CNI International News

ဘရပ်ဆဲလ်၊ ဇူလိုင် ၆

မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) မဟာမိတ်နိုင်ငံပေါင်း ၃၀ သည် ဆွီဒင်နှင့်ဖင်လန်တို့ အဖွဲ့ဝင်ဖြစ်လာရေး အတွက် ပါဝင်ခွင့်ဆိုင်ရာ သဘောတူညီချက်များကို ဇူလိုင် ၅ ရက်က အသီးသီး လက်မှတ်ရေးထိုးခဲ့ကြကြောင်း အေပီ သတင်းတစ်ပုဒ်၌ တွေ့ရသည်။

အသင်းဖွဲ့ စည်းမျဉ်းဥပဒေဆိုင်ရာ အတည်ပြုချက် ရယူရန်အတွက် အဆိုပါ နှစ်နိုင်ငံ၏ အဖွဲ့ဝင်ဖြစ်ရေး ကမ်းလှမ်းချက်ကို အဖွဲ့ဝင်ဖြစ်ပြီးသား မဟာမိတ် နိုင်ငံအသီးသီး၏ မြို့တော်များထံ ပေးခဲ့ရာတွင် တူရကီအစိုးရနှင့်တော့ နိုင်ငံရေးပြဿနာ ဖြစ်နိုင်ဖွယ်ရှိကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိမ်နီးချင်း ယူကရိန်းသို့ ကျူးကျော်ခဲ့၍ ရုရှားကို နေတိုးက မဟာဗျူဟာမြောက် အထီးကျန် ဆန်စေခဲ့ရာ၌ ယခုနေတိုး၏ အရွေ့သစ် တစ်ခုအားဖြင့် ရုရှား အထီးကျန်စေရေး ထပ်မံ တိုးမြှင့် လုပ်ဆောင် လိုက်ခြင်းလည်း ဖြစ်သည်။

“ဒါဟာ ဖင်လန်နဲ့ဆွီဒင် တို့နဲ့ပတ်သက်ပြီး ကျနော်တို့ နေတိုးအဖွဲ့အတွက် တကယ့်ကို သမိုင်းအခိုက်အတန့်ပါပဲ” ဟု နေတိုး အထွေထွေအတွင်းရေးမှူး ဂျန့်စ်စတိုလန်ဘတ်ချ်က ပြောကြားခဲ့သည်။

နေတိုးနိုင်ငံများမှ သံတမန်များနှင့် အမြဲတမ်း ကိုယ်စားလှယ် ၃၀ တို့သည် ပြီးခဲ့သည့် သီတင်းပတ်က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ တွင် ကျင်းပသော နေတိုး ထိပ်သီး အစည်းအဝေးတွင် တရားဝင် အတည်ပြု ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

ထိုအစည်းအဝေးသို့ နေတိုး ခေါင်းဆောင်များသည် ရုရှား၏ အိမ်နီးချင်း ဖင်လန်နှင့် စကင်ဒီနေးဗီးယား ကျွန်းဆယ်မှ ဆွီဒင်တို့ ကို ဖိတ်ကြား၍ တက်ရောက်စေခဲ့သည်။

သို့သော် မက်ဒရစ်မြို့ အစည်းအဝေးအတွင်း ဆွီဒင်နှင့်ဖင်လန်၊ တူရကီတို့သည် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနိုင် ခဲ့ကြသော်လည်း အဖွဲ့ဝင်ဟောင်းဖြစ်သော တူရကီနိုင်ငံတွင် ထိုအဖွဲ့ဝင်သစ် နှစ်နိုင်ငံ(ဆွီဒင်နဲ့ဖင်လန်)အတွက် တူရကီ လွှတ်တော်၏ အတည်ပြု ဆုံးဖြတ်ချက် ရရှိရေးမှာ ပြဿနာရှိနေဆဲ ဖြစ်သည်။

ဆွီဒင်နဲ့ဖင်လန် ကိုယ်စားလှယ်များကို နေတိုးအတွင်းရေးမှူးတို့ကိုတွေ့ရစဉ်(AP)

အကြမ်းဖက်ဟု မိမိတို့ သံသယရှိနေသူများကို လွှဲပြောင်းပေးရေးအတွက် တူရကီ၏ တောင်းဆိုချက်များအား မလိုက်လျောပါ က ဆွီဒင်နှင့်ဖင်လန်တို့ နေတိုးထဲဝင်ရေး လုပ်ငန်းစဉ် နှောင့်နှေးနိုင်ကြောင်း တူရကီသမ္မတ အာဒိုဂန်က သတိပေးခဲ့သည်။

တူရကီ အလိုရှိနေသူများမှာ တရားမဝင် ကာ့ဒ်သူပုန်အဖွဲ့များ (သို့မဟုတ်) တူရကီပြည်တွင်း မအောင်မြင်သော ၂၀၁၆ ခုနှစ် အာဏာသိမ်းမှုဟု စွပ်စွဲထားသော ပြည်ပရောက် ဘာသာရေးဆရာတစ်ဦး၏ ကွန်ရက်နှင့် ချိတ်ဆက်ထားမှုများ ဖြစ်ကြသည်။

သို့ဖြစ်၍ တူရကီ လွှတ်တော်အနေဖြင့် ဆွီဒင်နှင့်ဖင်လန်တို့နှင့် စပ်လျဉ်း၍ သဘောတူညီချက်ကို အတည်ပြုပေးရန် ငြင်းဆို နိုင်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပြီး ဖြစ်သည်။

နေတိုးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၀ ထံမှ တရားဝင် သဘောတူခွင့်ပြုချက် ယူရမည်ဖြစ်ပြီး နိုင်ငံကိုယ်စီ၌ တားဆီးပိုင်ခွင့် တစ်ခုစီ ရရှိထား၍ အာဒိုဂန်၏ ပြောကြားချက်သည် ပြင်းထန်သော ခြိမ်းခြောက်မှုလည်း ဖြစ်နေသည်။

နေတိုး အထွေထွေအတွင်းရေးမှူးချုပ် စတိုလန်ဘတ်ချ်ကတော့ ၎င်းအနေဖြင့် စိတ်အပြောင်းအလဲများ ရှိနေခြင်းအတွက် မျှော်လင့်မထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“လုံခြုံရေးအရ ကိုင်တွယ်ဖြေရှင်းစရာတွေ လိုအပ်တာ ရှိပါတယ်။ ပြီးတော့ နေတိုး ထုံးတမ်းစဉ်လာ အတိုင်းလည်း ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဘုံသဘောတူညီချက်ကိုလည်း တွေ့ရပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

Source: AP