CNI International News

ဝါရှင်တန်၊ မေလ ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်း၏ အမျိုးသားလုံခြုံရေး ထိပ်တန်း လက်ထောက်တစ်ဦးကို အာဆီယံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်လိုက်ကြောင်း မေလ ၁၃ ရက်တွင် ကြေညာခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထိုသို့ ခန့်အပ်ခြင်းသည် ပစိဖိတ်ဒေသအတွက် ၎င်းအစိုးရ၏ ကတိကဝတ်ကို အလေးပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်တွင် အာဆီယံခေါင်းဆောင်များနှင့် အထူးအစည်းအဝေးနေ့၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် အာဆီယံအသင်းအတွက် အမေရိကန် ကိုယ်စားလှယ်အဖြစ် သံအမတ် တာဝန်ထမ်းဆောင်ရန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အရာရှိချုပ် ယိုဟန်နက်စ်အေဘရာဟင် (Yohannes Abraham) ကို ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘိုင်ဒန်က ကြေညာခဲ့သည်။

မကြာသေးမီ လများအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုကြောင့် ပစိဖိတ်ဒေသကို အာရုံစိုက်ရန်အတွက် ဘိုင်ဒန်၏ ကြိုးပမ်းမှုမှာ အတန်ငယ် တုံ့ဆိုင်းသွားခဲ့သည်။

အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်ခြင်းနှင့်အတူ အာရှတွင် ပိုမိုအာရုံစိုက်ရန်နှင့် ဒေသတွင်း တရုတ်နိုင်ငံ၏ အရှိန်အဝါ တိုးလာခြင်းကို တန်ပြန်ရန် အမေရိကန်၏ အခန်းကဏ္ဍ အားကောင်းလာစေဖို့ ဝါရှင်တန်၏ နိုင်ငံခြားရေးမူဝါဒကို သမ္မတ ဂျိုးဘိုင်ဒန်က ပြန်လည် သုံးသပ်နေခဲ့သည်။

အေဘရာဟင်ကို ဘိုင်ဒန်က ၎င်း၏အရင်းနှီးဆုံး အကြံပေးပုဂ္ဂိုလ် တစ်ဦးအဖြစ်လည်း ယခုအစည်းအဝေး၌ ပွဲထုတ်ခဲ့သည်။

 

အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခံရသူ ယိုဟန်နက်စ်အေဘရာဟင်(GETTY IMAGES)

“သူက ကျနော် ဘယ်လိုတွေးလဲ သိတဲ့အတွက်ကြောင့် သူ့ကို အခုလို ခန့်အပ်ဖို့ ကျနော် နည်းနည်း စိတ်ပူတယ်ဗျ။ သူက ကျနော့်အကြောင်း ကောင်းကောင်းသိတယ်လေ” ဟု ဘိုင်ဒန်က အေဘရာဟင် အကြောင်းကို အာဆီယံခေါင်းဆောင်များနှင့် အရွှန်းဖောက်ရင်း ပြောကြားခဲ့သည်။

“ဒါပေမယ့် ဟာသပြောတာပါ။ ခင်ဗျားတို့ သူနဲ့ ကောင်းကောင်း အလုပ်ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ သူက ကျနော့်ကို ပြန်ပြောပြလိမ့်မယ်။ ကျနော့်အစိုးရကို ခင်ဗျားတို့အကြောင်း ပြန်အစီရင်ခံပါလိမ့်မယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ယခု အေဘရာဟင်ကို သံအမတ်ခန့်အပ်မှု၌ အထက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်နေသေးသည်။

အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံနေသည့် အမေရိကန် ဒုတိယသမ္မတ(AP)

အမေရိကန်သည် အရှေ့တောင်အာရှဒေသ၏ ရာသီဥတု၊ ရေကြောင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက် အအုံများ အားကောင်းလာစေဖို့ စီမံကိန်း အသစ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ပေးအပ်ရန် အိမ်ဖြူတော် က ကတိပြုခဲ့ပြီးနောက် အာဆီယံအတွက် သီးသန့် သံအမတ်ခန့်အပ်ခြင်း ပေါ်ပေါက်လာခဲ့သည်။

မေလ ၁၃ ရက် အစောပိုင်းတွင် ဒုတိယသမ္မတ ကာမယ်လာဟားရစ်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး “အမေရိကန်နှင့် အာဆီယံတို့သည် ဤဒေသအတွက် မျှော်မှန်းချက် တူညီကြပြီး နိုင်ငံတကာ စည်းမျည်းစည်းကမ်း၊ စံချိန် စံညွှန်းများအပေါ် ခြိမ်းခြောက်မှုများကို အတူတကွ လက်တွဲကာကွယ်သွားမည်ဖြစ်ကြောင်း” အလေးပေး ပြောကြားခဲ့သည်။

Source: AP