၀၀ စီမံကိန်းအနေနဲ့ သူဖိတ်ခေါ်ထားတာ ရှိတာပေါ့။ ဒီအခင်း အကျင်းမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲကမှ ၇ ဖွဲ့ကိုပဲ ဖိတ်စာတွေ ပေးပို့ အကြောင်းကြား ထားရသေး တယ်လို့ သိရတာပေါ့။ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးတာက အခြားတိုင်းရင်းသား လက်နက်ကိုင် တွေ အပေါ်မှာရော သက်ရောက်မှု ကြီးနိုင်ပါ့မလား။

ဖြေ ။       ။ NCA အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA စာချုပ် ဖြစ်ပေါ်ကတည်းက NCA စာချုပ် ဖြစ်ပေါ်လာအောင် ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ကျော် ပါဝင်ခဲ့တာရှိတယ်လို့ အဲဒီလို သိထားတယ်။ ဒါပေမယ့် စာချုပ်ရေးထိုးခါနီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့လောက်ပဲ လက်မှတ်ထိုးခဲ့တယ်။ နောက်မှ ၂ ဖွဲ့ထိုးတယ်။

စာချုပ်ဖြစ်ပေါ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေက စုံစုံလင်လင် လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တစ်ခု အနေနဲ့ ဖြစ်ပေါ်ခဲ့တယ်။ အခုတစ်ခါ ၂၀၂၁ နိုင်ငံအာဏာကို တပ်မတော်က ယူလိုက်ပြီးနောက်ပိုင်းမှာလည်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ကိုယ်တိုင်က သဘောထား ကွဲလွဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့‌တာတွေကို မြင်တွေ့နေရတယ်။ 

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်

အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းကို ကိုင်တွယ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမျိုး ပုံစုံမျိုးဆိုရင်တော့ အလုံးစုံ အဖွဲ့အစည်း အကုန်လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာဖို့တော့ အခက်အခဲ ရှိတယ်လို့မြင်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဆိုတာကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲဆိုတဲ့အပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှုမျိုး၊ ပုံစံမျိုး အခင်းအကျင်းပေါ်မှာ တည်ဆောက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာမယ်လို့ ကျနော့် အနေနဲ့တော့ မမြင်ဘူး။ အဲဒီလိုပဲ ပြောချင်တယ်။

မေး ။       ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး

ဖြေ ။       ။ လက်ရှိ မြန်မာနိုင်ငံမှာ ကျနော်တို့အခု ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ ပြည်သူတွေ ထိခိုက်ခံစားနေရ တဲ့  အခြေအနေ အပေါ်မှာ မူတည်လို့ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပေါ့၊ အမှန်တကယ် စိတ်ရင်းစေတနာနဲ့ ဟန်ပြဆွေးနွေးမှုမျိုး မဟုတ်ဘဲနဲ့ ပြည်ထောင်စုကို ဘယ်လိုပုံစံ တည် ဆောက် ကြမလဲဆိုတဲ့၊ ဘယ်လိုဖက်ဒရယ် နိုင်ငံတော်ကို တည်ဆောက်ကြမလဲဆိုတာကို အခြေခံပေါ်မှာ နိုင်ငံရေး စိတ်ဆန္ဒ ကောင်းကောင်းနဲ့ ဆွေးနွေးရှာဖို့ အချိန်ရောက်ပြီလို့  ကျနော်တို့ အဲဒီလို မြင်တယ်လို့ပဲ ပြောလိုတယ်။