CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
လီဗာပူးလ်အသင်းကွင်းလယ်လူဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းက ဖင်လန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသေးစားတံကောက်ကြောဒဏ်ရာခံစားခဲ့ရတယ်လို့ နည်းပြရော်နယ်လ်ကိုးမန်းက ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်အချိန်မှာ ဂရာဗန်ဘာ့ချ်ရဲ့ဒဏ်ရာသတင်းဟာ သူတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။
အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မှာ လီဗာပူးလ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကိုနာတေးနဲ့ အန်ဒိုတို့လည်း ဒဏ်ရာရခဲ့တာကြောင့် သူတို့ဟာ အယ်လီဆွန်၊လီယွန်နီတို့နဲ့အတူ အသင်းရဲ့ကုသမှုခန်းထဲမှာ ရှိနေခဲ့ကြတာပါ။
ဂရာဗန်ဘာ့ချ်ဟာ နယ်သာလန်အသင်းနဲ့ ဖင်လန်အသင်းပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာကြောင့် ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှုဟာ သံသယဖြစ်စရာရှိနေပါတယ်။
ဂရာဗန်ဘာ့ချ်ကတော့ ဒဏ်ရာစိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားခဲ့ပြီး ရာသီကရှည်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဂရာဗန်ဘာ့ချ် ကို တွေ့ရစဉ်
ဂရာဗန်ဘာ့ချ်ဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို ဆုံးဖြတ်ဖို့ စမ်းသပ်စစ်ဆေးမှုခံယူရမှာဖြစ်ပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲမတိုင်မီမှာ နောက်ဆုံးအခြေအနေကို ပြောသွားမှာဖြစ်ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲအထိပါဝင်ကာ ၁ ပွဲသာလွဲချော်ထားတာပါ။
ဂရာဗန်ဘာ့ချ်ဟာ ဒီရာသီလီဗာပူးလ်အသင်းအတွက်ကစားထားတဲ့ ၈ ပွဲမှာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။
လီဗာပူးလ်အသင်းကွင်းလယ်လူဟောင်းမာဖီက နည်းပြအာနီဆလော့ဟာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂရာဗန်ဘာ့ချ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ ယုံကြည်နေပြီး သူဆိုရင် ကွင်းလယ်မှာ ဆိုဘို့ဆလိုင်း၊ဂရာဗန်ဘာ့ချ်နဲ့ ဖလော်ရီယန်ဗစ်ဇ်တို့ကို တွဲဖက်အသုံးပြုသွားမယ်လို့ပြောခဲ့ပါတယ်။