CNI International News

ကာရာကက်စ်၊ မေလ ၂၅

အမေရိကန် စစ်တပ်သည် မေလ ၂၃ ရက်က ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ် (Caracas) မြို့တော်ရှိ အမေရိကန် သံရုံးတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) နှင့် ၎င်း၏ဇနီး စီလီယာ ဖလောရက်စ် (Cilia Flores) တို့ကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံအတွင်း ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလားအစိုးရကမူ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေများ သို့မဟုတ် ဘေးအန္တရာယ်များအတွက် ရွှေ့ပြောင်းကယ်ဆယ်ရေး လေ့ကျင့်မှုအဖြစ် လုပ်ဆောင်ရန် အမေရိကန်စစ်တပ်ကို စစ်ရေးလေ့ကျင့်ဖို့ ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်သံရုံးအနီး ဆင်းသက်ခဲ့သော MV-22B Osprey လေယာဉ်နှစ်စင်းနှင့် ကာရစ်ဘီယံပင်လယ်ရှိ ဗင်နီဇွဲလား ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော သင်္ဘောများ ပါဝင်ခဲ့သည်။

 ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်က စစ်ရေးလေ့ကျင့်နေစဉ်

အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် မိမိတို့ အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်နှင့် ဗင်နီဇွဲလားနိုင်ငံ တည်ငြိမ်ရေးအတွက် သေချာစွာ အကောင်အထည်ဖော် ဆောင်သွားရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကတိုက် တစ်ခုလုံးရှိ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများကို ကြီးကြပ်ကွပ်ကဲနေသည့် အမေရိကန် တောင်ပိုင်း တိုင်း စစ်ဌာနချုပ် (U.S. Southern Command) ၏ တပ်မှူး ဖရန်စစ် ဒိုနိုဗန် (Francis Donovan) သည် MV-22B Osprey လေယာဉ်တစ်စင်းဖြင့် ကာရာကက်စ်မြို့သို့ လိုက်ပါလာခဲ့ပြီး ဗင်နီဇွဲလား ကြားဖြတ်အစိုးရ၏ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့သည်။

“ဒါက ကျမတို့ကို အသင့်အနေအထား ဖြစ်စေခဲ့ပါတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုက ကာရာကက်စ်မြို့ပေါ်မှာ တိုက်ရိုက် ပျံသန်းတာမျိုးက ကျမတို့အတွက် အသစ်အဆန်းပါ။ လက်ရှိ အခြေအနေတွေနဲ့ နိုင်ငံအတွင်း ဖြစ်ပျက် နေတဲ့ ရုန်းရင်းဆန်ခတ်မှု အားလုံးကို ထည့်တွက်ရင် အမေရိကန်က အခုလိုမျိုး ပြုလုပ်တာဟာ ပိုပြီးတော့ ထူးဆန်း နေပါသေးတယ်။ ဒါက ကျမတို့ကို ဘာဖြစ်လာမလဲဆိုတာ မသိရတဲ့ မရေရာတဲ့ အခြေအနေတစ်ခုထဲ ရောက်သွားစေပါတယ်” ဟု မြို့တော်တွင် နေထိုင်သည့် အသက် ၅၇ နှစ်အရွယ် အုပ်ချုပ်ရေးပိုင်း ဝန်ထမ်း တစ်ဦး ဖြစ်သူ အေဗလင်း ရီဘိုလီဒို (Evelyn Rebolledo) က ပြောသည်။

ထရမ့်၏ အစိုးရအဖွဲ့သည် ဗင်နီဇွဲလားနိုင်ငံ၏ များပြားသော ရေနံသိုက်များနှင့် တွင်းထွက်သတ္တု အရင်းအမြစ် များကို အမေရိကန်သို့ ရောက်ရှိစေမည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည့် လက်ရှိ ဗင်နီဇွဲလားသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) ၏ အစိုးရကို ကျောထောက်နောက်ခံ ပြုပေးခဲ့သည်။

ရိုဒရီဂွက်ဇ်သည် မာဒူရို၏ ဒုတိယသမ္မတဟောင်းဖြစ်ပြီး လက်ရှိတွင် အစိုးရအဖွဲ့ကို ယာယီသမ္မတအဖြစ် ဦးဆောင်နေသူဖြစ်သည်။

Source: ရိုက်တာ