CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀

အိုင်ယာလန် လက်ရွေးစင်ဂိုးသမား ကယ်လီဟာက သူဟာ ပုံမှန်ပွဲ ကစားခွင့်ရဖို့အတွက် လီဗာပူးလ်အသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောလိုက်ပါတယ်။

ကယ်လီဟာက “ကျနော်ဟာ နံပါတ်တစ် ဂိုးသမားဖြစ်ချင်ပြီး အပတ်တိုင်း ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းကို သွားချင်တယ်ဆိုတာ ပြီးခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ကလပ်က နောက်ထပ် ဂိုးသမားကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပြီး ဒါကိုကြည့်ရတာ သူတို့ဟာ တခြားလမ်းကြောင်းကို သွားဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပါပဲ”လို့ ပြောခဲ့တာပါ။

ကယ်လီဟာဟာ လီဗာပူးလ်အသင်းမှာ ဘရာဇီးလ်ဂိုးသမား အလီဆွန်ရဲ့ အရန်ဂိုးသမားအဖြစ်သာ ရှိနေပြီး ပထမဦးစားပေး ဂိုးသမားဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို မကြာခဏဆိုသလို ပြောနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဗလင်စီယာအသင်းဂိုးသမား မာမာဒက်ရှ်ဗီလီကို ပြီးခဲ့တဲ့လက ပေါင်သန်း ၃၀ နဲ့ ခေါ်ယူပြီးနောက် အန်ဖီးလ်ကလပ်မှာ နံပါတ်တစ် ဂိုးသမားဖြစ်ချင်တဲ့ ကယ်လီဟာရဲ့ မျှော်လင့်ချက်ကို ထိခိုက် စေခဲ့တာပါ။ 

ကယ်လီဟာကို တွေ့ရစဉ်

ကယ်လီဟာဟာ လာမယ့်ရာသီမှာ လီဗာပူးလ်အသင်းထံ ရောက်ရှိလာမယ့် မာမာဒက်ရှ်ဗီလီကြောင့် ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နွေရာသီက ကယ်လီဟာကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးလ် အသင်းက ပယ်ချခဲ့တာပါ။ 

အသက် ၂၅ နှစ်အရွယ်ရှိ ကယ်လီဟာဟာ လီဗာပူးလ်အသင်း လူငယ်စီမံကိန်းက ထွက်ပေါ်လာတဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းအတွက် ၄၇ ပွဲ ပါဝင်ကစားထားတဲ့ ကယ်လီဟာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ဇွန်လ ၃၀ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပါတယ်။ 

Source: Metro