CNI International News

စတော့ဟုမ်း၊ မေလ ၂

ဖင်လန်နိုင်ငံသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်အဖြစ် လျှောက်ထားရန် သေချာသလောက်နီးပါး ရှိနေပြီဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒီ (Ann Linde) က ဆွီဒင်ရုပ်သံလိုင်းမှ မေလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဆွီဒင်နှင့် အရှေ့ဘက်အိမ်နီးချင်း ဖင်လန်တို့အပေါ် စစ်ရေးအရ ဘက်မလိုက်ခြင်းသည် အမျိုးသားလုံခြုံရေးအား အာမခံရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟူသော ယုံကြည်ချက်များအတွက် ပြန်လည် စဉ်းစား သုံးသပ်ရန် တွန်းအား ဖြစ်လာခဲ့သည်။

“သူတို့(ဖင်လန်)က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားမယ်ဆိုတာကို အနည်းနဲ့အများဆိုသလို သိကြပါတယ်။ ပြီးတော့ ဒေသတွင်း ဟန်ချက်တစ်ခုလုံး ပြောင်းလဲစေပါတယ်။ တကယ်လို့ ကျမတို့နိုင်ငံတွေ နေတိုးထဲ ထပ်ပါလာဦးမယ်ဆိုရင် တင်းမာမှုတွေ တိုးလာတော့မယ်ဆိုတာ ကျမတို့ သိပြီးသားပါ” ဟု အန်းလင်ဒီက SVT ရုပ်သံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုကို တွေ့ရစဉ်

“ဖင်လန်က နေတိုးအဖွဲ့ထဲ တကယ်ဝင်မယ်လို့ ထင်ပါသလား” မေးမြန်းခဲ့ရာတွင် လင်ဒီက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ သေချာပေါက် ပြောနိုင်ပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

ဆွီဒင်နှင့် ဖင်လန် နှစ်နိုင်ငံစလုံးသည် လာမည့် ရက်သတ္တပတ်များအတွင်း စစ်ရေးမဟာအဖွဲ့ တစ်ဖွဲ့ဖြစ်သော နေတိုးထဲ ပါဝင်ရန် ဆုံးဖြတ်ချက်ချမည်ဟု မျှော်လင့်ရကြောင်း ရိုက်တာသတင်းတွင် ဆက်လက် ရေးသားထားသည်။

ရုရှားကျူးကျော်မှု ယူကရိန်းပျက်စီးခြင်း

ဖင်လန်နှင့် ဆွီဒင်တို့သည် တစ်ချိန်တည်းတွင် အလားတူ ဆုံးဖြတ်ချက်များ ချနိုင်မည်ဟု မှန်းဆမိပါကြောင်း ဖင်လန် နိုင်ငံခြားရေးဝန်ကြီး ပက်ကာဟာဗစ်စတိုက ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့ပြီး ဖြစ်သည်။

Source: Reuters