CNI International News

နယူးယောက်၊ ဇန်နဝါရီ ၇

ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Marudo)သည် ရာထူးမှ ဖယ်ရှားခံရမည်ဟု ကြိုတင်ခန့်မှန်းပြီး လောင်းကြေး ထပ်ခဲ့သည့် အမည်မဖော်လိုသူ ကုန်သည်တစ်ဦးသည် အမြတ်ငွေ ဒေါ်လာ ၄၁၀,၀၀၀ ခန့် ရရှိသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းပြီး လောင်းကြေး ထပ်နိုင်သည့် Polymarket ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်၌ ယခုအနိုင်ရရှိခဲ့သော ကုန်သည်တစ်ဦးက အကောင့်ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၃ ရက် စီးနင်းတိုက်ခိုက်မှု မတိုင်မီ မာဒူရို ရာထူးမှ ဖယ်ရှားခံရနိုင်ခြေ အလွန်နည်းပါးသည့် အခြေအနေ တွင် ထိုအမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက မာဒူရို ဖယ်ရှားခံရမည်ဟု ခန့်မှန်းထားသော  လောင်းကြေး စာချုပ်များကို ဝယ်ယူစုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

မာဒူရို အဖမ်းမခံရမီ အချိန်ထိ ထိုလောင်းကြေးများ၏ တန်ဖိုးမှာ ဒေါ်လာ ၃၄,၀၀၀ ခန့်သာ ရှိခဲ့သည်။

သို့သော် မာဒူရိုကို အမေရိကန်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်သတင်း ထွက်ပေါ်လာပြီးနောက်တွင် လောင်း ကြေး တန်ဖိုးမှာ အဆမတန် မြင့်တက်သွားခဲ့ကြောင်း Polymarket ဝက်ဘ်ဆိုက်၏ အချက်အလက်များ၌ ဖော်ပြ ထားသည်။

လောင်းကစား ကုမ္ပဏီတစ်ခုကိုတွေ့ရစဉ်

အဆိုပါ အမည်မဖော်လိုသည့် ကုန်သည်၏ အကောင့်ကို ပြီးခဲ့သည့်လကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အမေရိကန်က ဗင်နီဇွဲလားကို ကျူးကျော် ဝင်ရောက်ခဲ့လျှင် အကျိုးအမြတ် ရရှိမည့် လောင်းကြေး စာချုပ်များအား ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်လာ ၉၆ ဖြင့် စတင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထို့နောက် အလားတူ လောင်းကြေးမျိုး ထပ်မံဝယ်ယူခဲ့ခြင်းဖြစ်ကာ စုစုပေါင်း အရင်းငွေ ဒေါ်လာ  ၃၄,၀၀၀ ရှိခဲ့ရာမှ မာဒူရို ဖမ်းဆီးခံရချိန်၌ အမြတ်ငွေ ဒေါ်လာ ၄၁၀,၀၀၀ အထိ ရရှိခဲ့ခြင်းဖြစ်သည်။

Polymarket ကဲ့သို့ ကုမ္ပဏီများသည် အားကစား၊ ဖျော်ဖြေရေး၊ နိုင်ငံရေးနှင့် စီးပွားရေး စသည့် လက်တွေ့လောက တွင် ဖြစ်ပျက်နေသော ဖြစ်ရပ်အမျိုးမျိုး၏ ရလဒ်များအပေါ် Yes or No ဟူသည့် ရွေးချယ်မှုဖြင့် လောင်းကြေး ထပ်နိုင်သည့် အရောင်းအဝယ် ပြုလုပ်နိုင်သော စာချုပ်များကို ဝန်ဆောင်မှုပေးထားခြင်း ဖြစ်သည်။

Source: Reuters