CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄
ကိပ်ဗာဒီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)အုပ်စုနောက်ဆုံးပွဲစဉ်မှာ အက်ဆွာတီနီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။
ကိပ်ဗာဒီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိုက်စလန်အသင်းပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံအသင်းတွေထဲမှာ လူဦးရေအရ ဒုတိယမြောက်အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာတာပါ။
ကိပ်ဗာဒီအသင်းဟာ အက်ဆွာတီနီအသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်းဒုတိယနေရာရပ်တည်နေတဲ့ ကင်မရွန်းအသင်းကို ၄ မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ကိပ်ဗာဒီနဲ့ အက်ဆွာတီနီအသင်းပွဲစဉ်ကို ကိပ်ဗာဒီသမ္မတလည်းတက်ရောက်ကြည့်ရှုခဲ့ပြီး ပြည်သူတွေကိုလည်း ပွဲကြည့်ရှုနိုင်ဖို့အတွက် အစိုးရက နိုင်ငံတစ်ဝှမ်းကို နေ့တစ်ဝက်အားလပ်ရက်အဖြစ်ကြေညာခဲ့တာပါ။
ကိပ်ဗာဒီအသင်းကို တွေ့ရစဉ်
ကိပ်ဗာဒီအသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ခြေစစ်ပွဲအောင်မြင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခုအချိန်မှသာ ခြေစစ်ပွဲအောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကိပ်ဗာဒီအသင်းဟာ ပွဲအပြီးမှာ ကွင်းအတွင်းအကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး ပရိသတ်တွေကလည်း သူတို့ကို ဂုဏ်ပြုခဲ့ကြပါတယ်။
အုပ်စုတွင်းဒုတိယနေရာရပ်တည်ခဲ့တဲ့ ကင်မရွန်းအသင်းဟာ အကောင်းဆုံးအုပ်စုဒုတိယနဲ့ နောက်ထပ်ခြေစစ်ပွဲအဆင့်ကို ထပ်ပြီးယှဉ်ပြိုင်ရမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန်ကနေ တိုက်ရိုက်ဝင်ခွင့် ၉ သင်းမှာ ၆ သင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ ကိပ်ဗာဒီ၊မော်ရိုကို၊တူနီးရှား၊အီဂျစ်၊အယ်လ်ဂျီးရီးယားနဲ့ ဂါနာအသင်းတို့ပါ။
နောက်ထပ် ၃ နေရာအတွက် ဆီနီဂေါနဲ့ကွန်ဂို၊ဘီနင်၊တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယား၊အိုင်ဗရီကို့စ်နဲ့ဂါဘွန်တို့ထဲက ဘယ်အသင်းတွေရယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။