CNI News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၉
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် တစ်နှစ်တာ၌ နယ်စပ်စခန်းများမှတဆင့် ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်းချီ အနုတ်ပြနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြန်မာ-တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စသည့် နယ်စပ်စခန်းများအားလုံး၌ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၀၀ ကျော်ရှိခဲ့ရာ ၂၀၂၃ ခုနှစ်တွင်မူ ပို့ကုန်တင်ပို့မှု ဒေါ်လာ သန်းပေါင်း ၄၁၀၀ ကျော်သာရှိခဲ့သည့်အတွက် ဒေါ်လာသန်း ၄၀၀ ကျော်အထိ လျော့ကျသွားခြင်း ဖြစ်သည်။
နိုင်ငံတစ်ခုတွင် ပို့ကုန်တင်ပို့မှု အနုတ်ပြခြင်းသည် ကောင်းသောရလဒ် မဟုတ်သဖြင့် ဈေးကွက် လိုအပ်ချက်များ၊ နိုင်ငံခြားငွေ ရရှိမှုနှင့် တိုင်းပြည်၏ စီးပွားရေးအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာ ရှင် ဦးဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ကုန်တင်ကားများ ပိတ်မိနေစဉ်
၎င်းက “ပို့ကုန်က ဒီလိုအခြေအနေမျိုးမှာ ပိုအရေးကြီးတာပေါ့။ သာမန်အခြေအနေမှာတောင် ပို့ကုန်က အရေးကြီး တယ်။ သီအိုရီရှိတာပေါ့ export is the engine of growth ဆိုတာ။ တိုးတက်မှု တိုင်းပြည်မှာ ယေဘုံယျဆိုရင် စီးပွားရေးပေါ်လစီ ၂ မျိုးရှိကြတယ်။ export promotion and import substitution ပေါ့။ ပို့ကုန်မြှင့်တင်ခြင်းနဲ့ သွင်းကုန်အစားထိုးခြင်းပေါ့။ သွင်းကုန်အစားထိုးတယ်ဆိုတာက သူများနိုင်ငံကို ဒေါ်လာ မထွက်အောင် ကာတာပဲ ရှိတယ်။ သူများနိုင်ငံရဲ့ ပိုက်ဆံရတယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဘူး။ Export က အရေးကြီးတာပေါ့။ export မလုပ် နိုင်တော့ တိုင်းပြည်စီးပွားရေးလည်း အဆင်မပြေဘူးပေါ့။ နောက်တစ်ခုက တည့်ပြောရင် နိုင်ငံခြားပို့မှ ဒေါ်လာရ မှာလေ။ ဒေါ်လာမရဘူးဆိုရင် အခုဖြစ်နေတဲ့ ဒေါ်လာပြဿနာက ပိုကြီးထွားလာမှာပေါ့။ Export မှာ အနုတ် ဆက်ပြနေမယ်ဆိုရင် ပိုဆိုးသွားမှာပေါ့” ဟု ပြောသည်။
မြန်မာပြည်ထဲသို့ ဒေါ်လာငွေ ဝင်ရောက်သည့် လမ်းကြောင်းတွင် အဓိကမှာ ပို့ကုန်တင်ပို့မှု ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အားကိုး၍ မရဘဲဖြစ်နေကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများ က သုံးသပ်ကြသည်။
ထို့အတူ ပြည်ပရောက် နိုင်ငံသားများ၏ ဝင်ငွေခွန်ပေးဆောင်ခိုင်းခြင်းသည် အားလုံး၏ ပူးပေါင်းပါဝင်မှုအပေါ် တွင်သာ မူတည်နေသဖြင့် အဓိကကျသော ပို့ကုန်တင်ပို့မှု ထိခိုက်ပါက တိုင်းပြည်စီးပွားရေး အများအပြား ထိခိုက်မည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ကျဆင်းရခြင်းတွင် နယ်စပ်အသီးသီး၌ မငြိမ်မသက်မှုသည် တစ်ခုအပါအဝင် ဖြစ်သလို ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အချို့လုပ်ငန်းများကြောင့်လည်း ပို့ကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ကုန်တင်ကားများ မီးလောင်နေစဉ်
ထို့ကြောင့် ပို့ကုန်မြှင့်တင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းကဏ္ဍအလိုက် ဖြေလျှော့မှုများ၊ သက်တမ်းတိုး ပေးမှု များအား ဗဟိုဘဏ်အနေဖြင့် ပြုလုပ်ပေးမည်ဆိုပါက ကောင်းမွန်မည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “export သွားနိုင်တဲ့ မူဝါဒတွေကို မလိုအပ်ပဲ တင်းကြပ်နေတဲ့ စည်းကမ်းတွေရှိမှာပေါ့။ အခုဆိုပဲ အချို့ ငါးလုပ်ငန်းက တင်ပြလာတာတွေရှိတယ်။ တချို့က ငါးကို export သွားတဲ့အချိန်မှာ ရန်ကုန်နဲ့ မန္တလေးတောင် ငွေပေး/ငွေယူက တစ်လလောက် ကြာတာ။ နိုင်ငံခြားကို ပို့တဲ့အခါကြတော့ သူတို့လည်း နည်းလမ်းမျိုးစုံနဲ့ export သွားဖို့ လုပ်နေတဲ့အချိန်မှာ ဒီ ငွေဝင်/ ငွေထွက်က ၄၅ ရက်နဲ့တောင်မရဘူး။ တချို့က ၂ လ ခွဲလောက် ကြာတယ်။ အဲဒီလိုအနေအထားမျိုးမှာ ရက် ၃၀ အတွင်း ငွေပြန်သွင်းရမယ်ဆိုတော့ ငါးသမားတွေက မပို့နိုင်တော့ဘူး အခုက။ ငါးဈေးကွက်ကြီး တစ်ခုလုံး ပြုတ်ကျသွားတယ် အခုလောလောဆယ် အခြေအနေက။ အဲဒီလိုအခါကြတော့ တိုင်းပြည်ရဲ့ export က ကျသွားမှာပေါ့” ဟု ပြောသည်။
၂၀၂၃ ခုနှစ်တွင် ပို့ကုန်တင်ပို့မှုသည် မြန်မာ-တရုတ် နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော်၊ ထိုင်း နယ်စပ်တွင် ၁၇၈ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ၉ သန်းကျော်၊ အိန္ဒိယနယ်စပ်တွင် ၅ သန်းကျော် အထိ လျော့ကျသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နယ်စပ်လမ်းကြောင်းများ၌ တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ခြင်း၊ တိုက်ပွဲဖြစ်ပွား ပါကလည်း အချိန်ကာလ တိုတောင်းခြင်းတို့ကြောင့် ကုန်သွယ်မှုအပေါ် သက်ရောက်မှုမရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် နယ်စပ်လမ်းကြောင်းအသီးသီး၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုသည် ပြင်းထန်သည့်အပြင် ကြာရှည်နေ သဖြင့် နယ်စပ်ကုန်သွယ်ရေးများအပေါ် ထိခိုက်သွားခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။
ထိုသို့ ပုံမှန်ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးများတွင် မငြိမ်မသက် ဖြစ်နေမှုများကြောင့် စခန်း ပြောင်းလဲတင်ပို့ခွင့်များ ပြုပေးထားသော်လည်း မူလလမ်းကြောင်းထက် ငွေကြေးကုန်ကျမှု ပိုမိုများပြားကြောင်း ကုန်သည်များထံက သိရသည်။