CNI International News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၇

အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခဲ့ပြီးနောက် ပထဝီနိုင်ငံရေး တင်းမာမှု များ မြင့်တက်လာမှုနှင့်အတူ ရွှေဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၅၄၉ ဒေါ်လာအထိ စံချိန်တင် အမြင့်ဆုံး ဈေးသို့ ပြန်လည် ရောက်ရှိသွားနိုင်ကြောင်း ရွှေကုန်သည်များက ခန့်မှန်းနေကြသည်။

ထိုအခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်း ရွှေတုံး ဈေးနှုန်းများသည် တစ်ဘတ်သားလျှင် ၆၇,၀၀၀ ဘတ် အထိ မြင့်တက်လာနိုင်ကြောင်း ရွှေကုန်သည်များက ခန့်မှန်းထားသည်။

မာဒူရို ဖမ်းဆီးခံရမှုသည် ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သဖြင့် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်း က အရောင်းအဝယ် စျေးကွက်တွင် ရွှေဈေးသည် ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ တစ်အောင်စလျှင် ၄၄၁၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၄၄၀၈ ဒေါ်လာတွင် ဈေးငြိမ်သွားခဲ့ကြောင်း Hua Seng Heng Futures ကုမ္ပဏီ၏ သုတေသနဌာန ဒုတိယဥက္ကဋ္ဌ သီရိလပ်ခ် ပါကိုတီပရာဖာ (Siriluck Pakotiprapha)  က  ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ရွှေဈေး အနည်းငယ် ပြန်ကျခဲ့သော်လည်း တစ်နှစ်ပတ်လုံး အနေအထားအရ ရွှေဈေး သည် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရစဉ်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ရွှေတစ်အောင်စလျှင် ၄၅၄၉ ဒသမ ၇၁ ဒေါ်လာဖြင့် စံချိန်တင် အမြင့် ဆုံး ဈေးသို့ ရောက်ရှိခဲ့ဖူးသည်။

“ထူးခြားတဲ့ ဖြစ်ရပ်မျိုးတွေ မရှိရင်တောင်မှ ရွှေဈေးဟာ ဇန်နဝါရီလ တစ်လတည်းမှာပဲ ပုံမှန်အားဖြင့် ၅ ဒသမ ၆ ရာခိုင်နှုန်းလောက်အထိ တက်လေ့ရှိပါတယ်” ဟု သီရိလပ်ခ်က ပြောကြားခဲ့သည်။

“အခုအချိန်မှာတော့ အမေရိကန်က ဗင်နီဇွဲလားမှာ စစ်ရေးအရ အရှိန်မြှင့် ဆောင်ရွက်နေပြီး တခြားနိုင်ငံတွေမှာ လည်း အလားတူ လုပ်ဆောင်လာနိုင်ခြေ ရှိတယ်လို့ အရိပ်အယောင် ပြနေတဲ့အတွက် ပထဝီနိုင်ငံရေးဆိုင်ရာ စိုးရိမ်ရတဲ့ အချက်တွေက ရွှေစျေးကို မြင့်တက်စေရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်” ဟု ၎င်းက ဆို သည်။

ပထဝီနိုင်ငံရေး ပဋိပက္ခများ အထူးသဖြင့် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ တိုက်ခိုက်မှုနှင့်  ဆက်နွှယ်သည့် တင်းမာမှုများ ပိုမိုပြင်းထန် လာမည်ဆိုပါက ရွှေဈေးသည် အချိန်တို အတွင်းမှာပင် စံချိန်တင် အမြင့်ဆုံးဖြစ်သော တစ်အောင်စလျှင် ၄၅၄၉ ဒေါ်လာအထိ ပြန်လည်မြင့်တက်သွားလိမ့်မည်ဟု သီရိလပ်ခ်က ပြောသည်။

ထိုင်းရွှေကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်း အရောင်းအဝယ် စျေးကွက်တွင် ပြည်တွင်း ရွှေစျေးနှုန်းများသည် ရွှေတစ်ဘတ်သားကို ၆၅၀ ဘတ်အထိ မြင့်တက်ခဲ့ပြီး နေ့လယ်ပိုင်း၌ ရွှေချောင်း စျေးနှုန်းသည် တစ်ဘတ်သားလျှင် ၆၅,၅၀၀ ဘတ်သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားသည်။

Source: ဘန်ကောက်ပို့စ်