CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသ ဖြစ်သည့်တိုင် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေရခြင်းက ဘာကြောင့်လဲဆိုသည့်အပေါ် ဒေသတွင်း အဖွဲ့အစည်းများမှ ခေါင်းဆောင်များကြား အဖြေရှာနေကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လက်နက်ကိုင်အဖွဲ့များမှ ဂိတ်ထိုင်၍ အခွန်ကောက် ခံမှုများ ရှိနေခြင်းကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ပြဿနာများကို ဒေသခံ များ ရင်ဆိုင်နေကြရကြောင်း သိရသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ယခုလို ကုန်စျေးနှုန်းများ မြင့်တက်နေသည့် အနေအထား တစ်ခုကို ထိန်းညှိပေးမည် ဆိုလျှင် ပိုကောင်းကြောင်း နာဂအဖွဲ့အစည်းများမှ ခေါင်းဆောင်များက အကြုံပြု ထောက်ပြကြသည်။
နာဂဒေသတွင် ကုန်သွယ်ရေး လမ်းကြောင်းနှင့်ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများမှ ၎င်းတို့၏ အခွန် ကောက်မှု များပြားသည့်အတွက် ကုန်သည်များမှ စျေးတင်ခြင်းဖြစ်ကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ်ကျေးမှု ဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နာဂဒေသနဲ့ ပတ်သက်ပြီး စီးပွားရေးကတော့ ဒါအများကြီးပေါ့ ဘာလို့လဲဆိုတော့ အဓိက,ကတော့ ကုန် သွယ်ရေး လမ်းကြောင်းပေါ့ဗျာ။ ဥပမာ - အခု ခန္တီးမှာဆိုရင် ဒီဓာတ်ဆီ စျေးတွေကအစ ဒီဇယ်စျေးတွေက အစပေါ့ ဗျာ၊ ဆန်စျေးတွေကအစ အင်မတန်မှကို ကုန်စျေးနှုန်းက တအားမြင့်နေတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ အတွက်ကြောင့်မို့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခွန်ကောက်မှု များပြားတဲ့ အတွက်ကြောင့်မို့ ကုန်သည်တွေကလည်း ဒါစျေးတင်တာပေါ့ဗျာ။ အခွန်အကောက် တွေ များပြားတဲ့ အပေါ်ကို အခွန်ပေါင်းယူပြီးမှ ကုန်သည်တွေက စျေးကို မတရားတင်ပြီးမှ ဥပမာဖြင့် အခု ဆန် အိတ် တစ်အိတ်တောင်မှ သာမန်ဆန်တောင်မှ တစ်အိတ်ကို တစ်သိန်းရှစ်သောင်း၊ နှစ်သိန်းလောက်နဲ့ စားနေရတဲ့ ဟာပေါ့နော်။ အဲဒါမျိုးတွေ အခုလက်ရှိ ဒါစီးပွားရေးနဲ့ ပတ်သက်ပြီးမှပေါ့နော်။ ဒါမျိုးတွေ ဖြစ်နေတဲ့ဟာတွေရှိတယ် ဒီဆိုတော့ ရှေ့ဆက်ပြီး ဒါတိုင်းပြည် ငြိမ်းချမ်းသွားရင်တော့ ဒီကိစ္စတွေကိုတော့ အဆင်ပြေသွားမယ်လို့တော့ ကျနော်တို့က မျှော်လင့်တာပေါ့”ဟု ပြောသည်။

မြန်မာ့တပ်မတော်နဲ့ နာဂလက်နက်ကိုင်မှ အဖွဲ့ဝင်များကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခွန်ကောက်ခံမှုများနှင့် စစ်ဆေးရေးဂိတ်များ များပြားလာခြင်းကြောင့် ကုန် စည်စီးဆင်းမှု ကြန့်ကြာလာပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုဒဏ်ကို နာဂဒေသခံများ ခံစား နေကြရသည်။
နာဂဒေသသည် အိန္ဒိယနှင့် ထိစပ်နေသော နယ်မြေဖြစ်သည့်အတွက် ပန်ဆောင်- နန်းယွန်း- လဟယ် စသည့် မြို့နယ်များနှင့် အိန္ဒိယဘက်ခြမ်းတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပေါက်၍ ကုန်စည်စီးဆင်းမှုကို မှီခိုနေကြရ သည်။
အလားတူ မြန်မာပြည်မဘက်ကနေဆိုလျှင် ချင်းတွင်းမြစ်ကို အသုံးပြု၍ မုံရွာမြို့ကနေ ဟုမ္မလင်း-ခန္တီးမြို့တို့ကို ဖြတ်သန်း၍ နာဂဒေသသို့ ကုန်စည်များ ပို့ဆောင်ကာ သယ်ယူကြရသည်။
အဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းများအနက် ချင်းတွင်းမြစ်ကို မှီခိုရာတွင် ရွှေပြည်အေးမြို့မှာ KIA-PDF က ပိတ်ဆို့၍ ကုန်စည်စီးဆင်းမှုကို ပြတ်တောက်ထားသလို အဆမတန် ငွေကြေးကောက်ခံမှုများ ပြုလုပ်ပြီးမှ ဖြတ်သန်းခွင့် ပြုသည့်အတွက် နာဂဒေသသို့ ရောက်ရှိလာသော ကုန်စည်များသည် အဆမတန် ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။
ထို့ပြင် အိန္ဒိယဘက်နေ သယ်ယူသော ကုန်စည်များကိုတော့ နာဂ လက်နက်ကိုင် အဖွဲ့ပေါင်းစုံ၊ ဌာနဆိုင်ရာနှင့် ကားဂိတ် အသင်းအဖွဲ့များက အဆင့်ဆင့် ငွေကြေးများ ကောက်ခံနေခြင်းကြောင့် နာဂဒေသအတွင်း ရောက်ရှိ လာသော ကုန်စည်များသည် အဆမတန် ဈေးနှုန်းများ မြင့်တက်သွားကြသည်။
လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် လက်ရှိ အစိုးရကလည်း ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း၊ ထိုဂိတ်များက အခွန်ကောက်မှုကို ဖြေလျှော့ ပေးလျှင် မိမိတို့ဘက်ကလည်း ဖြေလျှော့ပေး၍ရကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြော သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နာဂဒေသကို ရောက်လာစဉ်
၎င်းက “ကျနော်တို့ ဘက်ကတော့ အဲလိုကြီး ကုန်စျေးနှုန်း ကြီးမြင့်အောင် ကောက်တာတော့ မရှိဘူး။ ကျနော်တို့ က အဓိက,ကတော့ လောလောဆယ် လက်ရှိ လဟယ်ပေါ့နော်၊ လဟယ်မှာကျတော့ ဂိတ်တစ်ဂိတ်မှာဆိုလည်းပဲ၊ ကား တစ်စီးမှာဆို ၂ သောင်း အဲဒီလိုပဲ ကောက်တာ။ ဒါပေမယ့် အဓိကတော့ ဒီအစိုးရဌာနက လဟယ်မြို့ပေါ်မှာ ရှိတဲ့ သူတို့ရဲ့ ကားကော်မတီဆိုတာ ဖွဲ့ထားတဲ့ သူတို့တွေ ကနေပြီးတော့မှ သူတို့ကျတော့ ထွေ/အုပ်ကို ဆီ တစ်ပေပါဆိုရင် ဆီတစ်ပေပါဆိုရင် ၂ သောင်းလား မသိဘူး၊ သူတို့ပေးရတယ် ပြောတယ်။ ပြီးရင် ကားကော်မတီ ကို ၂ သောင်း၊ ပြီးရင် အဲဒီရဲ့ ဂိတ် အဝင်/အထွက် ဂိတ်တွေကို သူတို့ပေးသွားတာ အဲဒါက ပိုများတယ်ဗျ။ ဟိုဘက် ကျနော်တို့ လုံခြုံရေးအရထားတဲ့ ဂိတ်တွေမှာကျတော့ ကျနော်တို့ ကောက်ခံတာ အဲဒီလောက် မရှိဘူးဗျ။ လက်နက်ကိုင် အဖွဲ့အစည်း အနေနဲ့ကတော့ ဒီဟာကို ဗိုလ်မှူး(တစ်ယောက်)လည်း ကျနော် အဲဒီမှာ လွတ်ပြီး တော့မှ ကျနော် သွားတွေ့ခိုင်းတယ်။ သွားတွေ့ခိုင်းတဲ့အခါမှာ သူတို့ဘက်ကလည်း လျှော့ပေးရင် ကျနော်တို့ ဘက်ကလည်း လျှော့ပေးဖို့ဆိုတာ ရှိတယ်။ ဒါပေမယ့် အခုလည်းပဲ အတင်းအဓမ္မ ကျနော်တို့ ကောက်တာ မရှိဘူးဗျ။ ဆိုတော့ ကျနော်တို့ ဘက်ကနေတော့ ပြည်သူလူထုက တကယ် အဲဒီဟာကို တကယ်လိုလားတယ် လက်ရှိအစိုးရ ကလည်း ဒါကို ဖြေလျှော့ပေးနိုင်တယ်ဆို ကျနော်တို့ ဘက်ကလည်း ဂိတ်ကြေးကိစ္စကို ကျနော်တို့ ဖြေလျှော့ပေး လို့ရတယ်”ဟု ပြောသည်။
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နာဂဒေသသို့ ရောက်စဉ် ပြောကြားထားသည်။
နာဂဒေသသည် တောင်တန်းဒေသ ဖြစ်သောကြောင့် ပြည့်စုံမှုမရှိသည့်အပြင် ကျောင်းဆရာ/ဆရာမ မလုံလောက် မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်-ရဲ- ထွေ/အုပ်တို့၏ အခွန်များ ကောက်ခံရမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
လက်ရှိ နာဂဒေသတွင် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-HR၊ ENNO/ENDA၊ NPDF စသည့် နာဂ လက်နက်ကိုင်များ အပါအဝင် ကသည်းလက်နက်ကိုင်များနှင့် KIA တို့ အခြေပြု လှုပ်ရှားလျက်ရှိသည်။
