CNI Sport News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄

အာဆင်နယ်အသင်းခေါင်းဆောင်အိုဒီဂတ်ဟာ ဒူးဒဏ်ရာကြောင့် နိုဝင်ဘာလယ်အထိ အနားယူရဖွယ်ရှိနေတာကြောင့် အသင်းရဲ့ပွဲအများအပြားကို လွဲချော်တော့မှာဖြစ်ပါတယ်။ 

အိုဒီဂတ်ဟာ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒူးအရွတ်ဒဏ်ရာရခဲ့တဲ့အတွက် လူစားလဲခံခဲ့ရပါတယ်။ 

အာဆင်နယ်အသင်းဟာ အိုဒီဂတ် ဘယ်အချိန်ထိအနားယူရမလဲဆိုတာကို ပြောခဲ့ခြင်းမရှိပေမယ့် BBC Sport က နော်ဝေကွင်းလယ်လူဟာ နိုဝင်ဘာလလယ်အထိ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

အဲ့ဒါကြောင့် အိုဒီဂတ်ဟာ ဖူလ်ဟမ်၊ခရစ္စတယ်ပဲလေ့စ်၊ဘန်လေ၊ဆန်းဒါးလန်းအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် အက်သလက်တီကို၊ဆလာဗီးယားအသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အိုဒီဂတ် ကို တွေ့ရစဉ် 

အိုဒီဂတ်ဟာ အာဆင်နယ်အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူအနားယူရမယ့် သတင်းဟာ နည်းပြအာတီတာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

အိုဒီဂတ်ဟာ ဒီရာသီအစပိုင်းမှာဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ပထမပိုင်းမပြီးမီ လူစားလဲခံခဲ့ရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ 

အာဆင်နယ်အသင်းဟာ နိုဝင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအတွက် အိုဒီဂတ်အချိန်မီ ပြန်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

အာဆင်နယ်အသင်းဟာ အိုဒီဂတ်မပါဝင်နိုင်တဲ့ပွဲတွေမှာ အီဇီကို သူ့ရဲ့နေရာမှာ အစားထိုးအသုံးပြုနိုင်သလို မယ်ရီနို၊ဇူဘီမန်ဒီနဲ့ ဒီကလန်ရိုက်စ်တို့ ကွင်းလယ်အတွဲဖက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ 

အာဆင်နယ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။