CNI International News

အန်ကာရာ၊ မေလ ၁၄

ဖင်လန်နှင့်ဆွီဒင်တို့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)ထဲ ဝင်ရေးမှာ မိမိနိုင်ငံအတွက် အဆင်သင့် မဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က မေလ ၁၃ ရက်၌ ပြောကြားလိုက်ပြီး နေတိုးအဖွဲ့ဝင် တူရကီအနေဖြင့် အနောက်နိုင်ငံများ၏ စစ်ရေး မဟာမိတ်ကဏ္ဍ၌ ဗီတိုအာဏာသုံးရန် လှုံ့ဆော်လာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

“ဖင်လန်တို့၊ ဆွီဒင်တို့နဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေကို ကျနော်တို့ လိုက်ကြည့်နေပါတယ်။ ဒါပေမယ့် အကောင်းမြင်တဲ့ သဘောမျိုး မတွေ့ရပါဘူး” ဟု အာဒိုဂန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆွီဒင်နှင့် အခြား စကင်ဒီနေးဗီယား ကျွန်းဆွယ်ရှိ နိုင်ငံများ၏ ထောက်ခံချက်ဖြင့် လှုပ်ရှားနေကြသည့် ကာ့ဒ်စစ်သွေးကြွများ၊ တူရကီက အကြမ်းဖက် သမားများဟု မှတ်ယူထားသူများကို ထောက်ပြလျက် တူရကီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်၌ ဂရိနိုင်ငံကို နေတိုး၏ စစ်တောင်ပံ ဖြန့်ကြက်မှုအဖြစ် ပြန်လည်လက်ခံရန် သဘောတူခဲ့သည့် အချိန်လိုမျိုး အတိတ်အမှားမျိုးကို တူရကီ ထပ်မလုပ်လိုတော့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုစဉ်က နေတိုး၏ ကျောထောက်နောက်ခံဖြင့် ဂရိကို တူရကီဆန့်ကျင်ရေး သဘောထား ချမှတ်ရန် ခွင့်ပြုခဲ့မှုမျိုး ရှိခဲ့ကြောင်း ၎င်းက ပြန်ပြောင်း သုံးသပ်ပြသည်။

သို့သော် အာဒိုဂန်သည် အဆိုပါ နော်ဒစ်နိုင်ငံနှစ်နိုင်ငံက နေတိုးထဲ ဝင်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ပိတ်ဆို့သွားမည်ဟုတော့ အတိအလင်း မပြောခဲ့ပေ။

ဖင်လန်နဲ့ဆွီဒင် ဝန်ကြီးချုပ် (GETTY IMAGES)

မည်သို့ပင် ဆိုစေကာမူ နေတိုးသည် အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိရာတွင် နောက်ထပ် မည်သည့်နိုင်ငံ ပါဝင်နိုင်ကြောင်း ကိစ္စမျိုး၌ ဗီတိုအာဏာ သုံးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုဖြစ်စဉ်သည် ဖင်လန်နှင့်ဆွီဒင်တို့ကို စစ်ရေးအရ ဟန်ချက်မညီသည့် အစဉ်အလာများ ပြန်လည် သုံးသပ်မိစေရန် တွန်းအားပေးခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှားက ယူကရိန်းပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်ပြီးနောက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက် ဖင်လန်နှင့်ဆွီဒင်ပြည်သူများ စိတ်အားထက်သန်လာခဲ့ကြသည်။

အဆိုပါ လမ်းကြောင်းသို့ ထိုနှစ်နိုင်ငံ ဆက်လျှောက်ပါက ရုရှားနိုင်ငံအတွက် ထိုးနှက်ချက်တစ်ရပ် ထပ်တိုးလာမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဆွီဒင်ဝန်ကြီးချုပ် မက်ဒယ်လီ နာအန်ဒါဆင်နှင့် ဖင်လန်သမ္မတ ဆော်လီနီနစ်စတိုတို့ကို မေလ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဘိုင်ဒန်သည် နေတိုး၏ တံခါးဖွင့် မူဝါဒနှင့် အနာဂတ် နိုင်ငံခြားရေးမူဝါဒ၊ လုံခြုံရေး အစီအစဉ်များ ဆုံးဖြတ်ပိုင်ခွင့်အတွက် ဖင်လန်နှင့်ဆွီဒင်တို့၏ အခွင့်အရေးကို အလေးပေး ထောက်ခံခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်အရ သိရသည်။

Source: AP