CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

သံနှင့် သံမဏိများကို တင်သွင်းရာတွင် ဒေါ်လာအစား ယွမ်ငွေဖြင့် ပြောင်းလဲသုံးစွဲမည်ဆိုပါက လိုင်စင်ဦးစားပေး ချထားမည်ဟု မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းမှ ထုတ်ပြန်ထားသော်လည်း ယွမ်ငွေဖြင့် တင်သွင်းသည့်အခါတွင် တဖက်နိုင်ငံမှ လက်မခံသည့်အတွက် အဆင်မပြေမှုများ ရှိနေကြောင်း သံနှင့် သံမဏိ တင်သွင်းသည့် လုပ်ငန်းရှင် များထံမှ သိရသည်။

သံနှင့်သံမဏိ တင်သွင်းရာတွင် ဒေါ်လာတမျိုးတည်းကိုသာ အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှတဆင့် သံများကို တင်သွင်းရာတွင် တရုတ်နိုင်ငံ၌ ယွမ်ငွေနှင့် ဒေါ်လာ အတက်အကျ ရှိနေခြင်းကြောင့် ယွမ်ငွေဖြင့် ငွေပေးချေမှုကို တရုတ်လုပ်ငန်းရှင်များက လက်မခံကြောင်း သံနှင့် သံမဏိ တင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ဆီကိုလည်း ဝယ်ရတာ သူတို့က လက်မခံဘူး။ တရုတ်အချင်းချင်းက တရုတ်ပိုက်ဆံကို လက်မခံ ဘူး။ သူတို့မှာ International currency နဲ့ပဲ အရောင်းအဝယ်လုပ်တာ ဖြစ်တဲ့အတွက် သူတို့ဆီမှာလည်း ယွမ်တွေ က အတက်အကျတွေ ရှိပါတယ်ပေါ့။ ရှိတဲ့အခါကျတော့ ဒီကပို့တာနဲ့ ဟိုရောက်တာနဲ့ အချိန်ကြာတဲ့အခါ အနည်း ဆုံး ပတ်ချာလည် ၁ ပတ်၊ ၁၀ ရက်လောက် ကြာတဲ့အတွက် အများကြီး ကွာသွားတယ်တဲ့ အတက်အကျမှာ ငြိမ် နေတာ မဟုတ်ဘူး။ သူတို့ currency ကလည်း ဒေါ်လာနဲ့ ယွမ်က မငြိမ်တဲ့အခါကျတော့ သူတို့လည်း အခက်အခဲ တွေ့တယ်။ တက်တာလည်း ဒုန်းခနဲ တက်သွား၊ ကျတာလည်း ဒုန်းခနဲ ကျသွားဆိုတော့ သူတို့လည်း အဆင်မပြေ တဲ့ အကြောင်းဆိုတော့ ပြောကြည့်တဲ့အခါ လက်မခံဘူး။ လက်ခံရင်တောင်မှ ကျနော်တို့ငွေက အနည်းဆုံး ၃၀၆၀၀ ကျမယ်၊ ဟိုဘက်ကလည်း သူတို့လည်း အဆင်မပြေဘူး။ အဲဒီလို အခက်အခဲတွေ ရှိတဲ့အခါကျတော့ ဘာမှ လုပ်လို့မရဘူး ဖြစ်နေပါတယ်” ဟု ပြောသည်။

ဒေါ်လာအစား တရုတ်ယွမ်ငွေ ပြောင်းလဲသုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းထံ သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သံမဏိကြိုနေစဉ်

ထို့နောက် ကုမ္ပဏီများအနေဖြင့် လိုင်စင်တင်ထားသည့် ဒေါ်လာပမာဏနှင့် ညီမျှသည့် ယွမ်ငွေကို ပြောင်းလဲ ပြင်ဆင်၍ လိုင်စင်တင်နိုင်ကြောင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် ဒေါ်လာဖြင့် တင်သွင်းနေရသည့် သံများသည်လည်း ဈေးနှုန်း ၁ ဆခွဲခန့် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိခဲ့ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့အပြင် ယခင်က ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများကို ရောင်းချသည့်ဆိုင်များက အကြွေးစနစ်ဖြင့် ရောင်းချ ကြသော်လည်း လက်ရှိတွင် အကြွေးစနစ်ဖြင့် မရရှိသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ အခက်တွေ့ နေရသည်ဟု ကန်ထရိုက်တာ တစ်ဦးဖြစ်သူ ဒေါ်မြတ်ကေသီက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆောက်လုပ်ရေးကတော့ တိုင်တော့ တော်တော်ပတ်တယ်ပေါ့နော်။ အခု ပိုက်ဆံက အရင်တုန်းက အကြွေးရတယ်ပေါ့နော်၊ ဆောက်လုပ်ရေးဆိုတာက အကြွေးနဲ့ အလုပ်လုပ်တာကိုး။ supplier တွေက အကြွေး ပေးတာပေါ့။ အခုကတော့ ပိုက်ဆံ ကြိုပြီးတော့ သုံးရတာပေါ့။ အစ်မဆိုရင် ကြွေပြားတွေဆိုရင် ဒီနေ့နဲ့ မနက်ဖြန် ဈေးတွေက မတူဘူး။ ဈေးတွေက အတက်ဈေးနဲ့ မိမှာစိုးလို့ ပစ္စည်းတွေ ဝယ်ပြီးတော့ မလိုသေးဘဲနဲ့ ဝယ်ပြီးတော့ ပုံထားတာပေါ့။ ကိုယ့်ဘက်က ပစ္စည်း ကြိုပြီးတော့ စိုက်ထုတ်နေရတာပေါ့။ ဘာပစ္စည်းဖြစ်ဖြစ် Electrical ပစ္စည်း တွေဆိုရင်လည်း ဟိုတလောက တအားတက်သွားတာလေ ၂ ဆလောက် တက်သွားတာ။ အဲဒီလိုမျိုးတွေ တက် ဈေး မိမှာစိုးလို့ အစ်မတို့က ပိုက်ဆံကို ကြိုပြီးတော့ သုံးထားတာပေါ့နော်။ အကြွေး မရတဲ့အပြင် ကိုယ်က စိုက်ပြီး တော့ ကုန်ထားတာပေါ့နော်” ဟု ပြောသည်။

သံလုံးများ ထုတ်လုပ်နေစဉ်

နှစ်စဉ် သံနှင့် သံမဏိ ဆက်စပ်ပစ္စည်းများကို တန်ချိန် ၃ သန်းခန့် တင်သွင်းနေရသော်လည်း လက်ရှိတွင် သံဈေးနှုန်း မြင့်မားနေခြင်းနှင့် တခြားသော အကြောင်းများကြောင့် ဆောက်လုပ်ရေးလုပ်ငန်း လည်ပတ်မှုသည် လျော့ကျနေကြောင်း၊ ထို့ကြောင့် ပြည်ပမှ သံနှင့် သံမဏိ တင်သွင်းရသည့် ပမာဏလည်း လျော့နည်းလျက် ရှိနေ ကြောင်း သိရသည်။

သံနှင့် သံမဏိကို တရုတ်၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဓိက တင်သွင်းနေပြီး ယခင်က တစ်လလျှင် တန်ချိန် ၆ သောင်းခန့် တင်သွင်းနေရသော်လည်း လက်ရှိတွင် တန်ချိန် ၂ သောင်းမှ ၃ သောင်းခန့် တင်သွင်းရုံဖြင့် အဆင်ပြေနိုင်သည်ဟု သံတင်သွင်းသည့် လုပ်ငန်းရှင်များက ပြောသည်။