CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉
ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ဂိုးသမားဟောင်းဖြစ်တဲ့ ဆမ်ဂျွန်စတုန်းကို နွေရာသီ အပြောင်းအရွှေ့မှာ ပြန်ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဝုလ်ဗ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တဲ့ ဆမ်ဂျွန်စတုန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဂိုးသမား ဟိုဆေးဆာရဲ့ အရန်ဂိုးသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။
အဲ့ဒါကြောင့် ဆမ်ဂျွန်စတုန်းဟာ သူ့ရဲ့ကစားသမားဘဝ စတင်ခဲ့တဲ့ ယူနိုက်တက်အသင်းထံ ပြန်လာချင်နေ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့နွေရာသီက ရောက်ရှိလာပြီး အထင်ကြီးဖွယ် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လမ်းမန်းစ်ဟာ အသင်းရဲ့ နံပတ်တစ် ဂိုးသမားအဖြစ် ရှိနေမှာပါ။
အသင်းရဲ့နံပါတ် ၂ ဂိုးသမားဖြစ်တဲ့ တူရကီဂိုးသမား ဘယင်ဒါဟာ နွေရာသီမှာ ထွက်ခွာဖို့ရှိနေသလို တူရကီ ကလပ် ထရက်ဇွန်စပေါ်အသင်းထံ အငှားကစားပြီး ပြန်ရောက်လာမယ့် ဂိုးသမား အိုနာနာလည်း ယူနိုက်တက် အသင်းကနေ ထွက်ခွာနိုင်ပါတယ်။

ဂိုးသမား ဆမ်ဂျွန်စတုန်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဝါရင့်ဂိုးသမား တွမ်ဟီတန်ကို ၁ နှစ် စာချုပ် သက်တမ်းတိုးထားတာပါ။
ဆမ်ဂျွန်စတုန်းဟာ ယူနိုက်တက်အသင်းကို ရောက်လာခဲ့ရင် အသင်းရဲ့နံပါတ် ၂ ဂိုးသမားအဖြစ် ပါဝင်ရမှာ ဖြစ်ပါ တယ်။
၂၀၁၁ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ ဆမ်ဂျွန်စတုန်းဟာ အငှားတွေသာ ထွက်ခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ ဝက်စ်ဘရွမ်းအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။
ဝက်စ်ဘရွမ်းအသင်းမှာ ပြသတဲ့ လက်စွမ်းတွေကြောင့် အင်္ဂလန်အသင်းအတွက် ၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့တဲ့ ဆမ်ဂျွန်စတုန်းဟာ ၂၀၂၂ မှာ ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပြောင်းခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ဝုလ်ဗ်စ်အသင်းထံ ပြောင်းခဲ့တာ ဖြစ်ပါတယ်။
Source: Thesun
