CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

နော်ဝေအသင်းခေါင်းဆောင် အိုဒီဂတ်ဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်ဒါဘီပွဲစဉ် မတိုင်ခင် သြစတြီးယား အသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ 

နော်ဝေအသင်းက သြစတြီးယားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာ အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် ကွင်းအတွင်း ကုသမှုခံယူချိန် သူ့ရဲ့မျက်နှာကို လက်နဲ့အုပ်ထားခဲ့တာပါ။ 

အိုဒီဂတ်ဟာ သြစတြီးယားကစားသမားရဲ့ ဖျက်ထုတ်မှုကြောင့် အလွန်နာကျင်နေခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာ ချိန်မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက သူ့ရဲ့အသင်းဖော် အိုဒီဂတ်ကို နှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကန်က “အိုဒီဂတ်ဟာ အဝတ်လဲခန်းထဲမှာ နာကျင်နေတာကို မြင်တွေ့ ခဲ့ရပါတယ်။ ခြေချင်းဝတ် ထိခိုက်ခဲ့တာဖြစ်ပြီး အရွတ်မပြဲဘူးဆိုရင်တော့ ကံကောင်းပြီး အဆင်ပြေသွားနိုင်ပါတယ်”လို့ TV2 ကို ပြောခဲ့တာပါ။

အိုဒီဂတ်ကို တွေ့ရစဉ်

နော်ဝေအသင်းဆရာဝန်က အိုဒီဂတ်ရဲ့ဒဏ်ရာအခြေအနေကို ဟိုတယ်ပြန်ရောက်ရင် အာထရာဆောင်း အသုံးပြု ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို MRI ရိုက်ပြီးလည်း စစ်ဆေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

အိုဒီဂတ်ရဲ့ ဒဏ်ရာဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာအတွက်တော့ အလွန်စိတ်ပျက် စရာဖြစ်ခဲ့ရတာပါ။ 

အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ကစားသမားသစ် မယ်ရီနိုက လည်း ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အိုဒီဂတ်ဟာ ဒဏ်ရာကြောင့် စပါးအသင်းနဲ့ပွဲကို လွဲချော်နိုင်ပြီး အီတလီနောက်ခံလူ ကာလာဖီအိုရီကလည်း ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် အီတလီအသင်းလူစာရင်းကနေ နုတ်ထွက်ထားတာပါ။ 

အဲဒါကြောင့် အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်ကို အဓိက ကစားသမားအချို့ မပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

Source: ESPN