CNI International Article

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် အမေရိကန်-ထိုင်း-အာဆီယံ ဆက်ဆံရေး ကို ပုံဖော်မည့် အဓိက အကြောင်းရင်း ၃ ချက်မှာ ကုန်သွယ်ရေး မညီမျှမှု ကြီးထွားလာမှု၊ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာမှုနှင့် အာဆီယံ၏ Community Vision 2045 အောက်ရှိ ရေရှည်ရည်မှန်းချက်များ အစ ရှိသည့် အချက် ၃ ချက်ဖြစ်သည်။

ထရမ့်၏ "အမေရိကန် ပထမ" မူဝါဒဖြင့် ချဉ်းကပ် လုပ်ဆောင်မှုသည် စိန်ခေါ်မှုများကို ပေါ်ပေါက်လာစေနိုင်သည်။

ထရမ့်၏ သမ္မတဒုတိယသက်တမ်းကာလတွင် ကျင့်သုံးမည် မဟာဗျူဟာကို အပြည့်အစုံ ရှင်းလင်းစွာ မသိရသေး သည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် မည်သည့် အခြေအနေများ ဖြစ်ပွားလာမည်ကို မျှော်မှန်းတွေးဆနိုင်သည်။

ထရမ့်သည် အမေရိကန်၏ အကျိုးစီးပွားများကို ဦးစားပေးမည်ဖြစ်ပြီး အဖွဲ့လိုက် သဘောတူညီချက်များနှင့် ပတ်သက်ပြီး အပြန်အလှန် ထိတွေ့ဆက်ဆံမှုများကို ပြုလုပ်မည်ဖြစ်သည်။

ထရမ့်၏ အမေရိကန်ဗဟိုပြု ချဉ်းကပ်ဆောင်ရွက်ပုံသည် ထိုင်းနှင့် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် အမေရိကန်နှင့် ကုန်သွယ်မှုပိုလျှံနေသည့် နိုင်ငံများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်သည်။

လာမည့်နှစ်မှ စတင်ပြီး အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံများသည် ပို့ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံ မည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

ထရမ့်သည် ကုန်သွယ်ရေး လိုငွေပြမှုများကို လျှော့ချရန် အာရုံစိုက်ခဲ့သဖြင့် အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်နှင့် ဟန်ချက်ညီသည့် ကုန်သွယ်မှုကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထို့ပြင် အမေရိကန်သည် တရုတ်ထံမှ တင်သွင်းသည့် ကုန်စည်များကို အခွန်များ တိုးမြှင့်ဖွယ်ရှိသဖြင့် အာဆီယံ နိုင်ငံများကို ထိခိုက်နစ်နာစေနိုင်သည်။

တရုတ်သည် ထရမ့်၏ အဓိကပစ်မှတ်ဖြစ်သော်လည်း ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများရှိသည့် နိုင်ငံများသည်လည်း နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကို ခံရမည်ဖြစ်သည်။

အမေရိကန်အနေဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် တရုတ်နှင့်ဆက်ဆံရေးရှိသည့် နိုင်ငံများအပေါ် ကုန်သွယ်ရေးကဏ္ဍတွင် ပြစ်ဒဏ်များ ချမှတ်မည်ဆိုပါက အမေရိကန်နှင့် အာဆီယံအကြား ဆက်ဆံရေး တင်းမာ လာနိုင်သည်။

သို့သော်လည်း အာဆီယံသည် ၎င်း၏ စီးပွားရေးဆိုင်ရာ အရေးပါမှုကို အလေးပေးရန်အတွက် အမေရိကန်နှင့် ဆက်လက် ဆွေးနွေးရန် လိုအပ်မည်ဖြစ်သည်။

အာဆီယံသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံး အစုအဖွဲ့ဖြစ်လာစေရန် ရည်မှန်းထားသည်။

၂၀၂၂ ခုနှစ်က အမေရိကန်-အာဆီယံ ကုန်သွယ်မှုတန်ဖိုးသည် ၃၉၅ ဒသမ ၉ ဘီလျံရှိခဲ့ပြီး အာဆီယံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ ၇၄ ဒသမ ၄ ဘီလျံရှိခဲ့သည်။

လာမည့်နှစ်တွင် အာဆီယံ၏ ဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် သဘောတူညီချက် (DEFA) ကို အပြီးသတ် ချုပ်ဆိုမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးတန်ဖိုးသည် ၁ ထရီလျံအထိ မြင့်တက်သွား စေနိုင်သည်။

ထရမ့်၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ထိုင်းသည် ကုန်သွယ်ရေး လိုငွေပြမှုများကို ဖြေရှင်းရန်အတွက် အဓိကပစ်မှတ်ထားခံခဲ့ရသည့် အာဆီယံနိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

ထိုင်းသည် အမေရိကန်နှင့်ကုန်သွယ်ရေးတွင် ပိုလျံမှုရှိခဲ့ပြီး ကပ်ရောဂါ ကာလအတွင်း နှစ်စဉ် ကုန်သွယ်ရေး ပိုငွေပြမှုသည် ဒေါ်လာ ၂၉ ဘီလျံ ပျမ်းမျှရှိခဲ့သည်။

ယခုနှစ်ပထမ ၁၀ လတာ ကာလအတွင်းတွင်လည်း ထိုင်းနှင့်အမေရိကန် ကုန်သွယ်ရေးတွင် ထိုင်းဘက်မှ ကုန်သွယ်ရေး ပိုငွေပြမှု ဒေါ်လာ ၂၂ ဘီလျံရှိခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုင်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး  Cobra Gold  စစ်ရေး လေ့ကျင့်မှု များကို နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ ထိုအချက်က အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ထိုင်းဘက်မှ အလျှော့အတင်း ပြုလုပ်နိုင်မည့် အချက်ဖြစ်သည်။

အမေရိကန်-ထိုင်း ဆက်ဆံရေးအတွက် ထရမ့်၏ လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည်လည်း အဓိကအခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။

ထရမ့်၏ လုံခြုံရေးအဖွဲ့ထဲတွင် ဂျိမ်းစ်မက်တစ် (James Mattis) သို့မဟုတ် အိတ်ချ်အာ မက်မာစတာ (HR McMaster) တို့ကဲ့သို့ ကာကွယ်ရေးကဏ္ဍတွင် ထိပ်သီးပုဂ္ဂိုလ်များ ပါဝင်လာခဲ့မည်ဆိုပါက အမေရိကန်၏ မဟာဗျူဟာတွင် ထိုင်း၏ အခန်းကဏ္ဍသည် ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။

အကယ်၍ ထရမ့်၏ အဖွဲ့ထဲတွင် ပိုမိုရန်လိုသည့် အကြံပေးများ ပါဝင်လာခဲ့မည်ဆိုပါက ထိုင်းအနေဖြင့် တရုတ်နှင့် စီးပွားရေး၊ စစ်ရေး ဆက်ဆံမှုများပြုလုပ်ရာတွင် ခက်ခဲသည့် ရွေးချယ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ပြန်လည် အသက်သွင်းပါက အာဆီယံနိုင်ငံများသည်လည်း ဂယက်ရိုက်ခတ်ခံရမည်ဖြစ်သည်။

ထို့ပြင် ဘိုင်ဒန်၏ အစိုးရအဖွဲ့လက်ထက် အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည့် ကုန်သွယ်ရေး စာချုပ်ဖြစ်သည့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (IPEF) ကိုလည်း ဂယက်ရိုက်ခတ်လိမ့်မည်ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များကိုတွေ့ရစဉ်

အမေရိကန်သည် အာဆီယံ အသိုင်းအဝိုင်းအတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန်ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ကပ်ရောဂါကာလအတွင်းက ဖြစ်သည်။

သို့သော် တရုတ်သည် အာဆီယံနှင့် ခိုင်မာသည့် ကုန်သွယ်ရေး ဆက်ဆံမှုများက အမေရိကန်၏ အားထုတ် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့သည်။

တရုတ်အပေါ် အမေရိကန်၏ ရပ်တည်ချက် ပိုမိုတင်းမာလာပါက တရုတ်နှင့် အာဆီယံအကြား ဆက်ဆံမှုများ အနှောင့်အယှက် ဖြစ်လာနိုင်ပြီး အာဆီယံနိုင်ငံများကို နစ်နာစေမည်ဖြစ်သည်။

ထရမ့်၏ အစွန်းရောက် စျေးကွက် ကာကွယ်ရေး မူဝါဒများသည် အာဆီယံ၏ ပို့ကုန်များအတွက် အဟန့်အတား ဖြစ်လာနိုင်စေသည်။

ထို့ကြောင့် အာဆီယံနိုင်ငံများသည် အမေရိကန်နှင့် တရုတ်အပေါ် မှီခိုမှုကို လျှော့ချရန် ကုန်သွယ်ရေး ဆက်ဆံ မှုများကို အခြားနိုင်ငံများနှင့် ပြောင်းလဲဆက်ဆံလာကြသည်။

အထူးသဖြင့် အာဆီယံ ၄ နိုင်ငံဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် အနောက်အုပ်စု၏ လွှမ်းမိုးမှုကို တန်ပြန်ချိန်ညှိသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော BRICS စီးပွားရေး မဟာမိတ်အဖွဲ့၏ မိတ်ဖက်နိုင်ငံများ ဖြစ်လာခဲ့သည်။

အချုပ်ဆိုပါက ဒေသတွင်း ချိတ်ဆက်မှုများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုများ ခိုင်မာနေသည့် အာဆီယံသည် ထရမ့်၏ လက်ထက်တွင် အမေရိကန်နှင့်တရုတ်အကြား ဟန်ချက်ညီညီ ချဉ်းကပ် ဆောင်ရွက် သွားရန် လိုအပ်ပေသည်။

Source: Bangkok Post