CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

တရုတ်နိုင်ငံ၏ ယွမ်ငွေသည် ကမ္ဘာတစ်ဝှမ်းတွင် တဖြည်းဖြည်း ကြီးစိုးလာနေပြီး ရုရှား၊ အာဂျင်တီးနား၊ ဘရာဇီး၊ အီရတ် စသည့် နိုင်ငံများက တရုတ်သွင်းကုန် အရောင်းအဝယ်အတွက် ယွမ်ငွေကြေးကို လက်ခံ လာနေကြသည်ကို တွေ့နေရခြင်းကြောင့် တရုတ်ယွမ်ငွေသည် ကမ္ဘာ့အရန်ငွေကြေးဖြစ်သည့် အမေရိကန်ဒေါ်လာနှင့် ယှဉ်ပြိုင်လာနိုင်ပြီလားဆိုတာကို စီးပွားရေးလေ့လာသူများနှင့် လုပ်ငန်းရှင်များ ကြားတွင် သုံးသပ်နေမှုများ ရှိနေသည်။

လက်ရှိတွင် အမေရိကန်၏ စီးပွားရေးအခြေအနေနှင့် အကြွေးပမာဏများကြောင့် အမေရိကန်ဒေါ်လာကို ကမ္ဘာ့နိုင်ငံအသီးသီးက လျှော့ချသုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေမှုများရှိနေကြောင်း၊ အမေရိကန် သည် တခြားသောနိုင်ငံများကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာနေခြင်းကြောင့် တခြားသောနိုင်ငံများ က အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့်လည်းကောင်း၊ ရွှေနှင့်လည်းကောင်း၊ အိန္ဒိယ ရူပီးနှင့် လည်းကောင်း ဒေါ်လာနေရာကို အစားထိုးမှုများ လုပ်ဆောင်လာနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဖြည်းဖြည်းချင်းတော့ ဒေါ်လာနေရာကို အစားထိုးမှာတော့ သေချာတယ်။ ဘာလို့လဲဆိုတော့ အမေရိ ကန်ရဲ့ စီးပွားရေး၊ အမေရိကန်ရဲ့ အကြွေးပမာဏတွေက သိပ်များနေပြီလေ။ ဒါ့အပြင် သူက သူ့နိုင်ငံငွေ ကြေးကို ကမ္ဘာ့အရန်ငွေကြေး ဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ တခြားနိုင်ငံတွေကို sanctions အရေးယူ ချမှတ်တာတွေ ဘာတွေ လုပ်လာတော့ အဲဒီအပေါ်မှာ တခြားနိုင်ငံတွေက မလုံမခြုံ ဖြစ်လာ တာပေါ့။ ဒါ့ကြောင့်မို့လို့ သူ့ဟာကိုတော့ သုံးလို့မဖြစ်တော့ဘူးဆိုတဲ့ အမြင်ပေါ့ အမြင်အယူအဆ ဖြစ်လာ တော့ အဲဒီဟာကို ဂရိလိုနိုင်ငံတွေကအစ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ စဉ်းစားလာကြတာပေါ့။ စဉ်းစားလာတဲ့အခါမှာ ငွေတစ်ခုတည်းနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးတစ်ခုတည်းနဲ့ အစားထိုးတာမျိုး မဟုတ်ဘဲနဲ့ ဝင်ရိုးစုံ ယွမ်နဲ့ အရောင်းအဝယ်လုပ်တဲ့ နိုင်ငံတွေရှိသလို ရွှေနဲ့ အရောင်းအဝယ်လုပ်တဲ့ နိုင်ငံ တွေ ရှိမယ်။ တစ်ခါ ရူဘယ်နဲ့ လုပ်တာရှိသလို ရူပီးနဲ့ လုပ်တာရှိမယ်။ စီးပွားရေး နည်းနည်းအင်အားကြီး တဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေမှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လိုအပ်ချက်အရ ဥပမာ ကျနော်တို့နိုင်ငံက တရုတ်နဲ့ ကုန်သွယ်မှု အများဆုံးလုပ်တယ်ဆိုရင် ယွမ်ကို ကျနော်တို့က အမေရိကန်ဒေါ်လာအစား သုံးလာတာဖြစ်သလို ဘင်္ဂလားဒေ့ရှ်ကျတော့ အိန္ဒိယနဲ့ ကုန်သွယ်တာများတယ်ဆိုရင် ရူပီးကို သူက ဒေါ်လာအစားထိုးလာတာမျိုး အဲဒီလိုမျိုး ဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တရုတ်ယွမ်ငွေကြေးတွင် အကြီးဆုံး ၁၀၀ တန်

တရုတ်ယွမ်ငွေသည် လက်ရှိတွင် ဒေါ်လာအနောက်တွင် ရှိနေကြောင်း၊ ဒေါ်လာနေရာတွင် အစားထိုး သုံးစွဲနိုင်ရေးအတွက် နိုင်ငံအများစုတွင် သဘောတူညီချက် မရသေးသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ တရုတ်ယွမ်ငွေကို ပို၍ သုံးစွဲလာမည် ဖြစ်ကြောင်း၊ နိုင်ငံအများစုသည် နိုင်ငံအရန်ငွေကို ဒေါ်လာအဖြစ် သတ်မှတ်ရာကနေ လျှော့ချလာနေကြ ပြီ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တရုတ်ယွမ်ငွေကို နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် အသုံးပြုနေကြောင်း၊ နောက်ပိုင်းတွင် ယွမ်ငွေ သည် အဓိကကျသည့် ငွေကြေးတစ်ခု ဖြစ်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“ဆရာတို့ သိသလောက်ဆိုရင် ၄၉ နိုင်ငံလောက် သုံးနေပြီ။ ယွမ်ကို အဓိကထား သုံးနိုင်အောင်လို့ လုပ်နေတာလေ။ နောက်ပိုင်းကျရင်လည်း နိုင်ငံတွေက အဓိကထား သုံးလာနိုင်မယ့် သဘောတော့ ရှိတာပေါ့နော်။ နောက်ပိုင်းကျရင်တော့ ယွမ်က အဓိကကျတဲ့ ငွေကြေးဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်။ အဓိကကတော့ sanctions မိနေတဲ့ နိုင်ငံဖြစ်နေတော့ ဒေါ်လာပဲ အားထားလို့မရဘူး။ ဒါ့ကြောင့်မို့လို့ ဒေါ်လာနဲ့ ကျပ်၊ ရူပီးနဲ့ ကျပ်၊ ဘတ်နဲ့ ကျပ် ဒီလိုမျိုး Trade တွေကတော့ သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက် ပြီးတော့ ပေးချေမှု ဆောင်ရွက်ရမှာပဲလေ။ နောက်ဆုံး MOGE ကလည်း သူ sanctions မိနေတဲ့အခါ ကျတော့ MOGE ရဲ့ ပိုက်ဆံတွေလည်း ဒီလိုပဲ ရွှေ့ရမှာပဲလေ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာကို လျှော့ချသုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုများ ရှိသော်လည်း နိုင်ငံ တကာချေးငွေများ ဆပ်ရန်၊ လက်နက်ခဲယမ်းများ ဝယ်ယူရန်နှင့် စက်သုံးဆီများ ဝယ်ယူရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေရသည့်အတွက် လက်ရှိတွင် ဒေါ်လာလိုအပ်ချက် ရှိနေသည်ကို တွေ့ရသည်။

Citigroup နှင့် Goldman Sachs ကဲ့သို့သော ငွေကြေးအဖွဲ့အစည်းကြီးများသည် 2030 ခုနှစ်တွင် ယွမ်သည် နိုင်ငံတကာငွေပေးချေမှုတွင် တတိယအသုံးအများဆုံးငွေကြေးဖြစ်လာမည်ဟု ခန့်မှန်း ထားသည်။

ဒါ့အပြင် ရုရှား - ယူကရိန်းစစ်ပွဲစတင်ကတည်းက ရုရှားတွင် ရောင်းဝယ်မှုအများဆုံးငွေကြေးအဖြစ် တရုတ်ယွမ်သည် အမေရိကန် ဒေါ်လာနေရာကို အစာထိုးဝင်ရောက်နိုင်ခဲ့သည်။

ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံကို ရေနံစိမ်းရောင်းချရာတွင် ယွမ်ငွေဖြင့် လက်ခံခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နျူကလီးယားစက်ရုံအတွက် ယွမ်ငွေဖြင့် ရုရှားကို ပေးချေရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့နောက် ဆော်ဒီအာရေးဗီးယား နိုင်ငံသည်လည်း တရုတ်နိုင်ငံကို ရေနံစိမ်းရောင်းချရာတွင် ယွမ်ငွေဖြင့်သာ လက်ခံခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်များတွင် တွေ့ရသည်။