CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၅

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နယ်စပ်ဒေသ ထိန်းချုပ်ရေး ကိစ္စရပ်များ၌ ဩဇာ လွှမ်းမိုးမှုနှင့် ဝင်ရောက်စွက်ဖက်မှုများ မြင့်တက်လာနိုင်ရန်အတွက် ကိုးကန့်တပ်ဖွဲ့(MNDAA)က မဟာဗျူဟာကျ ကျ ဖော်ဆောင်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလာကြသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကိုးကန့်တပ်ဖွဲ့(MNDAA)က ၎င်းထိန်းချုပ်ထားသည့် ချင်းရွှေဟော်ဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်စည်များကို ကုန်သွယ်နေသလို နေ့စဉ်ကုန်တင်ကား အစီးရေ ၃၀၀ ကျော် ဝင်ထွက်လျက်ရှိနေသည်။

ထို့အပြင် သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူနှင့် နမ့်ခမ်းမြို့နယ်များတွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များကို စီးပွားရေး လုပ်ပိုင်ခွင့်များ ပေးထားပြီး ဒေသခံများ၏ လယ်ယာမြေကွက်များကိုလည်း အတင်းအဓမ္မ ဝယ်ယူလျက် ရှိနေ သည်ဟု ဒေသခံများက ပြောသည်။

ရှမ်းမြောက်တွင် တရုတ်နိုင်ငံသားများ ဝင်ရောက်ပြီး စီးပွားရေး လုပ်ကိုင်နေမှုနှင့် နေထိုင်နေမှုများသည် ရခိုင် ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များ၌ ကျူးကျော် ဝင်ရောက်နေကြသည့် ဘင်္ဂါလီ များနှင့် တူညီလာနေသည်ကို တွေ့ရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက ထောက်ပြသည်။

တရုတ်ကိုယ်စားလှယ်၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်နဲ့ MNDAA ကိုယ်စားလှယ်တို့ကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ မူဝါဒသည် လက်ရှိတွင် ကွန်မြူနစ်ဝါဒ မဟုတ်တော့ဘဲ အမျိုးသားရေးဝါဒသို့ ပြောင်းလဲလာနေ ခြင်းကြောင့် ထိုသို့ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ကြီးစိုးချုပ်ကိုင်နေမှုသည် တရုတ်အစိုးရ၏ မူဝါဒ မဟုတ်ဘဲ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စနစ်ကြောင့်သာ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရုတ်အစိုးရရဲ့ အကြံ ဟုတ်ပုံမရဘူးဗျ။ ကျနော်မြင်တာတော့ MNDAA ရဲ့ အကြံပဲဖြစ်မယ်။ နောက် တစ်ခုကတော့ တရုတ်အစိုးရ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိသူ အပေါ်မှာ သူ့ရဲ့မူဝါဒတွေကို ရှင်းရှင်း လင်းလင်း၊ ပြတ်ပြတ်သားသား ချပြဖို့လိုတယ်။ နယ်စပ်မှာ ခြံစည်းရိုး ပိုကာလိုက်လို့ ဒါတွေက အသေးအမွှားတွေ ပါ။ ဒါတွေကို ကျနော်တို့ ခေါင်းထဲမထည့်ဘူး။ ဒါတွေက တရုတ် - မြန်မာ နှစ်နိုင်ငံက အခိုင်အမာ စာချုပ် လက် မှတ်ထိုးပြီးသား။ နယ်စပ်က လူက၊ ဟိုဘက် မြို့နယ်အာဏာပိုင်လောက်က ခိုးပြီးကျူးကျော်လည်း ဒါက ဘာမှ ပြဿနာ မဟုတ်ဘူး။ ပြန်တိုင်းလို့ရှိရင် နောက်ဆုတ်ပေးရမယ့် လူတွေချည်းပဲ။ တစ်ခုတော့ ရှိတယ်ပေါ့နော် MNDAA ကလည်း တရုတ်စာပဲ အသိအမှတ်ပြုတာတို့ ဒါမျိုးတွေ လုပ်လာမယ်ဆိုရင်တော့ ပြောရမယ် ဆိုလို့ရှိရင် တော့ ဒီဘက်က ဘယ်သူကမှ သည်းညည်း မခံဘူးပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ဟိုတုန်းက မင်မင်းဆက် လက်ထက်က စစ်ပြေးပြီးတော့ ပြေးလာတဲ့သူတွေက အခု ကျနော်တို့ အပေါ်မှာလာပြီး လူပါးဝတယ်ဆိုပြီး ကျနော်တို့ မကျေမနပ်ဖြစ်နေတဲ့ အတိုင်းအတာပေါ့နော်။ အဲဒီတော့ ခြုံပြောမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့က တရုတ်အစိုးရရဲ့ မူဝါဒတွေကို ဒီထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ နောက်တစ်ခုက တရုတ်အစိုးရ လည်း ဒါနဲ့ပတ်သက်လို့ သူ့ရဲ့မူဝါဒကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သူ့ရဲ့ ရပ်တည်ချက်တွေပေါ့နော် ဒါတွေကို ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုတယ်ပေါ့နော်။ နောက်မှာလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ် နေတာမျိုးဆိုရင်တော့ ကျနော်တို့ မကြိုက်ဘူးပေါ့နော်။ ဒါ ကျနော်တို့ရဲ့ ရပ်တည်ချက်ပေါ့နော်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၎င်းထိန်းချုပ်ထားသည့် မြို့နယ်များတွင် မြို့အဝင် ဆိုင်းဘုတ်များကို တရုတ်စာ များဖြင့် ပြောင်းလဲခြင်း၊ နိုင်ငံသား မှတ်ပုံတင်ကတ်များကို တရုတ်စာများဖြင့် ထုတ်ပေးခြင်း၊ အိမ်ထောင်စုဇယား များကိုလည်း တရုတ်စာများဖြင့် ပြောင်းလဲခြင်း၊ ဒေသတွင်း ငွေကြေးသုံးစွဲမှုကိုလည်း  တရုတ်ယွမ် ငွေကြေး များကိုသာ အသုံးပြုခိုင်းလာခြင်း စသဖြင့် လုပ်ဆောင်လာနေသည်။

မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံ၏ လူမျိုးစုတစ်ခု ယခုကဲ့သို့ ကြီးစိုးနေမှုကို မြန်မာအစိုးရ အနေဖြင့် အလျင်အမြန် ဖြေရှင်းရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။

 MNDAA က ထုတ်ပေးတဲ့ ဒေသခံစိစစ်ရေးကတ်ပြားကို တွေ့ရစဉ် 

၎င်းက “သူတို့က လူဦးရေ ၂ သိန်းမကျော်ဘူး။ အဲဒီလောက်နဲ့ဆိုရင် သူတို့ကို ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီးတော့မှ လောက်ကိုင်နဲ့ ကုန်းကြမ်းကို ပေးထားတယ်။ အဲဒီမှာ ချင်းရွှေဟော်နဲ့ ကွမ်လုံ တို့ မပါဘူး။ ဒါပေမယ့် နယ်မြေက ဆက်စပ်နေတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးက ချင်းရွှေဟော်က မူဆယ် ပြီးရင် အရေးပါတော့ အဲဒီဘက်ကိုပါ သူတို့က ကျူးလာတာ။ ကျူးလာတော့ ခုနက ကျနော်ပြောတဲ့ သူတို့ရဲ့ demographic အရဆိုရင် စစ်ပွဲတစ်ပွဲ အနိုင်တိုက်ဖို့ရော အုပ်ချုပ်ရေးနယ်မြေကို ဒီလောက်အကျယ်ကြီး ထိန်းဖို့ ရော၊ သံလွင်မြစ် အနောက်ဖက်ကမ်းကို ကူးတာကိုက မဖြစ်နိုင်ဘူး။  အဲဒီတော့ ဘာဖြစ်နေလဲဆိုတော့ အခု သတင်းတွေလည်း တော်တော်တက် လာနေတယ်လေ အားလုံးလည်း သိနေတာပဲ။ အခုရှမ်းမြောက်မှာက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်သွင်းလာတယ်။ လုပ်ငန်းရှင်တွေကနေ တဆင့် တရုတ် အလုပ်သမားတွေ သွင်းလာတယ်။ တရုတ်အလုပ်သမားတွေ သွင်းလာပြီးတော့ လူဦးရေအရ သူတို့က လွှမ်းမိုးဖို့ ဘင်္ဂါလီတွေလိုပဲ တစ်ပုံစံပဲ အဲဒီဟာကို သူတို့ကျင့်သုံးလာတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်နိုင်ရန်အတွက် နယ်စပ်ဒေသရှိ လက်နက် ကိုင်များကို အထောက်အပံ့ ပေးခြင်းမှတဆင့် လိုအပ်သည့် ဖိအားပေးမှု၊ ကြားဝင်စေ့စပ် ပေးမှုများကိုလည်း လုပ် ဆောင်လျက်ရှိနေကြောင်း၊ အဓိကအားဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ရှိ MNDAA နှင့် TNLA တို့အပေါ်တွင် ပို၍ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ထို့အပြင် တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း(BRI) အစိတ်အပိုင်းဖြစ်သော ရထားလမ်းပိုင်းများ ပြန်လည် စတင်နိုင် ရန် မြန်မာ့တပ်မတော်နှင့် MNDAA တို့ကို လားရှိုးတွင် တွေ့ဆုံညှိနှိုင်းမှုများ တစ်လတစ်ကြိမ် လုပ်လျက်ရှိသည်။