CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၁

တော်လှန်ရေးတပ်ဖွဲ့တချို့နှင့် ခေါင်းဆောင်တချို့သည် ငွေနှင့်အာဏာ ရှိလာသည့်အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လိုမင်းမူနေသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်က ကျရောက်သည့် (၆၈)နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ၎င်းက ပြောထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေး နည်းလမ်းများ မဖော်ဆောင်တတ်ခြင်း၊ ဗမာစစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံခြင်း၊ ဗမာ့ တပ် အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်း တို့ကြောင့် တော်လှန်သက် ရှည်ကြာလာပြီး ပြဿနာအမျိုးမျိုး ကြုံတွေ့ တဲ့အခါ မဖြေရှင်းတတ်တော့ပါ။ လုပ်ငန်းအရပ်ရပ်အတွက် ငွေလို၊ ငွေလိုတော့ ငွေရှာ၊ ငွေနဲ့အာဏာ ရှိလာတဲ့အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လို မင်းမူနေတော့တယ်။ နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်း ရန်ဖြစ် ကြ၊ တိုက်ခိုက်ကြ၊ အမျိုးသားရေးကို အဓိကမထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိကထားလာကြတယ်။ အဲလို လုပ်လာကျတော့ ဒေသစွဲနဲ့ သူ့ဂိုဏ်းကိုယ့်ဂိုဏ်း ဖြစ်လာတယ်။ အချင်းချင်း တွေ့ဆုံ ဆွေးနွေးခြင်း မရှိဘဲ အချင်း ချင်း တိုက်ခိုက်ကြတာဟာလည်း တော်လှန်ရေးကို အဓွန့်ရှည်ကြာမြင့်စေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

RCSS တပ်ဖွဲ့ကို တွေ့ရစဉ်

တော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူလူထုသည် ရေနှင့်ငါးလို နေထိုင်ပြီး ပူးတွဲ တာဝန်ယူရမှာဖြစ်ကြောင်း၊ တော်လှန် ရေး လုပ်သည့်သူများက နားမလည်၊ မလုပ်တတ်သည့်အတွက် တော်လှန်ရေးတပ်နှင့်လူထုကို သခင်နှင့်ကျွန်လို ပြုမူ ဆောင်ရွက်စေခဲ့ကြောင်း၊ စော်ဘွားခေတ်က နည်းလမ်းများအတိုင်း လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် တော် လှန်ရေး အဓွန့်ရှည်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မိမိတို့ တော်လှန်ရေးအဖွဲ့ အများစုသည် တော်လှန်ရေးနည်းပညာကို တတ်သိနားလည်မှုမရှိ၊ တော်လှန်ရေး မဟာ ဗျူဟာမရှိ၊ တော်လှန်ရေးနှင့် ပတ်သက်၍ ဘာမှ မသင်ကြားရဘဲ ဗမာတပ် မုန်းတီးရေး စိတ်ဓာတ် အတွေးအခေါ် ဖြင့်သာ တိုင်ပွဲဝင်လာခြင်း၊ ရေရှည်တည်တံ့သည့် ရည်မှန်းချက်မရှိခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့လာသည့် အခါဖြစ်စေ၊ ရန်သူက နိုင်ငံရေး၊ စည်းရုံးရေး မက်လုံးများဖြင့် ကစားလာသည့်အခါဖြစ်စေ တော်လှန်ရေး လုပ်သည့် လူများသည် ရန်သူထံ လက်နက်ချသွားသော ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

၎င်းက “ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရန်သူ့အသုံးချခံအဖြစ် လုပ်တာတွေလည်း ရှိပါတယ်။ ရန်သူ့ အတွက် မျက်စိ၊ နားသဖွယ် အသွင်ပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ်။ မိမိတို့ လူထုတွေလည်း ကိုယ်လွတ် ရုန်းပြီး ရန်သူ့ရဲ့ မျက်စိ၊ နားအဖြစ် သွားလုပ်ခဲ့တာတွေလည်း ရှိပါတယ်။ မိမိတို့ အချင်းချင်းကြား ရည် မှန်းချက် မတူညီခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် တော်လှန်ရေး အဓွန့်ရှည် ကြာရခြင်းပဲ ဖြစ်ပါတယ်” ဟု ပြော သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်

တော်လှန်ရေးဆိုသည်မှာ ခက်ခဲလွန်းခြင်း၊ စွန့်လွတ်စွန့်စားရခြင်း၊ တိုင်းပြည်ကို အသက်၊ သွေး၊ ချွေးနှင့် လဲလှယ်ရ ယူခြင်းဖြစ်သော်လည်း အမျိုးသားရေး၏ အနာဂတ် နှစ်ပေါင်းရာထောင်ချီအတွက် မျှော်ကိုးပြီး တော်လှန်ရေးကို ‌ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ထို့အပြင် အခြား နိုင်ငံများမှာ တော်လှန်ရေးအောင်ပွဲ ရရှိခြင်းသည် အဓိဌာန်နှင့် ရည်မှန်းချက်များ သေချာ ချမှတ် ပြီး တထပ်တအား လုပ်ဆောင်လာ၍ဖြစ်ကြောင်း၊ ထို့ကြောင့် အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်များကို ပြင် ဆင်ကြရန်နှင့် အမှားများကို သင်ခန်းစာအဖြစ် ယူတက်ကြရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထို့နောက် နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာများကို လေ့လာသင်ယူကြရန်၊ တိုင်းပြည်အရေးကို အဓိကထားပြီး အချင်းချင်း ချစ်ခင်ညီညွတ်ကူညီပြုပြင်ကြရန်၊ အချင်းချင်း အပြစ်မတင်ကြရန် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။