CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ရမယ့် ပထမဆုံး ဆိုမာလီဒိုင်လူကြီး ဖြစ်ဖို့ရှိခဲ့တဲ့ အိုမာအာတန်ဟာ အမေရိကန်နိုင်ငံထံ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရတာကြောင့် ဒိုင်လူကြီးစာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။ 

၂၀၂၅ ခုနှစ် အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ရဲ့ တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ဒိုင်လူကြီးဖြစ်ခဲ့တဲ့ အာတန်ဟာ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး လက်ရှိ တူရကီနိုင်ငံမှာ ရှိနေတာပါ။ 

ဆိုမာလီယာနိုင်ငံဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က နိုင်ငံအတွင်း ခရီးသွားလာခွင့် ပိတ်ပင် ထားတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ 

အမေရိကန်အာဏာပိုင်တွေနဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အာတန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန် ထမ်း ဆောင် နိုင်တော့မှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အတည်ပြုခဲ့ပါတယ်။ 

ဆိုမာလီဒိုင်လူကြီးကိုတွေ့ရစဉ်

ဆိုမာလီယာ လူငယ်နဲ့အားကစားဝန်ကြီးဌာနရဲ့ အကြီးတန်း အကြံပေးတစ်ဦးက အာတန် ဝင်ခွင့်ငြင်းပယ်ခံရတာ ကို BBC ထံ အတည်ပြုခဲ့ပြီး သူဟာ တရားဝင် စာရွက်စာတန်းတွေနဲ့ ခရီးသွားလာနေတယ်လို့ ပြောခဲ့တာပါ။ 

နိုင်ရိုဘီရှိ ဆိုမာလီသံရုံးက တာဝန်ရှိသူတစ်ဦးက အရင်က ဗီဇာ အခက်အခဲတွေဖြစ်ပြီးနောက် အာတန် ခရီးသွား လာမှု လွယ်ကူစေဖို့ သံတမန်နိုင်ငံကူးလက်မှတ်ကို သီးသန့် ထုတ်ပေးခဲ့တယ်လို့ BBC ကို ပြောခဲ့ပါတယ်။ 

ဆိုမာလီဘောလုံးအဖွဲ့ချုပ်က ဒီဖြစ်ရပ်အပေါ် အရေးပေါ်ရှင်းလင်းမှုရစေဖို့အတွက် ဖီဖာထံ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး အိမ်ဖြူတော် အထူးအဖွဲ့ကို ဦးဆောင်သူ အန်ဒရူးကတော့ အာတန်ကို ဝင်ရောက်ခွင့် မပေးတဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပြီး ဒါကို သူထောက်ခံတယ်လို့ BBC World Service ကို ပြောခဲ့တာပါ။ 

အာတန်ဟာ ၂၀၁၈ ခုနှစ်မှာ ဖီဖာဒိုင်လူကြီး ဖြစ်လာခဲ့ပြီး အာဖရိကဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: BBC