CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံ၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေပြုလှုပ်ရှားလျက်ရှိသော နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)နှင့် ပေါင်းစည်းနိုင်ရေး တွေ့ဆုံ ဆွေးနွေးလိုသည်ဟု NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)တို့သည် ယခင်က NSCN-K ဆိုပြီး တစ်ဖွဲ့တည်းဖြစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ နှစ်ဖွဲ့ကွဲသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် နာဂလူမျိုးများနှင့် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် တည်ငြိမ်အေးချမ်းရေးအတွက် NSCN-K တစ်ဖွဲ့တည်းအနေဖြင့် ပြန်လည်ပေါင်းစည်းနိုင်ရေး နာဂအင်အားစုများကြား ကြိုးပမ်းနေကြသည်။
NSCN-K/YA အဖွဲ့အား စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း ၎င်းတို့ဘက်ကမူ လုံးဝငြင်းပယ် နေသည့် အတိုင်းအတာဖြစ်နေ၍ တွေ့ဆုံဆွေးနွေးမှု မဖြစ်မြောက်သေးဘဲ ဖြစ်နေကြောင်း (NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

နာဂလူမှုရေးအသင်းအဖွဲ့များကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ အဖွဲ့ကတော့ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ တစ်နေ့ကပေါ့နော်၊ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ NSCN-K/YA အဖွဲ့နဲ့ ကျနော်တို့က စားပွဲပေါ်မှာ စကားပြောရအောင် ဆိုပြီးတော့မှ ကျနော်တို့ ခေါ်နေတာ၊ ဟို ကျနော်တို့ကတော့ ကမ်းလှမ်းနေတာပေါ့။ ဒါပေမယ့် သူတို့က လက်မခံတာတွေ ဖြစ်လာတယ်။ ဒီမှာ သူတို့ရဲ့ လူကြီးတစ်ယောက်နဲ့လည်း ခန္တီးမှာ ခေါ်ပြီးတော့မှ ကျနော်တို့ စကားပြောကြတယ်။ ဘာပဲဖြစ်ဖြစ် အဖြေတစ်ခုကို တော့ စားပွဲပေါ်မှာ စကားပြောမှပဲ အဖြေတစ်ခု ထွက်လာမယ်ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနေခဲ့တယ်။ ဒါပေမယ့် လောလောဆယ် သူတို့ဘက်ကနေ ဘာမှ အကြောင်းပြန်လာတာ မရှိသေးလို့ အဲဒါလေးကိုတော့ စောင့် နေတာရှိတယ်။ သူတို့ကတော့ ကျနော်တို့ရဲ့ အမြင်ကတော့ ဟုတ်တယ်။ သူတို့ကတော့ အဲဒါ ငြင်းပယ်နေတာပေါ့ နော်။ ဘာပဲဖြစ်ဖြစ် ဒါ ပွင့်ပွင့်လင်းလင်း ပြောရင် ကျနော်တို့ ကမ်းလှမ်းတဲ့ဟာလည်း သူတို့ကတော့ လုံးဝငြင်းပယ် နေတဲ့ အတိုင်းအတာကို ဖြစ်နေပြီ”ဟု ပြောသည်။
လက်ရှိတွင် NSCN-K/AM အဖွဲ့က နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့များကနေ NSCN-K/YA အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း၊ သို့သော် NSCN-K/YA အဖွဲ့က အကြောင်း အမျိုးမျိုးပြ၍ ရှောင်လွဲနေကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ထားသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယုံးအောင်နှင့် အန်းမိုင် ဦးဆောင်သော အဖွဲ့များကြား ခေါင်းဆောင် မှု အပိုင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၌ အငြင်းပွားနေကြသည်ဟု ဒေသခံများက ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
နာဂ လက်နက်ကိုင်အဖွဲ့ များပြားနေပါက ပြည်သူလူထုသည် ဝန်ထုပ်ဝန်ပိုး ပိုခံရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ၏ ဆန္ဒကို နားလည် လက်ခံလျှင် ပေါင်းစည်းနိုင်ရေး လက်ခံရန်လိုကြောင်း ညီညွတ်သောတန်ရှန်းနာဂကောင်စီ ဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပူးပေါင်းရေးဆိုတာထက်ပေါ့၊ ပြည်သူလူထုရဲ့ ဆန္ဒကတော့ လက်နက်ကိုင် အစုအဖွဲ့တွေ ဒီလောက် ကွဲပြားနေပြီးတော့ အမည်ခံကြတာက နာဂအမည်ခံပြီးတော့ လုပ်တာကိုင်တာဆိုရင် ကွဲပြားနေရင် ပြဿနာတွေ ဖြစ်လာတယ်။ ပြဿနာဖြစ်လာတော့ ပြည်သူလူထုတွေက အဖွဲ့အစည်းများလာလေ ဝန်ထုတ်ဝန်ပိုးတွေ ပိုများ လာတယ်။ အဲဒါကြောင့် အန္တရယ်လည်းရှိတယ်။ ဒါကြောင့် ဘယ်လို အကြောင်းပဲရှိရှိ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည် ချက် သို့သော် ပြည်သူနဲ့ ဆိုင်လာရင်တော့ နှစ်ဖက်စလုံးက လက်ခံနားလည်နိုင်တဲ့ အနေအထားထိတော့ ရှိနေပေး ဖို့ တစ်ယောက်နဲ့တစ်ယောက် ပြည်သူလူထုအပေါ်မှာ ဝန်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ လုပ်ငန်းတွေကို ရွေးချယ် လုပ် ကိုင်ကြဖို့ ဒီလိုဆောင်ရွက်ဖို့တော့ ဒါပြည်သူတွေက အမျှော်လင့်ဆုံးပေါ့။ လုပ်ဖို့ကိုင်ဖို့အခု အဖွဲ့အစည်း ခေါင်း ဆောင်တွေ အားလုံးကလည်း ဒါကို ကြိုးစားဖို့ ပြင်ဆင်နေကြတာ။ သူတို့ နှစ်ဖွဲ့စလုံးရဲ့ သူတို့ရဲ့ လုပ်ငန်းစဉ်ကို သူ တို့သိဖို့ အရေးကြီးတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် တွေ့ဆုံညှိနှိုင်းမယ့်လမ်းကြောင်းကို ရွေးကြတယ်လို့ ပြောရင် တော့ တစ်ယောက်က ဘယ်ဟာကို ပိုပြီးတော့ လက်ခံနိုင်သလဲ ဒီဘက်ကို တွေးပေးဖို့တော့ လိုတာပေါ့။ ဖိတ်ခေါ် တဲ့ လူကလည်း ဆိုတော့ အဖွဲ့အစည်းက ကွဲသွားမှတော့ သူ့မူဝါဒတွေ သူတို့ရဲ့ ခံယူချက်တွေ လွဲနေလို့ပဲ ဒါကြောင့် အဲဒီ တစ်ယောက်နဲ့တစ်ယောက် လွဲနေတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ လက်ခံလာနိုင်အောင် ဆွေးနွေး အဖြေရှာလာနိုင်တယ်ဆိုရင်တော့ နှစ်ဖက်စလုံးကတော့ ရှင်းရှင်းလင်းလင်း ရှိနေဖို့တော့ လိုတာပေါ့ အဲဒီပေါ်မှာ တွေလည်း အခြေခံတယ် လို့ မြင်ရတယ်”ဟု ပြောသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် NSCN-K/YA၊ NSCN-K/AM၊ ENNO/ENDA၊ Naga PDF တို့အပြင် အိန္ဒိယလက်နက်ကိုင်များဖြစ်သည့် NSCN-IM၊ NSCN-Hashi Ransan၊ ZUF နှင့် ကသည်းလက်နက်ကိုင်များ ဖြစ်သည့် PLA၊ ULFA-(I) တို့ လှုပ်ရှားလျက်ရှိသည်။
