CNI Sport News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၄

ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စုအိမ်ကွင်းပွဲစဉ်မှာ ကိုဆိုဗိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် သူတို့ရဲ့ကမ္ဘာ့ဖလားအိပ်မက်အဆုံးသတ်သွားပြီး နည်းပြတိုမာဆန်အတွက်လည်း ဖိအားတွေတိုးသွားခဲ့ပြီဖြစ်ပါတယ်။ 

အစ်ဆက်နဲ့ယိုကီရက်စ်တို့လို ပရီးမီးယားလိဂ်ထိပ်တန်းတိုက်စစ်မှူးတွေပါဝင်နေတဲ့ ဆွီဒင်အသင်းဟာ ကိုဆိုဗိုအသင်းကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ 

ဆွီဒင်အသင်းဟာ ခြေစစ်ပွဲကစားဖို့ ၂ ပွဲကျန်ရှိသေးတာကြောင့် ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရဖို့ သင်္ချာနည်းအရအခွင့်အရေးရှိနေပေမယ့် မျှော်လင့်ချက်နည်းသွားခဲ့ပြီဖြစ်ပါတယ်။ 

ဆွီဒင်အသင်းနှင့်ကိုဆိုဗိုအသင်း ယှဥ်ပြိုင်နေစဥ်

အုပ်စုတွင်းဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကိုဆိုဗိုအသင်းဟာ နောက်ဆုံး ၂ ပွဲမှာ ရမှတ် ၁ မှတ်ရရှိတာနဲ့ ပလေးအောဖ့်ယှဉ်ပြိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဆွစ်ဇာလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ 

ဆွီဒင်အသင်းနည်းပြတိုမာဆန်က ကိုဆိုဗိုအသင်းကိုရှုံးနိမ့်ခဲ့တာက အလွန်နာကျင်ရတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

တိုမာဆန်က “ကျနော်ဟာ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နဲ့ စာချုပ်ရှိနေပြီး ကျနော်တို့ရဲ့ခြေစစ်ပွဲက မပြီးဆုံးသေးပါဘူး။ ဒီပွဲမှာ အသင်းဟာ လုံလောက်မှုမရှိသလို အလွန်ဆိုးရွားတဲ့ရလဒ်ပါ။ အလွန်နာကျင်ရပါတယ်။ ကျနော်တို့ဟာ ဂိုးတွေဘယ်လိုသွင်းယူရမလဲဆိုတာ မေ့သွားခဲ့ပြီး ဒါက ဘာကြောင့်လဲဆိုတာ ကျနော်မသိပါဘူး”လို့ ပြောခဲ့ပါတယ်။ 

ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲအဖြစ် ဆွစ်ဇာလန်အသင်းနဲ့ အဝေးကွင်း၊ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။