CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၅

မြန်မာအစိုးရနှင့် နာဂဒေသ တည်ငြိမ်အေးချမ်းရေးကို အဓိကထား ဆွေးနွေးလိုကြောင်း နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က  CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့သည် နာဂလူမျိုးများ လွတ်လပ်ရေး(Independent)ဆိုသည့် လမ်းကြောင်းကို သွားနေသော်လည်း လက်ရှိ မှာတော့ မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကထား၍ အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးလိုကြောင်း၊ အစိုးရ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြိဆိုပြီး ပါဝင်လိုကြောင်း ၎င်းက ပြောသည်။ 

ဦးချင်းမောင်က “လက်ရှိကတော့ ကျနော်တို့ကတော့ သမ္မတကြီးက ကျနော်တို့ကို တိုက်ရိုက် ဖိတ်ခေါ်တာတော့ မရှိဘူးပေါ့နော်။ ကျနော်တို့ အထက်ကနေလည်းပဲ သမ္မတကြီးကိုလည်းပဲ ကျနော် စာတင်ထားတာ မျိုးလည်း ရှိပါတယ်ဗျ။ စာတင်ထားတာရှိတဲ့ အတွက်ကြောင့် သူတို့က တရားဝင် ဖိတ်ခေါ်တယ် ဆိုလို့ရှိရင် အဲဒီ သူတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျနော်တို့ တက်‌ရောက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ကျနော်တို့ တောင်းဆိုချင်တဲ့ အရာကတော့ အဲဒီစားပွဲပေါ် ရောက်မှပဲ ကျနော်တို့ သွားချင်တဲ့လမ်းကြောင်းတွေကို ခင်းကျင်းပြပြီးတော့မှ ဆွေးနွေးမယ်လို့ အဲဒီလိုပဲ စဥ်းစားထားတယ်။ အဓိက,ကတော့ ကျနော်တို့ကတော့ လောလောဆယ် ငြိမ်းချမ်းရေး ဆိုတဲ့ လမ်းကြောင်းထဲမှာ နာဂလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဓိက,ကတော့ မူဝါဒတော့ ကွာတာပေါ့နော်။ ကျနော်တို့ကျတော့ လွတ်လပ်ရေး(Independent)ဆိုတဲ့ လမ်းကြောင်းကို သွားပေ မယ့်လည်း ဒီဟာကတော့ နိုင်ငံရေးလမ်းကြောင်းတစ်ခုပေါ့။ ဒါပေမယ့် လက်ရှိ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလမ်းကြောင်းကို အဓိက ကျနော်တို့ ဆွေးနွေးဖို့ ရှိတယ်ဗျ။ အဲဒါလေးကိုတော့ အဓိက ဦးစားပေးပြီး မှ ကျနော်တို့ ဆွေးနွေးညှိနှိုင်းဖို့ရှိပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဦးတည်ပြီး တော့မှ သွားနေတဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဒေသ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို အဓိက ကြည့်ရှုပြီးတော့မှ ကျနော်တို့ ဦးစားပေး ပြီးတော့မှ သွားနေပါတယ်”ဟု ပြောသည်။

နစက လက်ထက်က NSCN-K/AM နဲ့ စစ်ကိုင်းတိုင်းအစိုးရတွေ့ဆုံ ဆွေးနွေးကြစဉ်

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုး‌ ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ဖူးသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးသေးသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA ထိုးထားပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံ ဆွေးနွေးမှု မလုပ်ရသေးသော အဖွဲ့များ၊ Bilateral ထိုးထားသည့် အဖွဲ့အစည်းများ အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံး ထား၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ၂၁ ရက်တွင် ဖိတ်ခေါ်ခဲ့ သည်။

နာဂဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းပြည် အခင်းအကျင်း၊ နိုင်ငံရေး အခြေအနေ အခင်းအကျင်း က မည်သို့သွားမည်ဆိုတာ မသိရသည့်အတွက်  ပြောရန်ဆိုရန် အခက်အခဲရှိကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ် ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စေ့စပ်ညှိနှိုင်းရေးကော်မတီဆိုတာ အခု ဒီယဥ်ကျေးမှုကော်မတီက ဦးဆောင်ပြီးတော့မှ ဖွဲ့စည်းနေပြီပေါ့ နော်။ ဆိုတော့ အဲဒါ အကောင်းဆုံး အကောင်အထည်ဖော်ပြီးမှ ဖွဲ့စည်းပြီးသွားရင်တော့ အကောင်းဆုံး အဆင်ပြေ အောင် ကြိုးစားဖို့တော့ ကြိုးစားနေကြတာပေါ့ဗျာ။ အဲဒါတော့ လောလောဆယ်တော့ တိုင်းပြည် အခင်းအကျင်း၊ နိုင်ငံရေး အခြေအနေ အခင်အကျင်းကလည်း ကျနော်တို့က ပြောလို့ဆိုလို့က ခက်ခဲတဲ့ အတွက်ကြောင့်မို့လို့ အဲဒီ ဟာတော့ ပြောဖို့ဆိုဖို့က နည်းနည်း အခက်အခဲ ရှိသေးတယ်ဗျ။ ဘာလို့လဲဆိုတော့ တိုင်းပြည်က ဘယ်လို ဆက် ရွေ့ မလဲဆိုတာ ကျနော်တို့လည်း မသိသေးဘူးလေ။ အကောင်းဆုံးကတော့ သွားနေကြတာပေါ့ဗျာ။ ဒေသဦးစီး အဖွဲ့တွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွေလည်းဖွဲ့ပြီးပြီ။ ဒါပေမယ့် ဘယ်လို တိုင်းပြည်ရဲ့ ညွှန် ကြားချက်က ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့လည်း အခုအချိန်ထိ ဘာမှ မသိရသေးတော့က အဲဒါက ပြောဖို့ ဆိုဖို့အတွက် နည်းနည်းတော့ အခက်အခဲရှိမယ်။ အဓိကတော့ ပညာရေးပေါ့ဗျာ၊ ပညာရေးကို ဦးစားပေးချင်တယ်၊ ကျန်းမာရေး စောင့်ရှောက်မှုကို ဦးစားပေးချင်တယ်ပေါ့ဗျာ”ဟု ပြောသည်။

NSCN-K/AM အဖွဲ့ ခေါင်းဆောင် ဦးအန်းမိုင်ကို တွေ့ရစဉ်

အစိုးရနှင့် တပ်မတော်တို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်ခေါ်ထားသော်လည်း ရှမ်းနီနှင့် နာဂလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်မှုနှင့်ပတ်သက်၍ ရှင်း ရှင်းလင်းလင်း မရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K) အနေဖြင့် နာဂဒေသနှင့် နာဂလူမျိုးများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားသည်။

NSCN-K/AM အဖွဲ့ကို ဦးဆောင်သူသည် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သလို ၂၀၁၉ ခုနှစ်က ခန္တီးမြို့မှာ မြန်မာ့တပ်မတော်က NSCN-K ခေါင်းဆောင် ၅ ဦးအား ဖမ်းဆီးလိုက်ရာမှာ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ထို့နောက် ဦးကပ္ပလန် ကွယ်လွန်ပြီး NSCN-K ကို ဦးယုံးအောင်က ဦးဆောင်လာသည့်အခါမှာ ဦးအန်းမိုင် အပါအဝင် ခေါင်းဆောင် အများစုကို ထုတ်ပယ်ခဲ့ကြောင်း၊ ထိုသို့ ထုတ်ပယ်ခံလိုက်ရပြီးနောက် ဦးအန်းမိုင် ဦးဆောင်သည့် အဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် NSCN-K/AM ဆိုပြီး အဖွဲ့သစ်ကို ထူထောင်ခဲ့သည်။

အဆိုပါ NSCN-K/AM အဖွဲ့သည် ၂၀၀၉ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် NSCN-K ကြား ချုပ်ဆိုခဲ့သော တိုင်းဒေသကြီးအဆင့် Bilateral စာချုပ်ကို ပြန်လည်အသက်သွင်း ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ ထို့နောက် ပြည်ထောင်စုအဆင့်နှင့် NCA လမ်းကြောင်းကို ဆက်လက် လျှောက်လမ်းရန် ဆန္ဒရှိနေကြောင်း သိရသည်။