CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းက ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်အပြီးမှာ သူ့ရဲ့ အသင်းဖော်တွေကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒီဘရိုင်းက “ဘာတွေမှားခဲ့လဲဆိုတာ ဒီနေရာမှာ ကျနော်မပြောနိုင်ပါဘူး။ မီဒီယာမှာ ထပ်ပြီး မပြောတော့ပေမယ့် နည်းလမ်းတိုင်းက ပိုပြီးကောင်းမွန်ရပါမယ်။ ကျနော်တို့ဟာ အကောင်းဆုံးကို ရောက်ရှိချင်ပေမယ့် ဒီအဆင့်ကို ရောက်ရှိဖို့ မလုံလောက်ဘူးဆိုရင် အရာအားလုံးကိုပေးရမှာပါ။ ဒီလိုမလုပ်နိုင်ဘူးဆိုရင် ပြီးဆုံးသွားပါပြီ။ ကျနော် တို့ဟာ ၂၀၁၈ တုန်းကလောက် မကောင်းဘူးဆိုတာ လက်ခံပေမယ့် တခြားအရာတွေကတော့ လက်ခံနိုင်စရာ မရှိဘူး”လို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲမှာ ပြင်သစ်အသင်းကို ဂိုးကန်သွင်းမှု အများအပြား ခွင့်ပြုခဲ့ရသလို သူတို့လည်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာပါ။

အဲဒါကြောင့် ဒီဘရိုင်းဟာ ပွဲအပြီးမှာ အလွန်စိတ်ပျက်နေခဲ့ပြီး သူတို့အများကြီး မှားယွင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

 ဒီဘရိုင်းကို တွေ့ရစဉ်

ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ဒီဘရိုင်းဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး နိုင်လိုစိတ်ကြီးမားတဲ့ သူဖြစ်တဲ့အတွက် သူ့ရဲ့ဒေါသကို နားလည်တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဘယ်လ်ဂျီယံအသင်းဟာ နေးရှင်းလိဂ် အုပ်စုပထမပွဲစဉ်မှာ အစ္စရေးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ အရေးနိမ့်ခဲ့ပြီး ပြင်သစ်အသင်းကတော့ အုပ်စုပထမပွဲစဉ်မှာ အီတလီအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပြင်သစ်အသင်းဟာ နေးရှင်းလိဂ်အုပ်စု ၂ ပွဲ ကစားအပြီးမှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။ 

၂၀၂၄-၂၅ နေးရှင်းလိဂ် အုပ်စု A2 ရဲ့ ၂ ပွဲစီ ကစားအပြီးမှာ အီတလီအသင်းက ရမှတ် ၆ မှတ် ရရှိထားပြီး ပြင်သစ်နဲ့ ဘယ်လ်ဂျီယံအသင်းက ၃ မှတ်စီ ရရှိထားကာ အစ္စရေးအသင်းကတော့ ရမှတ်မရရှိသေးတာ ဖြစ်ပါတယ်။

Source: ESPN