CNI International News
ဟာဗားနား ၊ ဇန်နဝါရီ ၇
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်မှ ဗင်နီဇွဲလားနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်၌ ကျူးဘားအရာရှိ ၃၂ ဦး သေဆုံးခဲ့ပြီးနောက် ကျူးဘားနိုင်ငံမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၅ ရက်က နိုင်ငံတော်အလံ များကို တိုင်တစ်ဝက် လျှော့ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျူးဘား ပြည်သူများသည် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) အဖမ်းခံရမှုသည် ၎င်းတို့၏ အနာဂတ်အပေါ် သက်ရောက်လာနိုင်မည့် အခြေအနေများအတွက် စိုးရိမ်နေကြသည်။
ကျူးဘားနှင့် ဗင်နီဇွဲလား အစိုးရများသည် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသဖြင့် ကျူးဘား စစ်သားများနှင့် လုံခြုံရေး အေးဂျင့်များသည် ဗင်နီဇွဲလားသမ္မတ၏ သက်တော်စောင့်များအဖြစ် မကြာခဏ တာဝန်ယူလေ့ရှိသည်။
ထို့ပြင် ဗင်နီဇွဲလားမှ ရရှိသော ရေနံသည် စီးပွားရေး ခက်ခဲနေသည့် ကျူးဘားနိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် ဆက်လက် ရပ်တည်နိုင်ရန် ကြီးမားသော အထောက်အပံ့တစ်ခု ဖြစ်ခဲ့သည်။

ကျူးဘားပြည်သူများကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရကမူ မာဒူရိုကို ရာထူးမှ ဖြုတ်ချခြင်းသည် ဆယ်စုနှစ် များစွာကြာ ရည်မှန်းထားခဲ့သည့် အခြားရည်မှန်းချက် တစ်ခုဖြစ်သော ကျူးဘားအစိုးရကို ထိုးနှက်ချက် ပေးနိုင်ရန် အတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု တိုက်ရိုက် သတိပေးခဲ့သည်။
ဗင်နီဇွဲလားနှင့် ကျူးဘားတို့၏ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းသည် ကျူးဘား ခေါင်းဆောင်များအတွက် ဆိုးရွားသော နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကျူးဘားအစိုးရကမူ ဗင်နီဇွဲလားကို အမေရိကန်၏ တိုက်ခိုက်မှုအား နိုင်ငံတော်အဆင့် အကြမ်းဖက်မှုဟု ဝေဖန်ခဲ့ ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမေရိကန်ကို ဝိုင်းဝန်းဆန့်ကျင်ကြရန် တောင်းဆိုခဲ့သည်။
မာဒူရိုအား ဖယ်ရှားခြင်းအားဖြင့် ကျူးဘား၏ ယိမ်းယိုင်နေသည့် စီးပွားရေးသည် ပိုမိုဆိုးရွား သွားစေလိမ့်မည်ဟု ထရမ့်က ဇန်နဝါရီ ၃ ရက်က ပြောကြားခဲ့သည်။
“ကျူးဘားက ပြိုလဲတော့မှာပါ။ သိပ်မကြာခင် ပြိုလဲသွားပါလိမ့်မယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: အေပီ
